DVB Logo
Home
မြန်မာသတင်း
Quarantine Center တွင် ကျေးရွာအုပ်ချုပ်ရေးမှူးအား ဓားဖြင့်ထိုးသူကို ထောင်ဒဏ် ၅ နှစ်ချမှတ်
DVB
·
May 2, 2020
Quarantine Center တွင် ကျေးရွာအုပ်ချုပ်ရေးမှူးအား ဓားဖြင့်ထိုးသူကို ထောင်ဒဏ် ၅ နှစ်ချမှတ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ တင်းတိန်ယံကျေးရွာက Quarantine Center မှာ ကျေးရွာအုပ်ချုပ်ရေးမှူးအား ဓားနဲ့ထိုးသူကို ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့ညဦးပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှုးကို ပြည်ပပြန်စောင့်ကြည့်ခံတဦးက ဓားနဲ့ထိုးမှု ဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ ကျော်ခိုင်ဆိုသူကို ကျွန်းလှမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၃၃/၃၂၆ တို့နဲ့ အမှုဖွင့်အရေးယူခဲ့ပြီး ဧပြီ ၃၀ ရက်နေ့မှာ ကျွန်းလှမြို့နယ် တရားရုံးက ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့တာပါ။

ဓားဒဏ်ရာ ရခဲ့သူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်စောက “ကပ်ရောဂါကာကွယ်ရေး လုပ်ကြတဲ့အချိန်မှာ အခုလိုဖြစ်တာဆိုတော့ စိတ်တော့မကောင်းပါဘူး။ သူတို့ကိုလည်း ခွဲခြားဆက်ဆံတာ မဟုတ်ဘူး။ သူတို့ပျော်အောင် ဝိုင်ဖိုင်တွေပါ တပ်ပေးထားတယ်။ အလှူခံပြီးတော့လည်း ကျွေးတယ်။ အခုအပြစ်ကျတာတော့ ထိုက်တန်တဲ့ အပြစ်ကျတာပေါ့လေ။ အမှုက ဒီထက်မကစွဲမယ်ဆိုရင် စွဲလို့ရပါတယ်" လို့ ပြောပါတယ်။

ကျေးရွာစာသင်ကျောင်းမှာ Community Base Facility Quarantine အဖြစ် ပြည်တွင်းပြန်၊ ပြည်ပပြန်နှင့် ကိုဗစ်ကာကွယ်ရေးကော်မတီဆိုပြီး အဆောင် ၃ ဆောင် ထားရှိပါတယ်။ 

အခင်းဖြစ်တဲ့နေ့က ပြစ်မှုကျူးလွန်သူ အဆောင်ကူးတာကို တားမြစ်တာကနေ ကျေးရွာအုပ်ချုပ်ရေးမှုး ဦးခင်မောင်စောမှာ လည်ပင်းမှာပြတ်ရှဒဏ်ရာမှာ ၉ ချက်၊ လက်မောင်းဒဏ်ရာမှာ ၂၁ ချက်ချုပ်လိုက်ရပြီး ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူခဲ့ရတာပါ။ 

လတ်တလောမှာ ရောဂါက သက်သာလာပြီဖြစ်သလို နိုင်ငံခြားပြန်သူတွေကလည်း ရှိနေသေးတဲ့အတွက် လုံခြုံရေးကိုသက်ဆိုင်ရာက ကူညီပေးဖို့လည်း လိုအပ်နေပါတယ်။

“လှူဒါန်းမယ့် စေတနာရှင်ရှာရတာကတမျိုး၊ လုံခြုံရေးအားနည်းတာက တမျိုးပေါ့။ ကျန်းမာရေးကတော့ နေ့စဉ် လာတိုင်းတယ်။ လုံခြုံရေးကတော့ အရန်မီးသတ်နဲ့ အဆင်ပြေသလို ဝိုင်းလုပ်ကြရတာပေါ့။ နောက်ထပ်လည်း နိုင်ငံခြားပြန်က ရှိသေးတယ်” လို့ ဦးခင်မောင်စောက ပြောပါတယ်။

လက်ရှိအနေနဲ့ တင်းတိန်ယံကျေးရွာက Quarantine Center မှာ ပြည်ပက ပြန်လာတဲ့ အမျိုးသမီး ၁ ဦး၊ အများသား ၈ ဦးတို့ ရှိနေပြီး မေလ ၁ ရက်နေ့ညမှာလည်း တရုတ်နိုင်ငံက ပြန်လာသူ ၃ ဦး ရောက်ဦးမှာဖြစ်ကာ နောက်ထပ်လည်း ထိုင်းက ပြန်လာမယ့်သူတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

ကိုဗစ်နဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းမှာ ပုဒ်မ ၁၄၄ ကို မလိုက်နာလို့ အရေးယူထားတာတွေအပြင် တခြားသော ပုဒ်မတွေနဲ့ အရေးယူထားတာတွေလည်း ရှိပါသေးတယ်။ 

မတ်လ ၂၈ ရက်နေ့ကစတင်ကာ ကိုဗစ်နဲ့ ပတ်သက်ပြီး ဒီနေ့အထိ ၁ လအတွင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ ၂၁ မှု၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ ၁ မှု၊ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး၊ အရေးပေါ်တုံ့ပြန်ရေးတွေ ဆောင်ရွက်နေသူကို ရန်ပြုတာ၊ ခြိမ်းခြောက်တာ၊ ဆဲဆိုတာ၊ ဟန့်တားနှောင့်ယှက်တာတွေကြောင့် ဆက်စပ်အနေနဲ့ အရေးယူထားတာ ၂၃ မှု ရှိပါတယ်။ ပုဒ်မ ၁၄၄ ကို မလိုက်နာလို့ အရေးယူတာကတော့ အနည်းဆုံး ၂၅ မှုထိရှိနေပါတယ်။ 

လက်ရှိအချိန်ထိ စစ်ကိုင်းတိုင်းမှာ ကိုဗစ်အတည်ပြုလူနာအနေနဲ့ ကလေးမြို့မှာ ၆ ဦး၊ စစ်ကိုင်းမြို့မှာ ၁ ဦး စုစုပေါင်း ၇ ဦးတွေ့ရှိထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013