
ယူကရိန်းဟာ ရုရှားနဲ့စစ်ပွဲကို အဆုံးသတ်ဖို့ ဆန္ဒရှိရမှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
အော်စလို ဆွေးနွေးပွဲအပြီးမှာ ယူကရိန်းနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ပေါ်ပေါက်လာမယ်လို့ မျှော်လင့်လား ဆိုတာနဲ့ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ် ရုရှားကိုသွားရောက်မဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ဘယ်လိုမျှော်လင့်လဲလို့ သတင်းထောက်က ဘဲဥပုံရုံးခန်းထဲမှာ မေးမြန်းမှုကို ထရမ့်ပ်က ပြန်လည်ဖြေကြားခဲ့တာပါ။
ထရမ့်ပ်က “ရုရှားဟာ ယူကရိန်းက နယ်မြေကြီးတခုကို သိမ်းထားသလို အားလုံးသိတဲ့အတိုင်း ရှေ့ဆက်ပြီး သိမ်းပိုက်မှုတွေ လုပ်နေပါတယ်။ ရုရှားက ဒါကို ပြီးအောင်လုပ်မယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမဲ့ ယူကရိန်းက စစ်ပွဲကို အဆုံးသတ်ဖို့ ဆန္ဒရှိရပါမယ်။ ဇလန်းစကီးက စစ်ပွဲ အဆုံးသတ်ချင်စိတ် ရှိရပါမယ်။ အဲလိုမှမဟုတ်ရင် အရမ်းဆိုးရွားတာတခု ဖြစ်လာမယ်လို့ ကျနော်ထင်တယ်” လို့ ပြောပါတယ်။
ထရမ့်ပ်ရဲ့ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်ဟာ နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ အင်္ဂါနေ့က ဆွေးနွေးခဲ့ပါတယ်။ ဝစ်ကော့ဖ်ဟာ ဇလန်းစကီးနဲ့ တွေ့ပြီးနောက် ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ထရမ့်ပ်က “ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ကျနော်တို့ ကြီးမားတဲ့ ပမာဏကို ပေးခဲ့ပါတယ်။ ဒီဇယ်ဈေး တက်တာကလွဲပြီး ကျနော်တို့ ဘာမှ ပြန်မရပါဘူး။ ဒေါ်လာ ဘီလီယံ ရာနဲ့ချီပြီး ပေးခဲ့တာက တခြားသူတွေထက် ပိုများပါတယ်။ ဘာအကျိုးမှ ပြန်မရပါဘူး။ အမေရိကန် အခွန်ထမ်းတွေလည်း ပင်ပန်းနေပါပြီ။ ဇလန်းစကီးက စစ်ပွဲကို ဖြေရှင်းစေချင်ပါတယ်။ သူ သဘောတူညီမှု လုပ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်က ဘဲဥပုံရုံးခန်းထဲမှာ ကျနော်တို့ ဆွေးနွေးကတည်းက သူသဘောတူညီမှု လုပ်နိုင်ပါတယ်” လို့ ထပ်မံပြောပါတယ်။
Source: Reuters











