DVB Logo
Home
ကျန်းမာရေး
COVID-19 အတွက် စမ်းသပ်ဆဲ ဆေးဝါးများ
DVB
·
April 25, 2020
COVID-19 အတွက် စမ်းသပ်ဆဲ ဆေးဝါးများ
Donate to DVB
COVID-19က ကူးစက်မှု မြန်ဆန်တဲ့ ကပ်ရောဂါ ဖြစ်နေတာကြောင့် တစ်ကမ္ဘာလုံးမှာရှိတဲ့ ဆေးပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေက ကာကွယ်ဆေးတွေ၊ ကုသနိုင်မယ့်ဆေးတွေကို အပူတပြင်း ဖော်ထုတ်နေကြပါတယ်။ ဒါပေမယ့် ဒီဗိုင်းရပ်စ်က အသစ်ဖြစ်နေတာကြောင့် ဖော်ထုတ်ရတာ အခက်အခဲရှိနေပါတယ်။ ဒါပေမယ့် အားလုံးက ကြိုးစားပြီး ထုတ်နေကြတာဆိုတော့ အရင်ကထက် မျှော်လင့်ချက်ပိုရှိလာတာပေါ့။ ဒီထဲမှာ တရားဝင် သုံးလို့မရသေးပေမယ့် လတ်တလောမှာ စမ်းသပ် ထားပြီး အောင်မြင်မှု အတော်အသင့်ရနေတဲ့ ဆေးတချို့အကြောင်း ပြောပြချင်ပါတယ်။ (၁) ဂျပန်တုပ်ကွေးဆေး Favipiravir ဒါမှမဟုတ် Avigan လို့ သိကြတဲ့ ဆေးဟာ ဂျပန်နိုင်ငံ Fujifilm Toyama Chemical က ထုတ်လုပ်ပြီး  သာမန်နဲ့ သိပ်မပြင်းထန်တဲ့ COVID-19လူနာတွေကို ကုသတဲ့နေရာမှာ အလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လက ဂျပန်မှာ COVID-19အတွက် စမ်းသပ် အသုံးပြုခဲ့ပါတယ်။ ဖော်ပြချက်တွေအရ ဝူဟန်နဲ့ Shenzhenက လူပေါင်း ၃၄၀ မှာ စမ်းသပ်ကုသခဲ့ရာ အန္တရာယ်နည်းပြီး ထိရောက်တယ်လို့ ဆိုပါတယ်။ ဒါကို တရားဝင်ဆေးအနေနဲ့ မဟုတ်ဘဲ စမ်းသပ် ကုသတဲ့ နေရာမှာ သုံးဖို့ ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။ (၂) Chloroquine and hydroxychloroquine ဒီဆေး ၂မျိုးက အစကတည်းက ငှက်ဖျား၊ အရေပြားလေးဖက်နာ၊ အဆစ်အမြစ်ရောင်တာတွေမှာ သုံးဖို့ တရားဝင် ခွင့်ပြုချက်ရပြီးသားပါ။ သုံးတာလည်း ကြာနေပါပြီ။ ခု COVID-19 ကိုရော ထိထိရောက်ရောက် ကုနိုင်မလားဆိုပြီး ကနဦး စမ်းသပ်ချက်တွေ လုပ်နေပါပြီ။ ၂၀၀၅ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဆားစ်ရောဂါတုန်းက ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်ကြည့်တဲ့ အဖြေအရ သူက ဆားစ်ရောဂါပိုးကို နှိမ်နင်းနိုင်တာ တွေ့ရပါတယ်။ ဒါကြောင့် ဆားစ်ရောဂါပိုးနဲ့ ပုံစံတူတဲ့ COVID-19ကိုများ ကုသပေးနိုင်မလားဆိုပြီး စမ်းသပ်ကြည့်ကြတာပါ။ တရုတ်၊ တောင်ကိုရီးယား၊ ပြင်သစ်နဲ့ အမေရိကန်နိုင်ငံက ဆရာဝန်တွေက COVID-19 လူနာတွေကို ဒီဆေးစမ်းသုံးကြည့်တဲ့အခါ အခြေအနေကောင်းတာကို တွေ့ရပါတယ်။ ဒါပေမယ့် သိပ္ပံနည်းကျ လေ့လာချက်တွေ ထပ်လုပ်ရဦးမှာပါ။ CDC အဆိုအရတော့ ရေရှည်မှာ အသုံးပြုဖို့ ဒီထက် ပိုတိကျတဲ့ ပိုများတဲ့ စမ်းသပ်ချက်တွေ လုပ်ရဦးမှာပါ။ ခုလတ်တလော သုံးနေတဲ့သူတွေကိုလည်း ကျောက်ကပ်မကောင်းတဲ့သူတွေ၊ နှလုံးခုန်မမှန်တဲ့သူတွေမှာ Chloroquineကို သတိထားသုံးဖို့ ပြောကြားထားပါတယ်။ (၃) Remdesivir ခုတလော နာမည်ကြီးနေတာက ဒီဆေးပါပဲ။ အရင်က အီဘိုလာရောဂါမှာ စမ်းသပ်ခဲ့တဲ့ ဒီဆေးက ခု COVID-19မှာ အဖြေတစ်ခု ဖြစ်လာမလားလို့ မျှော်လင့်နေကြပါတယ်။ ဒါ့ပြင် အရင်က ဆားစ်နဲ့ မားစ်ရောဂါတွေမှာ ဗိုင်းရပ်စ်ပွားတာကို တားဆီးနိုင်တယ်ဆိုတဲ့ အချက်တွေ ရှိထားပါတယ်။ ဖေဖော်ဝါရီက ဓာတ်ခွဲခန်းမှာ စမ်းသပ်ချက်အရ ကိုယ်ပြင်ပမှာ COVID-19ပိုးကို တားနိုင်တာ တွေ့ရပါတယ်။ လတ်တလောမှာတော့ FDAက အခြေအနေသိပ်ဆိုးတဲ့ လူနာတွေအတွက် သုံးရင် သုံးကြည့်ဖို့ ခွင့်ပြုထားပါတယ်။ University of Chicago Medicineမှာ ဆေးရုံတက်နေတဲ့ လူနာပေါင်း ၁၁၃ယောက်ကို နေ့စဉ်  ဆေးသွင်းပြီး ကုသပေးခဲ့တာ တော်တော်များများက သက်သာပြီး ၂ယောက်လောက်ပဲ အဖိတ်အစင်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီဆေးက အဖျားလည်း ကျပြီး COVID-19ရဲ့ တခြားလက္ခဏာတွေကိုလည်း သက်သာစေတဲ့အတွက် တော်တော်များများက တစ်ပတ်မပြည့်ခင်မှာပဲ ဆေးရုံက ဆင်းသွားကြတယ်လို့ဆိုပါတယ်။ ဒါပေမယ့် COVID-19မှာ စိတ်ချလက်ချ ကုနိုင်ဖို့ FDAရဲ့ ခွင့်ပြုချက်လည်း လိုပါသေးတယ်။ လက်ရှိမှာတော့ Remdesivirက Phase 3 လူပေါင်းများစွာနဲ့ စမ်းသပ်ပြီး ဆေးစွမ်းထက်ပုံ၊ ဘေးထွက်ဆိုးကျိုးတွေကို စောင့်ကြည့်တဲ့ အဆင့် ရောက်နေပါပြီ။ နောက်ထပ်အဆင့်တွေ တက်သွားရင်တော့ ဒီထက် ပိုများတဲ့လူတွေနဲ့ ပိုပြီး တိကျတဲ့ စမ်းသပ်ချက်တွေ လုပ်ရမှာပါ။ သူ့ပြဿနာကတော့ စံပြုအဖွဲ့ (control group)နဲ့ နှိုင်းပြီး စမ်းသပ်ထားတာမျိုး မရှိတာပါပဲ။ ဆိုလိုတာက COVID-19 ဖြစ်တဲ့သူတွေကို ၂ဖွဲ့ခွဲ တစ်ဖွဲ့ကို ဆေးပေး၊ တစ်ဖွဲ့ကို ဆေးမပေးဘဲ စောင့်ကြည့်ရမှာပါ။ ဒါမှ တကယ်ပဲ ဆေးကြောင့် ကောင်းသွားတာလား၊ တခြား အချက်တွေကြောင့် ကောင်းသွားတာလားဆိုတာကို ရှင်းရှင်းလင်းလင်း သိမှာပါ။ နောက်ဆုံးကတော့ မျောက်တွေမှာ စမ်းသပ်ထားတာပါ။ မျောက် ၁၂ ကောင်ကို ၆ကောင် တစ်အုပ်စုခွဲပြီး တစ်ဖွဲ့ကို ဆေးပေး၊ နောက်တစ်ဖွဲ့ကို ဘာမှ မပေးဘဲထားပါတယ်။ ဆေးပေးတဲ့ မျောက်တွေမှာ အဆုတ်ရောင်တာအပါအဝင် တခြား လက္ခဏာတွေပါ သက်သာလာတာကို တွေ့ရပါတယ်။ ဒါ့ပြင် သူတို့ရဲ့ အဆုတ်ထဲမှာ ဗိုင်းရပ်စ်ကောင်ရေနည်းသွားပြီး အဆုတ်ပျက်စီးတာလည်း သက်သာတယ်လို့ ဆိုပါတယ်။ (၄) အခြားဆေးများ တခြား စမ်းသပ်ဆဲဆေးတွေကတော့
  • HIVမှာ သုံးတဲ့ဆေးတွေ ( lopinavir နဲ့ritonavir)- ထူးခြားတဲ့ ကောင်းကျိုးတော့ မတွေ့ရပါဘူး။ စောစောပေးရင် ထိရောက်မှုရှိနိုင်တယ်လို့တော့ ဆိုပါတယ်။
  • ခုခံအားထိန်းဆေးများ ( tocilizumab)- COVID-19က ခန္ဓာကိုယ်ရဲ့ ခုခံအားနဲ့ အပြင်းအထန်တိုက်ခိုက်တဲ့အတွက် လူမှာ ထိခိုက်မှု ပိုများလာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ခုခံအားကို ထိန်းညှိပေးတဲ့ ဆေးတွေကများ ရောဂါပိုမဆိုးအောင် တားပေးနိုင်မလားဆိုတာကို စမ်းသပ်နေကြပါတယ်။

ပြန်ချုပ်မယ်ဆိုရင် လတ်တလောမှာ COVID-19နဲ့ ပတ်သတ်လို့ အားလုံးက ကာကွယ်ဆေးတွေ၊ ကုသဆေးတွေကို အားသွန်ခွန်စိုက်ရှာနေကြပါတယ်။ ခုထက်ထိ တရားဝင်သုံးလို့ရတဲ့ ဆေး မရှိသေးပေမယ့်လည်း မျှော်လင့်ချက်တော့ ရှိလာနိုင်ပါတယ်။ ကာကွယ်ဆေး၊ ကုသဆေး မတွေ့ခင် စပ်ကြားမှာတော့ ရောဂါကူးစက်မှုကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို လိုက်နာပြီး မိမိကိုယ်ကို ကျန်းမာအောင် နေဖို့ အကြံပြုလိုပါတယ်။

ရေးသားသူ  ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013