
စပိန်နိုင်ငံအလယ်ပိုင်း တလေးဒိုးပြည်နယ်၊ အာရ်ဒါ ဘူတာအနီးမှာ အမြန်ရထား ၂ စင်း တိုက်မိမှု ကြောင့် လူ ၆၉ ယောက်အထိ သေဆုံးခဲ့ရပြီးနောက် မြို့တော် မက်ဒရစ်နဲ့ တောင်ပိုင်းဒေသ အန်ဒါလူစီယာကြား မီးရထားပြေးဆွဲမှုတွေကို ရပ်ဆိုင်းလိုက်ပါတယ်။
နိုင်ငံရဲ့ အစည်ကားဆုံး မီးရထားဘူတာကြီးဖြစ်တဲ့ မက်ဒရစ်က အာတိုချာ ဘူတာမှာလည်း ခရီးစဉ် အများအပြား ဖျက်သိမ်းခဲ့ရသလို ခရီးသည် အရေအတွက်လည်း အများကြီး ကျဆင်းသွား ခဲ့ပါတယ်။
ဒီမတော်တဆမှုဟာ အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းက ခရီးသည် ၃၇၈ ယောက် တင်ဆောင် လာတဲ့ စပိန်အစိုးရပိုင် ရန်ဖှဲ မီးရထားကုမ္ပဏီရဲ့ အမြန်ရထား အေဗီအီး ရထားတစင်းဟာ ရပ်တန့် နေတဲ့ ခရီးသည် ၁၄၇ ယောက်ပါ အီရီယိုရထားရဲ့ အနောက်ဘက်ကို ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ပျက်စီးနေတဲ့ ရထားတွဲတွေနဲ့ စောင်းမှောက်နေတဲ့ ရထားတွဲကို ဝန်ချီစက်တွေ အသုံးပြုပြီး အသက်ရှင်ကျန်ရစ်သူတွေကို အသည်းအသန် ရှာဖွေနေကြပါတယ်။
ညဘက် ကယ်ဆယ်ရေးလုပ်ငန်းတွေအတွင်း အလောင်းအစိတ်အပိုင်းတွေကိုပါ ထပ်မံတွေ့ရှိခဲ့သလို ဆေးရုံမှာ နောက်ထပ်တယောက် ထပ်မံ အသက်ဆုံးရှုံးခဲ့ရတာကြောင့် သေဆုံးသူ စုစုပေါင်း ၆၉ ယောက်အထိ ရှိလာခဲ့တာဖြစ်ကြောင်း ကက်စတီယာ-လာ မန်ချာ ဒေသခေါင်းဆောင် အေမီလီယာနို ဂါစီယာ-ပါချ်က ပြောပါတယ်။
အခင်းဖြစ်ပွားရာကို သွားရောက်ခဲ့တဲ့ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က အာဏာပိုင်တွေ အနေနဲ့ နေ့ရောညပါ အလုပ်လုပ်နေကြတယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ်က သေဆုံး၊ ဒဏ်ရာရသူတွေကို အရေးပေါ် ကူညီရေး၊ မတော်တဆမှု ဖြစ်ရတဲ့ အကြောင်းအရင်းကို အသေးစိတ် စုံစမ်းဖော်ထုတ်ရေး၊ ထိခိုက်ခံစားရတဲ့ မိသားစုတွေအတွက် ဗဟိုအစိုးရက ထောက်ပံ့ရေးနဲ့ လျော်ကြေးပေးအပ်ရေး ဆိုတဲ့ အချက် ၃ ချက်နဲ့ ဆောင်ရွက် သွားမဲ့ အပြင် ရထားလမ်း လုံခြုံရေးစနစ်တွေကိုလည်း ပိုမိုမြှင့်တင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
ဒေသတွင်း ဆေးရုံတွေမှာ တက်ရောက်ခဲ့ရသူ အယောက် ၁၁၀ ထဲက အယောက် ၆၀ ဆေးရုံက ဆင်းသွားပြီဖြစ်ပြီး အယောက် ၅၀ ဆက်လက် ဆေးရုံတက်နေရဆဲ ဖြစ်ပါတယ်။
စိုးရိမ်ရသူ ၁၅ ယောက်ထဲက အဆိုးရွားဆုံး ခံစားနေရတဲ့ ၄ ယောက်မှာ သက်သာကောင်းမွန်လာတဲ့ လက္ခဏာတွေ ပြသနေတာကြောင့် အသက်အန္တရာယ်အတွက် မျှော်လင့်ချက် ပိုမို ရှိလာခဲ့ပါတယ်။
မီးရထား ပြေးဆွဲသူတွေကတော့ လမ်းခရီး အခက်အခဲ ဖြစ်နေရတဲ့ ခရီးသည်တွေအတွက် အစားထိုး သယ်ယူပို့ဆောင်ရေး အစီအစဉ်တွေကို ညှိနှိုင်းဆောင်ရွက်ပေးနေပါတယ်။
ဒါဟာ ဇန်နဝါရီ ၁၈ ရက်က ကော်ဒိုဘာပြည်နယ်မှာ လူ ၄၆ ယောက် သေဆုံးခဲ့ရပြီးနောက်ပိုင်း စပိန်မှာ ဒီနှစ်အတွင်း ဒုတိယမြောက် လူအများအပြား သေဆုံးခဲ့ရတဲ့ အမြန်ရထား မတော်တဆမှု ဖြစ်ပါတယ်။
Source: Reuters











