DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ဘူးသီးတောင်မြို့နယ် ကံကော်မြိုင်ကျေးရွာသားများ ရွာလုံးကျွတ်ထွက်ပြေးနေရ
DVB
·
April 28, 2020
တိုက်ပွဲကြောင့် ဘူးသီးတောင်မြို့နယ် ကံကော်မြိုင်ကျေးရွာသားများ ရွာလုံးကျွတ်ထွက်ပြေးနေရ
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မေယုတောင်တန်းတွေမှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားနေလို့  ကံကော်မြိုင်ကျေးရွာရှိ ဒေသခံရွာသားတွေ ရွာလုံးကျွတ် စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။ 

ဧပြီ ၂၇ ရက် မွန်းလွဲ ၂ နာရီမှာ တပ်မတော်က ရဟတ်ယာဉ် ၂ စီးနဲ့ပါ လာရောက်ပစ်ခတ်တဲ့အပြင် ရွာအနီးတောင်တန်းပေါ်ကို ဘူးသီးတောင်မြို့ စခခ ၁၅က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတဲ့အတွက် ကံကော်မြိုင်ရွာသူ/သားတွေ ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ကံကော်မြိုင်ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိန်ဝင်း (ခ)မောင်ကြီးယေက ကပြောပါတယ်။

"မနေ့က နေ့လယ် ၂ နာရီလောက်မှာ မေယုတောင်ကြောထဲကို ရဟတ်ယာဉ် ၂ စီးနဲ့ လာပစ်တယ် ရွာနဲ့တော့ နည်းနည်းဝေးတယ်။ ညနေ ၃ နာရီကျော်အချိန်လောက်ထိ ပစ်ခဲ့တယ်။ အဆိုးဆုံးက ဘူးသီးတောင်တပ်မက လက်နက်ကြီးနဲ့ အဆက်မပြတ် လှမ်းပစ်နေတာ ပိုဆိုးပါတယ်။ ရွာအနီးတွေမှာထိလာကျတော့ ရွာသူ/သားတွေအကုန်လုံး မနေရဲတော့ဘဲ ညောင်ချောင်းကျေးရွာနဲ့ ဘူးသီးတောင်မြို့ပေါ်တွေကို ထွက်ပြေးသွားကြရပါတယ်။" 

ဧပြီလ ၂၆ ရက် မနက် ၁၀ နာရီကျော်မှာ ဘူးသီးတောင်မြို့နယ်၊ ကံကော်မြိုင်ကျေးရွာ အနီး မေယုတောင်တန်ပေါ်မှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားတာကြောင့် နေအိမ်မှ ဘုန်းတော်ကြီးကျောင်းသို့ထွက်ပြေးကြစဉ် သမီးဖြစ်သူရဲ့ ညာဘက် ပခုံးမှာကျည်စတခု ထိမှန်ခဲ့တယ်လို့  မိခင်ဖြစ်သူဒေါ်မတင်လှက ပြောပါတယ်။

“ဟိုတနေ့က နေ့လယ်ပိုင်းမှာ ရွာအနီးက မေယုတောင်တန်းထဲမှာ တိုက်ပွဲဖြစ်ကြတယ်။ ကျမတို့ အိမ်ခေါင်မိုးတွေ၊ နောက် ဘေးတွေကို အစတွေလာကျလို့ ဘုန်းကြီးကျောင်းကို ထွက်ပြေး ကြတဲ့အချိန်မှာ ကျည်စတခု ကျမသမီး ပခုံးကိုလာထိမှန်ပြီး ဒဏ်ရာရှိခဲ့ပါတယ်။ ဘူးသီးတောင် ဆေးရုံကိုသွားပြီး ဆေးကုသမူခံယူထားပါတယ်။ ဆရာဝန်ကတော့ စိုးရိမ်စရာမရှိဘူးလို့ ပြောပါတယ်။"  

ဒဏ်ရာရရှိသူကတော့ အသက်၁၃ နှစ်အရွယ်  ၆ တန်းကျောင်းသူ မဆန်းဆန်းစော ဖြစ်တယ်လို့သိရပါတယ်။ ကံကော်မြိုင်ကျေးရွာမှာ အိမ်ခြေ ၁၂၀ ကျော်နဲ့ လူဦးရေ စုစုပေါင်း ၄၀၀ ကျော်နေထိုင်ကြပါတယ်။

အဆိုပါတိုက်ပွဲ အခြေအနေနဲ့ပတ်သက်ပြီး တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့်  ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

တပ်မတော်နှင့် အေအေတို့ တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ်အတွင်း စစ်ဘေးရှောင်စုရပ် ၂၀ ကျော် ရှိပြီး ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်း ၃ ခုဖြစ်တဲ့ လမ်းမကျောင်းဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်း၊ ရန်အောင်မြေဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းနဲ့ မြတောင်ကျောင်း စစ်ဘေးရှောင်စခန်း စတဲ့ နေရာတွေမှာ စစ်ဘေးရှောင် ဦးရေ စုစုပေါင်း ၁၃၀၀၀ ကျော် နေထိုင်ပါတယ်။

သတင်း- လင်းလက်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013