DVB Logo
Home
မေးမြန်းခန်း
ထူးထူးကဲကဲ မြန်မာ့ရွှေဈေးကျတာ မတွေ့ဖူးဘူး
DVB
·
April 18, 2013
ထူးထူးကဲကဲ မြန်မာ့ရွှေဈေးကျတာ မတွေ့ဖူးဘူး
Donate to DVB

ကမ္ဘာ့ရွှေဈေးကျဆင်းသွားမှုကြောင့် ၁၀ နှစ်ပိုင်းအတွင်းမှာ မြန်မာ့ရွှေဈေး စံချိန်တင် ထိုးကျသွားခဲ့ပါတယ်။ အခုလို ရွှေဈေးကျပုံမျိုး တခါမှမကြုံဖူးဘူးလို့ အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးမော်က ပြောပါတယ်။

ဧပြီလ ၁၂ ရက် ရွှေဈေးကွက်ပိတ်ချိန်က ၁ ကျပ်သား ၇ သိန်း ၃ သောင်းကျော် ရှိခဲ့တဲ့ ရွှေဈေးဟာ ဧပြီလ ၁၈ ရက်  ဈေးကွက်ပြန်ဖွင့်ချိန်မှာ ၆ သိန်း ၆ သောင်းလောက်နဲ့ ဈေးဖွင့်ခဲ့တယ်လို့လဲ ပြောပါတယ်။

အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးမော်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

အခုလတ်တလော မြန်မာပြည်မှာ ရွှေဈေးတွေထိုးကျသွားတယ်လို့ သိရပါတယ်။ ဘယ်လောက်လောက်များ ကျသွားပါလဲ။

“ဒီကနေ့ မန္တလေးဈေးကွက်ကတော့ ၆ သိန်း ၆ သောင်းနဲ့ ၆ ထောင်လောက်က စဖြစ်တယ်။ အခုလောလောဆယ်တော့ ၆ သိန်း ၉ သောင်းနဲ့ ၁ ထောင်တန်းလောက်မှာ နည်းနည်း ရပ်သွားတယ်။ ဘယ်လောက်ကကျလာတာလဲဆိုတော့ ဒီနေ့ ရွှေလုပ်ငန်းရှင်များအသင်း(မန္တလေး)ကတော့ ဒီနေ့မှ စဖွင့်တာလေ။ ရန်ကုန်မှာတော့ မနေ့က ၆ သိန်းနဲ့ ၇ သောင်းတန်းလောက်ဖြစ်တယ် ကြားတယ်။”

ကျနော် ဆိုလိုတာက ဒီနေ့ ဈေးကွက်ဖွင့်ချိန်မှာ ၆ သိန်း ၉ သောင်းဆိုတော့ ဈေးကွက်မပိတ်ခင်က ဘယ်လောက်ဈေးရှိခဲ့တာလဲ။

“၁၃ ရက်နေ့မှာ ဈေးကွက်စပိတ်တာပေါ့။ မန္တလေးဈေးကွက်မှာ ၁၂ ရက်နေ့မှာကတော့ ၇ သိန်း ၃ သောင်းနဲ့ ၉ ထောင့် ၈ ရာ အမြင့်ဆုံးပဲ။ ၇ သိန်း ၃ သောင်းနဲ့ ၈ ထောင့် ၃ ရာ အနိမ့်ဆုံးပဲ။ ၄ သောင်းကျော်ကျော်လောက် ကျတာပေါ့။ ဒါပေမယ့် ဒီကြားထဲ ပိတ်ရက်တွေမှာလည်း ကမ္ဘာ့ဈေးကလည်း အနိမ့်ဆုံးထိကျပြီးတော့မှ အခု ပြန်တက်လာတာကိုး။”

ရွှေဈေးကျတာက ကမ္ဘာ့ဈေးကျလို့ မြန်မာ့ရွှေဈေးပါကျတာလား။ နည်းနည်းလောက် ရှင်းပြပေးပါ။

“ကမ္ဘာ့ရွှေဈေးကျလို့ မြန်မာ့ရွှေဈေးကျတာပါ။ မြန်မာ့ရွှေဈေးက ကမ္ဘာ့ရွှေဈေးမှာ တောက်လျှောက်တည်ပါတယ်။ ကမ္ဘာ့ရွှေဈေးကျရင် လိုက်ကျတယ်၊ တက်ရင် လိုက်တက်တယ်။ ကမ္ဘာ့ရွှေဈေး ဘာလို့ကျလဲဆိုတော့ ပိတ်ရက်တွေဆိုတော့ သတင်းလည်း မကြည့်မိဘူး။ ကြားတာကတော့ အမေရိကန်က လောလောဆယ် ကမ္ဘာ့ရွှေဈေးကို ၁၄၀၀ လောက်ထိ ဖြစ်အောင်လုပ်မယ်။ သူ့နိုင်ငံက ရွှေသတ္တုရင်းနှီးမြှုပ်နှံမှုလုပ်တာထက်စာရင် သတ္တုတွေရောင်းပြီး တခြားရင်းနှီးမြှုပ်နှံမှုလုပ်ရင် သူ့နိုင်ငံရဲ့ ဂျီဒီပီပိုရမယ်၊ အလုပ်လက်မဲ့ဦးရေလည်း လျော့သွားမယ်ပေါ့။ ဒါကြောင့် ရွှေဈေးချမယ်ဆိုပြီး အမေရိကန်က လွန်ခဲ့တဲ့ ၂-၃ ပတ်ကျော်လောက်ကတည်းက ပြောနေတယ်။ ဒါတွေနဲ့ ပတ်သက်မယ်လို့ ထင်တာပဲ။ သေချာတော့ သတင်းမသိဘူး။ အာရပ်ဈေးကွက်တွေမှာလည်း ရွှေ ၀ယ်လိုအား မရှိဘူးလို့ ကြေညာနေတယ်။ ငွေဈေး အတက်အကျတွေကလည်း ဒီတပတ်အတွင်း သိသိသာသာ ပြောင်းသွားတယ်။ နောက် ကမ္ဘာ့ဈေးကွက်တွေမှာလည်း သတ္တုဈေးကွက်တွေ သိသိသာသာ ကျတာတွေ့တယ်။”

အပြင်မှာ ကြားတာ ၁ ကျပ်သားကို ကျပ် ၈၀၀၀၀ လောက်ကျတယ်ပြောတယ်။ ဖြစ်နိုင်ပါ့မလား။ ဟုတ်ပါလား။

“၈ သောင်းလောက်ကျတယ်ဆိုတာက ခုနက ၇ သိန်း ၃ သောင်းကျော် ဒီတိုင်းပိတ်ထားတာကနေ ဒီဘက်မှာ ဈေးထဲ စဖြစ်တာက ၆ သိန်း ၆ သောင်း။ အဲတော့ ၇ သိန်း ၃ သောင်းနဲ့ ၆ သိန်း ၆ သောင်း အဲလိုတွက်ကြည့်ရမှာပေါ့။ Maximum- Minimum ကို ပြောတဲ့ သဘောပါ။ အဲလိုသဘောနဲ့ပြောမယ်ဆိုရင် အဲလောက်ပေါ့။ နောက် ကျသွားတဲ့ ကမ္ဘာ့ရွှေဈေးကလည်း၊ ၁၂ ရက်နေ့ မြန်မာ့ရွှေဈေးကွက် နောက်ဆုံးပိတ်သွားတဲ့ အချိန်က ကမ္ဘာ့ရွှေဈေးက ၁၅၆၄ ကနေ ၁၄၉၂ ထိ အနိမ့်ဆုံးကျသွားတာကိုး။ အဲတော့ ၁၅၀၀ ၀န်းကျင်ကနေ ၁၃၂၅ ထိ အနိမ့်ဆုံးကျလိုက်တော့ ဒီဘက်မှာတွက်ကြည့်ရင် သင်္ကြန် ၂-၃ ရက်အတွင်းမှာ ရွှေတအောင်စကို ဒေါ်လာ ၂၀၀ ၀န်းကျင်လောက် သွားကျတဲ့ သဘောပေါ့။”

ရွှေဈေးကျတော့ အရောင်းအ၀ယ် ဘယ်လိုနေပါလဲ။

“အရင်တုန်းက အမြင့်တန်းရောင်းတဲ့သူက ပြန်ဝယ်တာပေါ့။ ထူးထူးကဲကဲ ၀ယ်တာတော့ မရှိပါဘူး။”

အကျတန်းရောက်နေတဲ့ ရွှေဈေးက နောက်ရက်တွေရော ဘယ်လိုအခြေအနေရှိမယ်လို့ ခန့်မှန်းလို့ရမလဲ။ ဈေးပြန်တက်နိုင်လား။

“ကမ္ဘာ့ဈေးတက်ရင် ပြန်တက်မယ်။ ကမ္ဘာ့ဈေးပေါ်မူတည်တာပေါ့။ နောက် ဒေါ်လာငွေဈေးပေါ် မူတည်တယ်။ ကြုံဖူးတာက ကမ္ဘာ့ဈေးကျရင် ဒေါ်လာတက်သွားတာလေ။ ငွေဈေးပေါ်လည်း မူတည်တာပေါ့။ ဒီဘက်ရွှေတွက်တာက ကမ္ဘာ့ရွှေဈေး ၁ အောင်စပေါက်ဈေးကို ပြင်ပဒေါ်လာပေါက်ဈေးနဲ့ မြှောက်ပြီး ၁ ဒဿမ ၉၀၄၇ နဲ့ စားပြီး ဒီဘက်က ရွှေဈေးကို အကြမ်းဖျင်းခန့်မှန်းကြတာကိုး။”

လက်ရှိဖြစ်နေတဲ့ ရွှေဈေးက ဒီထက်ကျသွားရင် ဘာဖြစ်နိုင်လဲ ရွှေဈေးကွက်က။

“တက်တာပဲဖြစ်ဖြစ်၊ ကျတာပဲဖြစ်ဖြစ် ကျနော်တို့ဆီက တချို့လုပ်ငန်းသမားတွေကလည်း ငွေပိုကို ဘဏ်မှာမထားဘဲ ရွှေပဲဝယ်ထားတာများတယ်လေ။ ရွှေကို စုဆောင်းရေးအဖြစ်နဲ့ လုပ်ကြတာလည်း ရှိတာကို။ ကျသည်ဖြစ်စေ၊ တက်သည်ဖြစ်စေ အရောင်းအ၀ယ်ကတော့ ဈေးကွက်ရဲ့လောက အနေအထားအရတော့ အခြေအနေသိပ်များနေလို့ မရောင်းရဘူးဆိုတာလည်း မကြုံဖူးဘူး။ ပိုက်ဆံရှိပြီး ရွှေဝယ်ချင်တာ ၀ယ်လို့မရဘူးဆိုတာလည်း မကြုံဖူးဘူး။ အဲလို အရောင်းအ၀ယ် အကျပ်အတည်းတော့ မဖြစ်ဘူးထင်တယ်။”

ရွှေဈေးထူးထူးကဲကဲကျတာမျိုး ကျနော်တို့ဆီမှာ ကြုံဖူးလား။

“မကြုံဖူးပါဘူး။ ကျနော်တို့လည်း ရွှေလုပ်ငန်းနဲ့ပတ်သက်လို့ ရွှေလောကထဲမှာတော့ ၁၉၉၀ ခုနှစ် ၀န်းကျင်လောက်ကတည်းက မန္တလေးရွှေလောကထဲ ၀င်လုပ်လာတာပဲ။ ဒီလောက် ထူးထူးကဲကဲ မြန်မာ့ရွှေဈေး၊ ကမ္ဘာ့ရွှေဈေးကျတာ မတွေ့ဖူးဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013