DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံမှပြန်လာရန် စာရင်းပေးထားသည့် မြန်မာအလုပ်သမား ၅၃၀၀ ကျော်ရှိဟု သံအရာရှိပြော
DVB
·
April 27, 2020
ထိုင်းနိုင်ငံမှပြန်လာရန် စာရင်းပေးထားသည့် မြန်မာအလုပ်သမား ၅၃၀၀ ကျော်ရှိဟု သံအရာရှိပြော
Donate to DVB

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံပြန်ဖို့ အမည်စာရင်းပေးတဲ့ အလုပ်သမား ၅၃၀၀ ကျော်ရှိပြီလို့ မြန်မာအလုပ်သမား သံအရာရှိ ဦးဝေလင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ လာမယ့် မေလ ၁ ရက်နေ့က စပြီး မိမိနေရပ်ပြန်လိုတယ်ဆိုရင် တာဝန်ရှိသူတွေအနေနဲ့ လိုအပ်တာတွေ စီစဉ်ပေးနိုင်အောင် မြန်မာအလုပ်သမားသံအရာရှိရုံးမှာ အမည်စာရင်းကြိုတင် တင်သွင်းထားဖို့ ဘန်ကောက်အခြေစိုက် မြန်မာနိုင်ငံအလုပ်သမားသံအရာရှိရုံးက ၂၀၂၀ ဧပြီလ ၂၆ ရက်နေ့က ထုတ်ပြန်ကြေညာထားတာပါ။

ထိုင်းနိုင်ငံမှာ ကိုဗစ် ၁၉ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ အစိုးရက အရေးပေါ် အခြေအနေ ကြေညာပြီး ခရီးသွားလာမှုကန့်သတ်ထားသလို နယ်စပ်အဝင်ပေါက်တွေလည်း ပိတ်ထားလို့ မြန်မာလုပ်သားတွေ နေရပ်ပြန်လို့မရဘဲ ပိတ်မိနေတာပါ။ 

ဒါပေမယ့် ဒီဧပြီ ၃၀ ရက်နေ့နောက်ပိုင်း နယ်စပ်တံခါးတွေပြန်ဖွင့်ပေးတော့မှာဖြစ်လို့  နေရပ်ပြန်အလုပ်သမားတွေကို စနစ်တကျ စိစစ်လက်ခံနိုင်ရေး၊ ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်တဲ့ စခန်း (quarantine) တွေမှာ နေရာချထားပေးရေး၊ စခန်းမှာနေ ထိုင်စဉ် စားရေးသောက်ရေးကိစ္စ၊ ခရီးစဉ်ကိစ္စတွေ ကြိုတင်စီစဉ်ပေးနိုင်ဖို့ နေရပ်ပြန်လုပ်သားစာရင်းတွေ ကောက်ခံရတာလို့  သံအရာရှိ ဦးဝေလင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။ 

“ပြန်မယ့်လူစာရင်းကို အဓိကလိုချင်တာပါခင်ဗျ။ စာရင်းရမှသာလျှင် ကျနော်တို့က စီမံခန့်ခွဲ လို့ရမယ်လေ။ ၁ ရက်ကို ဘယ်လောက်ဝင်လာမလဲ၊ ဘယ် quarantine စခန်းတွေမှာ နေရာချ ထားမလဲ၊ ပြီးတော့ တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေကို ပြန်လွှဲတဲ့အခါမှာ လွယ်လင့်တကူ ဖြစ်နိုင်အောင်လို့ပါ။ ခန့်မှန်းစာရင်းပေါ့နော်၊ စာရင်းသွင်းတဲ့ခါမှာ လွယ်လွယ်ကူကူဖြစ်အောင် လုပ်ထားပေးပါတယ်။ မနေ့က ကြေညာချက်ထုတ်ပြီးတာနဲ့ ကနေ့ မနက်ထိ အမည်စာရင်းတင် လာတာ ၅၃၀၀ ကျော်ရှိသွားပြီ။”

နေရပ်ပြန်စာရင်းပေးသွင်းလိုသူတွေအနေနဲ့ အွန်လိုင်းပေါ်ကနေ အလုပ်သမားသံအရာရှိရုံး လင့်ခ် (   https://docs.google.com/forms/d/e/1FAIpQLSeEEoihOpUcyw_PVXAk-K7DwH3wiZiseO0hljMJliW7E7KBZw/viewform)  ထဲမှာ အမည်၊ နိုင်ငံကူးလက်မှတ်၊ အလုပ်သမားမှတ်ပုံတင် အမျိုးအစား၊ အလုပ်အကိုင်၊ ထိုင်းရှိနေရပ်လိပ်စာ၊ မြန်မာပြည်ကနေရပ်လိပ်စာ၊ မြန်မာပြည်ပြန်ဝင်မယ့်နေ့၊ ထိုင်းကိုပြန်လာမယ့်နေ့၊ ပြန်ရတဲ့အကြောင်းရင်း စတဲ့အချက်အလက်တွေ ဖြည့်စွက်ပေးရမှာ ဖြစ်ပါတယ်။ 

အွန်လိုင်းသုံးရတာ အဆင်မပြေတဲ့သူတွေအနေနဲ့ မြန်မာအလုပ်သမားသံအရာရှိ ဖုန်းနံပါတ် ၀၉၄၈၈၄၅၄၈၄/ ၀၉၉၀၅၉၂၃၅၂/ ၀၆၅၂၂၀၆၉၅၁/ ၀၆၅၂၂၀၆၉၅၂/ ၀၆၅၂၂၀၆၉၅၃ တွေဆီ ဆက်သွယ်အကြောင်းကြားနိုင်တယ်လို့ သံအရာရှိက ပြောပါတယ်။ 

နယ်စပ်ဝင်ပေါက်လို့ဆိုရာမှာ မဲဆောက်-မြဝတီ၊ မယ်ဆိုင်-တာချီလိတ်၊ ရနောင်း- ကော့သောင် စတဲ့ ဂိတ်တွေအားလုံးပါဝင်ကြောင်း၊ ဒါပေမယ့် အဝင်ထွက်ဂိတ်ဖွင့်မယ့်အချိန်နဲ့ ခရီးသွားလာခွင့်ပြုမယ့် ရက်တွေကတော့ သက်ဆိုင်ရာခရိုင်ပေါ် မူတည်တယ်လို့ ဆိုပါတယ်။

နယ်စပ်ကနေမပြန်ဘဲ ဘန်ကောက်သုဝဏဘုမိလေဆိပ်ကနေ ပြန်လာမယ်ဆိုရင်လည်း မြန်မာသံရုံးကို အကြောင်းကြားပြီး သံရုံးထောက်ခံစာယူရမှာဖြစ်ကြောင်း၊ မြန်မာအစိုးရက လေယာဉ်စီစဉ်ပေးမှာဖြစ်ပေမယ့် လေယာဉ်လက်မှတ်ကို မိမိဖာသာဝယ်ရမှာဖြစ်ပြီး မိမိဖာသာကုန်ကျငွေပေးချေရမယ်လို့ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။  

အလုပ်သမားတွေဟာ မြန်မာပြည်ထဲကို ဝင်ရောက်လာရင် ကိုဗစ် ၁၉ ရောဂါကူးစက်မှုမှကာကွယ်ဖို့ မိမိအိမ်ကိုတန်းပြန်လို့မရသေးဘဲ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အရ သက်ဆိုင်ရာက စီစဉ်ပေးထားတဲ့ ကျန်းမာရေး စောင့်ကြည့်ရေးစခန်း (Quarantine) တွေမှာ ၂၁ ရက်တာ နေထိုင်ရမှာဖြစ်ပြီး အိမ်ပြန်ရင်လည်း နောက်ထပ် ၇ ရက် သီးခြားနေဖို့ မြန်မာသံရုံးက ထပ်လောင်း  နှိုးဆော်ထားပါတယ်။ 

ထိုင်းနိုင်ငံမှာ ကိုဗစ် ၁၉ ကူးစက်ကာလအတွင်း အစိုးရက အရေးပေါ်ကြေညာချက်၊ ကာဖျူးအမိန့်တွေ ထုတ်ပြီး ခရီးသွားလာတာ၊ လူစုလူဝေးနေထိုင်တာ၊ အိမ်ပြင်ထွက်တာ၊ အများပြည်သူဆိုင်ရာ နေရာဌာနတွေ ပိတ်ပင်ထားတာကြောင့် ထိုင်းမှာ သန်းနဲ့ချီတဲ့လူတွေ အလုပ်လက်မဲ့ဖြစ်နေရသလို မြန်မာအလုပ်သမားတွေလည်း အလုပ်လက်မဲ့ဘဝ ရောက်နေရလို့ နေရပ်ပြန်ချင်နေကြတာပါ။ 

အလုပ်လက်မဲ့ဖြစ်နေရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် အလုပ်သမား သံအရာရှိရုံးက လူမှုဖူလှုံရေးအာမခံကြေးရအောင် လိုက်လံဆောင်ရွက်ပေးနေသလို ဒေသထဲက အလုပ်သမား ကူညီရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အခြေခံစားနပ်ရိက္ခာတွေ လိုက်လံ ဝေငှပေးနေတယ်လို့ ဆိုပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013