DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်မြို့နယ် မြေဧက ၂၄၀ ကျော်တွင် သတ္တုထုတ်လုပ်ရန် တင်ပြထားမှု ဒေသခံများ ကန့်ကွက်
DVB
·
May 2, 2020
လွိုင်ကော်မြို့နယ် မြေဧက ၂၄၀ ကျော်တွင် သတ္တုထုတ်လုပ်ရန် တင်ပြထားမှု ဒေသခံများ ကန့်ကွက်
1 / 2
Donate to DVB

လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာအုပ်စုအတွင်းရှိ မြေဧက ၂၄၇ အပေါ်မှာ ဓနပြည့်ဝန်း ကုမ္ပဏီလီမိတက်က ခဲသတ္တုရောရာထုတ်လုပ်နိုင်ရေး ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုထားမှုနဲ့ ပတ်သက်ပြီး သေဒခံတွေက ကန့်ကွက်လိုက်ကြပါတယ်။

ဓနပြည့်ဝန်း ကုမ္ပဏီလီမိတက်အနေနဲ့ အဆိုပါဒေသမှာ ခဲသတ္တုတူးဖော်နိုင်ရေးအတွက် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ဒေသခံတချို့ဆီကနေ မြေနေရာဝယ်ယူမှုတွေ ရှိနေပေမယ့် အခု လျှောက်ထားတဲ့ ဧက များပြားနေတဲ့အတွက် ဒေသခံတောင်သူတွေ မေ ၁ ရက်နေ့က လက်မှတ်ထိုး ကန့်ကွက်ခဲ့ကြတယ်လို့ ကုန်းသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဒါနှေးလယ်က ပြောပါတယ်။

“အမှန်ကတော့ သူ ဝယ်ထားတဲ့အထဲမှာ ကျနော်တို့ အကြမ်းအားဖြင့် လေ့လာသလောက်တော့ ဧက ၄၀-၅၀ ဝန်းကျင်လောက်တော့ ရှိတာပေါ့။ အခုက သူ လျှောက်ထားတာက ဧက ၂၄၇၊ အရမ်းကျယ်ဝန်းနေတော့ အဲဒီထဲမှာက တောင်သူတွေက နှစ်စဉ် လုပ်စားတဲ့မြေတွေ ရှိသလို တချို့ကတော့လည်း လုပ်ရင်းနဲ့ လပ်ထားတဲ့ မြေကလည်း ပါတာပေါ့နော်။ ဆိုတော့ အဲဒီမှာက မြေလွတ်မြေလပ်တွေကတော့ မရှိဘူးပေါ့နော်။”

ကုန်းသာကျေးရွာအုပ်စုနဲ့ ကယန်းသာယာအုပ်စုက ဒေသခံတွေဟာ ဓနပြည့်ဝန်းကုမ္ပဏီက လျှောက်ထားတဲ့ ခဲသတ္တုတူးဖော်တဲ့စီမံကိန်းကို ကန့်ကွက်ကြောင်းနဲ့ သူတို့ဒေသမှာ မြေလွတ်မြေလပ်၊ မြေရိုင်းမရှိကြောင်း မေလ ၁ ရက်နေ့မှာပဲ ပိုစတာကမ်ပိန်းတွေလုပ်ပြီး ကျေးရွာအဝင်အထွက်နဲ့ လူစည်ကားရာနေရာတွေမှာ လိုက်ကပ်ခဲ့ကြပါတယ်။

ကုန်သာကျေးရွာအုပ်စု၊ ကွင်းအမှတ် (ကွင်းပြင်_ ဧရိယာ ၂၄၇ ဧကရှိ မြေလွတ်မြေလပ်နှင့် မြေရိုင်းကို ဦးဝင်းမင်းငြိမ်း (ကိုယ်စား) ဓနပြည့်ဝန်းကုမ္ပဏီလီမီတက်မှ ခဲသတ္တုရောရာ ထုတ်လုပ်နိုင်ရန် လုပ်ပိုင်ခွင့် လျှောက်ထားသဖြင့် အဆိုပါမြေကို လုပ်ပိုင်ခွင့်အသုံးပြုခွင့် မသင့်ကြောင်း ကန့်ကွက်လိုက မေလ ၁ ရက်နေ့ နောက်ဆုံးထား ကန်ကွက်နိုင်ကြောင်း အစိုးရက အများပြည်သူသိရန် ကြေညာခဲ့ပါတယ်။

အဆိုပါကြေညာစာကို ကျေးရွာအုပ်ချုပ်ရေးမှူးဆီ ဧပြီ ၂၈ ရက်က ရောက်ရှိပြီး ဒေသခံတွေက အရေးပေါ်အနေနဲ့ ရှိတဲ့လူနဲ့စုပြီး ညှိနှိုင်းကန့်ကွက်ခဲ့ကြတာလို့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဒီစီမံကိန်းနဲ့ပတ်သက်ပြီး အစိုးရဘက်က လုပ်ဆောင်ချက်ဟာ ပွင့်လင်းမြင်သာမှုမရှိသလို ဒေသခံကျေးရွာအနေနဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းကမှ သိရပြီး မေလ ၁ ရက်နေ့ နောက်ဆုံးထား မကန့်ကွက်ရင် လျှောက်ထားသူကို ပေးမယ်ဆိုတဲ့ အစိုးရဘက်က ထုတ်ပြန်တာဟာလည်း ဥပဒေနဲ့မညီညွတ်ဘူးလို့ ကရင်နီပြည် MaTa အဖွဲ့ရဲ့ တာဝန်ခံ ခွန်အန်ဂျလိုက ပြောပါတယ်။

“အမှန်ဆိုရင် သူ့မူအရဆိုရင် ၁ လ ကြိုတင်အကြောင်းကြားထားမယ်။ အဲဒီ ၁ လအပေါ်မှာ ဒေသခံတွေက ကန့်ကွက်ရင် ကန့်ကွက်ဖို့ အချိန်ရသွားမယ်။ အခုက ၁ လမဟုတ်ဘဲ ဒီရက်ပိုင်းနဲ့ပဲ သူက အပြတ်ဖြတ်သွားတာဆိုတော့ COVID-19 ကိုအကြောင်းပြပြီးမှ လူတွေ ရုတ်ရုတ်မဖြစ်အောင် သူတို့က ခိုးလုပ်တာပဲလို့ ကျနော်တို့ ခံယူထားတယ်။ ဒီလုပ်ရပ်အပေါ်မှာ ကျနော်တို့က လုံးဝကန့်ကွက်တယ်။ ဘာဖြစ်လဲဆိုတော့ ဒီအချိန်မှာ ပွင့်လင်းမြင်သာမှု ရှိရမယ့်အချိန်မှာ ဒီအစိုးရက ပွင့်လင်းမြင်သာမှုမရှိဘူး။ နောက်ပြီးမှ ကပ်ရောဂါကျရောက်နေတဲ့အချိန်မှာ အားလုံးရပ်နားဖို့သင့်နေတဲ့အချိန်မှာ ဘာဖြစ်လို့ သူတို့ ခိုးလုပ်လဲ။ နောက်ပြီး သတ္တုထုတ်တယ်ဆိုတာ လူထုအတွက်၊ ဒေသခံအတွက် ဘယ်လောက်များ အကျိုးအမြတ်ရမှာမို့လို့လဲ ကျနော်သိချင်တယ်။”

ဒါ့အအပြင် အဆိုပါ သတ္တုရောရာထုတ်နိုင်ရေး တောင်းဆိုထားတဲ့ မြေနေရာဟာ ကျေးရွာ ၃၀ ကျော် အမှီသဟဲပြုနေတဲ့ ရေထွက်ပေါက်တွေ ရှိသလို ဒေသခံတွေ တောင်ယာ လုပ်ကိုင်စားသောက်နေတဲ့ နေရာဖြစ်နေတယ်လို့လည်း ခွန်အန်ဂျလိုက ပြောပါတယ်။

“ဒီအုပ်စု နှစ်အုပ်စု သုံးအုပ်စု၊ ဒီဘက်ကဆိုရင် ကုန်သားအုပ်စု၊ ဟိုဘက်ကဆိုရင် နွားလဝိုးကျေးရွာ အုပ်စု၊ အထူးသဖြင့်က ကန်းသာယာကျေးရွာတွေပေါ့၊ နောက်ဖယ်ခုံမြို့နယ်။ ပြီးရင် ဒီတောင်တန်းကြီးက ဆက်နွှယ်နေတယ်။ ဒီတောင်တန်းပေါ်မှာ သူတို့ရဲ့ တောင်ယာတွေ ရှိတယ်၊ ရေထွက်ပေါက်တွေရှိတယ်၊ ဒီဘက်ကဆိုရင် နတ်သမီးတောင်ရေထွက်ပေါက်တွေ ရှိမယ်၊ ကယန်းသာယာရေထွက်ပေါက်တွေ ရှိမယ်။ ဆိုတော့ သတ္တတူးလာခဲ့ရင် ဒီရေထွက်ပေါက်တွေ လုံးဝခန်းခြောက်သွားမယ်။ အဲဒီဟာတွေကို ကျနော်တို့ စိုးရိမ်မှုအများကြီး ရှိတယ်။ ”

အဆိုပါ သတ္တုထုတ်လုပ်ဖို့ လျှောက်ထားတဲ့မြေနေရာတွေဟာ ဒေသခံတွေရဲ့ တောင်ရာလုပ် ကိုင်စားသောက်တဲ့ နေရာဖြစ်တဲ့အပြင် အနီးအနားကျေးရွာရဲ့ လယ်ယာမြေ ဧက ၈၀၀ လောက် ရေပေးနိုင်တဲ့ ရေထွက်ပေါက်ရှိတဲ့ နေရာဖြစ်ပါတယ်။

ပြင်ပရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်တဲ့ တရုတ်ကုမ္ပဏီနဲ့ ချိတ်ဆက်ဆောင်ရွက်တဲ့ Global South Industrial Co.ltd က လွို်ငကော် စက်မှုဇုန်အပိုင်း ၂ မှာ တရက် သတ္တုကုန်ချော တန် ၅၀၀၀ ထုတ်လုပ်နိုင်မယ့် သတ္တုသန့်စင်စက်ရုံတည်ဆောက်နေပါတယ်။

အဲဒီသတ္တုသန့်စင်စက်ရုံအတွက် လိုအပ်တဲ့သတ္တုတွေအတွက် ကယားပြည်နယ်တဝန်းက သတ္တုထွက်ရှိနိုင်တဲ့ မြေဧက သောင်းချီမှာ သတ္တုတူးဖော်နိုင်ရေး အစိုးရဆီ လျှောက်ထားမှုတွေ ရှိကြောင်းလည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013