DVB Logo
Home
မေးမြန်းခန်း
မြန်မာတပြည်လုံး မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင် – ဦးထွန်းလွင်
DVB
·
April 17, 2013
မြန်မာတပြည်လုံး မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင် – ဦးထွန်းလွင်
Donate to DVB

အခုရက်ပိုင်းအတွင်း မြန်မာတပြည်လုံးမှာ မိုးတိမ်တောင်တွေဖြစ်ပေါ်နိုင်ပြီး လေတိုက်ခြင်း၊ မိုးရွာခြင်းတွေ ဆက်လက်ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

အတက်နေ့မှာ မုံရွာ၊ မန္တလေးအပါအ၀င် အထက်မြန်မာပြည် မြို့အတော်များများမှာ လေတိုက်သွားတယ်။ ဒီနေ့ ပြည်မှာဆိုရင် အနီးအနားကရွာတွေမှာ အိမ်ခြေ ၂၀၀ ကျော်လောက် ပြိုလဲတယ်ကြားတယ်။ မနေ့ကဖြစ်တဲ့ ဖြစ်စဉ်က ဘာကြောင့်ဖြစ်တဲ့ မိုးလေ၀သထူးခြားဖြစ်စဉ်ပါလဲ။

[caption id="attachment_16891" align="alignright" width="240" caption="ဦး​ထွန်း​လွင်"][/caption]

“မိုးစနေ၊ လေရာဟုလေ မြန်မာစကားမှာ။ ဒါက ရာဟုထောင့်၊ အနောက်မြောက်ကလာတာ။ အိန္ဒိယအရှေ့မြောက်ကစတယ်၊ ဘင်္ဂလားဒေ့ရှ်ကိုဖြတ်တယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်း၊ ကချင်နဲ့ မြန်မာပြည် အနောက်မြောက်ပိုင်းတပိုင်းလုံးပေါ့။ အဲဒီကမှ အလယ်ပိုင်း၊ မြေလတ်ပိုင်းတို့ထိ ကူးလာတဲ့ မိုးလေ၀သ ဖြစ်စဉ်ပါပဲ။ အဲတော့ အနောက်မြောက်ဘက်က ၀င်လာတဲ့ မိုးလေ၀သဖြစ်စဉ်ဆိုတော့ သူ့ရဲ့မူလဇစ်မြစ်ကတော့ ဟိမ၀န္တာတောင်ခြေနဲ့ ဟိမ၀န္တာအနီးမှာ တိုက်နေတဲ့ လေအေးတွေက အောက်ဘက်ကို ဆင်းလာတဲ့အခါဖြစ်တဲ့ ဖြစ်စဉ်ပါပဲ။ ဒီနေ့၊ မနက်ဖြန်ဆို လေတိုက်တာ၊ မိုးသီးကြွေတာ၊ မိုးကြိုးပစ်တာတို့က မိုးတိမ်တောင်ကြောင့်ဖြစ်တာ။ မိုးတိမ်တောင်တွေက နောက် ၃-၄ ရက်ထိ ရှိဦးမယ့်သဘောရှိတယ်။ ဧရိယာကလည်း တော်တော်များများ ဖုံးလွှမ်းသွားလိမ့်မယ်။ မနက်ဖြန်နဲ့ သန်ဘက်ခါဆိုရင် မြန်မာနိုင်ငံအလယ်ပိုင်းလောက်ကလွဲရင် တပြည်လုံးလိုလို မိုးတိမ်တောင်တွေဖြစ်မယ်။ အဲတော့ ပထမတချက်က မိုးတိမ်တောင်ကြောင့်ဖြစ်တာ။ ဒုတိယတချက်က ဘာကြောင့်လဲဆိုရင် ဧပြီလ ၁၅ ရက်နေ့ကတည်းက မိုးကြိုကာလ၀င်သွားပြီ။ အကြိုနေ့ကတည်းက အောက်ဘက်မှာ မိုးတိမ်တောင်တွေဖြစ်လိုက်တာ ကျုံဒိုး၊ ကော့ကရိတ်မှာ မိုးကြိုးပစ်တာ လူ ၅ ယောက်သေတယ်။ မြန်မာပြည်မှာ ရာသီဥတုဝင်နေတာ အနောက်မြောက်တခု၊ အရှေ့တောင်တခုရှိတယ်။ အရှေ့တောင်က တောင်ပိုင်းကတက်တာ၊ အနောက်မြောက်က ဟိုးအပေါ်ဘက်ကဆင်းတာ။ ဖြစ်တတ်တဲ့ သဘာဝရှိတယ်။ သိပ်တော့ မဆန်းပါဘူး။ ဒါပေမယ့် နည်းနည်း ပိုအားကောင်းနေတယ်လို့ ပြောလို့ရတယ်။”

အခုအချိန်ကာလက မုတ်သုံဝင်မယ့် ရာသီပေါ့။ အဲဒီအချိန်ကာလမှာဖြစ်တတ်တဲ့ မိုးလေ၀သဖြစ်စဉ်တွေနဲ့ သတိပြု၊ သတိထားရမယ့် အချက်တွေ။

“အခုက မိုးကြိုခေါ်တယ်။ မိုးကြိုက မုတ်သုံမ၀င်မီကာလလေးပေါ့။ အရင်ကတော့ မိုးကြိုဆိုတာ ဧပြီ ၁၅ ကနေ မေ ၁၅ ၁ လလောက်ပဲ။ အခုက မုတ်သုံဝင်တာ နောက်ကျတော့ ဧပြီ ၁၅ ကနေ မေလကုန်လောက်ထိဆိုတော့ ၄၅ ရက်ဖြစ်သွားတယ်။ မိုးကြိုကာလဟာ တော်တော်လေး ဖောက်ပြန်ရာသီဥတုများပေးတတ်တယ်။ လွန်ကဲတဲ့ ဖြစ်ရပ်တွေဖြစ်တတ်တဲ့အထဲ ၂ ချက်ပေါ့။ တချက်က မိုးတိမ်တောင်တွေ အများအပြား ဖြစ်တတ်တယ်၊ နောက် မုန်တိုင်းဝင်တတ်တယ်၊ ဒီ ၂ ချက်က အရေးကြီးဆုံးပဲ။”

ဆရာပြောတဲ့ ၄၅ ရက်တာ ကာလအတွင်း အများပြည်သူ သတိထားဖို့တွေလည်း ပြောပြပေးပါ။

“၄ ခုလောက် သတိထားစေချင်တယ်။ တခုက မိုးတိမ်တောင်၊ မိုးတိမ်တောင်သဘာဝက မွန်းလွဲ ညနေပိုင်းတွေဖြစ်တယ်။ များသောအားဖြင့် ၃ နာရီနောက်ပိုင်း၊ ၄ နာရီ၊ ၄ နာရီခွဲ အများဆုံးဖြစ်တတ်တယ်။ မိုးတိမ်တောင်ဖြစ်ရင် လျှပ်စီးလက်တယ်၊ မိုးခြိမ်းတယ်၊ မိုးသီးကြွေတယ်၊ မိုးသက်လေပြင်းတိုက်တယ်၊ နေရာကွက် မိုးကြီးတယ်၊ လေဆင်နှာမောင်းတိုက်တယ်၊ စိုက်ဆင်းလေပြင်းတိုက်တယ်။ အားလုံးဟာ အပျက်အစီးရှိနိုင်တဲ့ ဖြစ်စဉ်တွေချည်းပဲ။ ဒုတိယက အပူချိန်တွေက ဒီအချိန်မှာ ဆက်ပြီးတက်နေတုန်းပဲ။ အပူချိန်မြင့်တက်မှုက သတိထားရမယ်။ မြန်မာပြည်တပြည်လုံး အပူချိန်တွေ ၄၀ ပတ်ဝန်းကျင်နားအကုန်ရောက်နေတယ်။ အလယ်ပိုင်းဆိုရင် ၄၂-၄၃ ထိတောင် ရောက်တယ်။ အပူချိန်မြင့်မားမှုကို ဂရုပြုဖို့လိုပါတယ်။ တတိယအချက်က မိုးကြိုကာလမှာ ဘင်္ဂလားပင်လယ်အော်ထဲကနေ မုတ်သုံရဲ့ ရှေ့ပြေးအဖြစ် လေတွေ ၀င်လာတဲ့အခါ ၀င်လာတဲ့လေထဲ ရေငွေ့ပါလာတယ်။ မြန်မာပြည်ကိုရောက်လာတဲ့ လေထဲ ရေငွေ့ ပါလာတော့ အောက်ကမြေပြင်ရဲ့ အပူနဲ့ လေထဲကရေငွေ့တွေဟာ မိုးလေ၀သဖြစ်စဉ်အရ ပူတယ်၊ ပွတယ်၊ ပေါ့တယ်။ ဒီဖြစ်စဉ်တွေနဲ့ အပေါ်တက်ပြီး အအေးဓာတ်ရပြီး အရည်ဖွဲ့တွေ တိမ်ဖြစ်တဲ့ကာလပါ။ အဲတိမ်တွေ မိုးအဖြစ်ရွာချရင် ဒါကောင်းတယ်။ အပူချိန်မမြင့်ပေမယ့် ရေငွေ့များ၊ တိမ်တွေဖြစ်၊ မိုးမရွာရင် လူတွေအပေါ်ခံစားရတဲ့ အပူချိန်တွေ အလွန်မြင့်သွားတတ်တယ်။ အဲဒါကို Heat Index လို့လည်းခေါ်တယ်။ မနှစ်ကဆိုရင် ရန်ကုန်မြို့မှာ အပူချိန်က ၃၆-၃၈ လောက်ပဲရှိတယ်။ ၃၈ ဒီဂရီစင်တီဂရိတ်က သိပ်ပူတယ်လို့တော့ ပြောလို့မရဘူး။ ဒါပေမယ့် ရေငွေ့က ၈၀ ရာနှုန်းရှိတယ်၊ တိမ်ရှိတယ်။ မိုးမရွာဘူး။ အဲနေ့ရဲ့ field temperature ကို တွက်ကြည့်တယ်။ သူက တိုင်းလို့မရဘူး၊ တွက်ကြည့်ရတယ်။ တွက်တဲ့အခါ နေ့ရဲ့အပူချိန်ရယ်၊ ရေငွေ့အပူချိန်ရယ် ၂ ရပ်ပေါင်းလိုက်တော့ လူမှာခံစားရတဲ့ အပူချိန်က၊ မနှစ်က ဧပြီလ ၆ ရက်နေ့ကဆိုရင် freld temperature က ၆၂ ဒီဂရီ စင်တီဂရိတ်ရှိတယ်။ အဲဒါဆိုရင် Heat Stroke ရတာပါပဲ။ Heat Stroke ရရင် လေဖြတ်တယ်၊ ဦးနှောက်သွေးကြောပြတ်တယ်၊ အသက်အန္တရာယ်ရှိနိုင်တဲ့ အနေအထား။ အဲဒါတခုလည်း မုတ်သုံရာသီဥတုပြောင်းလဲမှုကြောင့် တွေ့ရတယ် ဆိုတဲ့ ၄၅ ရက်တာ ကာလအတွင်း မိုးတိမ်တောင်ရယ်၊ အပူချိန်မြင့်တက်မှုရယ်နဲ့ heat stroke ရယ်၊ မုတ်သုံမိုးကလည်းမရ၊ ခြောက်သွေ့တဲ့အချိန်အခါမှာရတဲ့ ဟိမ၀န္တာတောင်ခြေက လာတာ။ ရေခဲမြစ်တွေကလည်း ဟိမ၀န္တာတောင်ခြေ အလယ်နဲ့အရှေ့ပိုင်းမှာမရှိတော့ဘူး။ အဲတော့ ရေရှိရမှုအရင်းအမြစ်တွေ များတဲ့အတွက် ရေနည်းတဲ့အန္တရာယ်လည်း ဆိုးပါတယ်။ တခါတလေ မိုးရွာလိုက်တာလည်း အထောက်အကူတခုတော့ ရမယ်လို့ထင်တယ်။ မဟုတ်ရင် ရေပြဿနာက တော်တော်ဆိုးပါတယ်။ အပူရယ်၊ ရေရယ်၊ မိုးတိမ်တောင်ရယ် ဒီ ၄ ခုပေါ့။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013