
ထိုင်းနိုင်ငံအတွင်း တရားမဝင် နိုင်ငံခြားသား နှိမ်နင်းရေး စီမံချက် ၃ လတာအတွင်း မြန်မာနိုင်ငံသား ၁,၀၀၀ ဝန်းကျင် ဖမ်းဆီးခံခဲ့ရတဲ့အထဲမှာ တရားဝင် အထောက်အထား စာရွက်စာတမ်းတွေ ရှိနေသူလည်း ပါဝင်နေပြီး အရေအတွက် တိုးမြင့်လာနေပါတယ်။
ထိုင်းနိုင်ငံ တော်ဝင်ရဲတပ်ဖွဲ့ ရဲချုပ်ရဲ့ ညွှန်ကြားချက်ကြောင့် နိုင်ငံတဝန်း တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးရေး စီမံချက်အတွင်းမှာ တရားဝင်အထောက်အထားရှိတဲ့ မြန်မာအလုပ်သမားတွေပါ ဖမ်းဆီးစစ်ဆေးခံရတာတွေ ကြုံတွေ့နေရတာပါ။
အထောက်အထား ရှိနေပေမဲ့ ဖမ်းဆီးစစ်ဆေးခံရတဲ့သူတွေဟာ ကိုင်ဆောင်ထားတဲ့ အထောက်အထားပါ အလုပ်ရှင်အမည်၊ အလုပ်အကိုင် အမျိုးအစားနဲ့ အလုပ်လုပ်ကိုင်ရာ ဒေသလိပ်စာတွေ မတူညီတာတွေကြောင့် အဓိက ဖမ်းဆီးစစ်ဆေးခံနေရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ထိုင်းအမျိုးသားရေးဝါဒီတွေရဲ့ ဖိအားပေးမှုတွေကြောင့် အခုလိုအခြေအနေတွေနဲ့ ရင်ဆိုင်နေရတာလို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက DVB ကို ပြောပါတယ်။
“ထိုင်း လဝက (Immigration) နဲ့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့တွေ၊ ထိုင်းလုံခြုံရေးအဖွဲ့တွေရဲ့ သတင်းထုတ်ပြန်ချက်အရကတော့ ၁,၀၀၀ ဝန်းကျင်လောက် ရှိပါတယ်။ အဲဒါကတော့ စာရွက်စာတမ်း အထောက်အထားတွေနဲ့ရော၊ နောက် လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ မသင်္ကာခံရတာတွေရော၊ ၂၄ နာရီ ဧည့်စာရင်း မတိုင်တာရော၊ နောက် အခြားသော ထိုင်းနိုင်ငံရဲ့ မူးယစ်ဆေးတို့၊ ရာဇဝတ်မှုတို့ အဲဒါတွေ အားလုံးပေါင်းရုံးပြီး သတင်းထုတ်ပြန်တဲ့ သဘောပါပဲ။ အကုန်လုံး ပေါင်းရုံးရင်တော့ လူ ၁,၀၀၀ ဝန်းကျင်လောက်တော့ ရှိပါပြီ။ အချို့ကတော့ ရက်ပိုင်းနဲ့ပဲ ပြန်လွတ်ကြပါတယ်။”
ပြီးခဲ့တဲ့ ဖေဖော်ဝါရီကနေ မေလကုန်အထိ ၃ လကျော်ကာလအတွင်း ဖမ်းဆီးခံရသူ စုစုပေါင်း ၁,၀၀၀ ဝန်းကျင်ရှိနေပြီး ခရိုင်ကျော် ခရီးသွားလာရာမှာ ၂၄ နာရီအတွင်း ဧည့်စာရင်း မတိုင်ကြားမှုတွေကြောင့်လည်း ဖမ်းဆီးအရေးယူခံရမှုတွေ ပိုမိုများပြားလာနေပါတယ်။
အထောက်အထားမဲ့သူတွေကိုတော့ ထိုင်းအာဏာပိုင်တွေက နယ်စပ်ကတဆင့် မြန်မာနိုင်ငံဘက် ပြန်လည်ပို့ဆောင်ရာမှာ စစ်အာဏာရှင်ရဲ့ စစ်မှုထမ်းဥပဒေအောက် တိုက်ရိုက်ရောက်ရှိသွားမဲ့ ဘေးအန္တရာယ်တွေ ရှိနေပါတယ်။
ဒီအတွက်ကြောင့် ထိုင်းလူ့အခွင့်အရေးအဖွဲ့တွေနဲ့ ညှိနှိုင်းမှုတွေ ရှိနေပေမဲ့ လက်ရှိအချိန်ထိတော့ ဘေးကင်းတဲ့ လမ်းကြောင်းကနေ လွှဲပြောင်းပေးနိုင်တဲ့ အခင်းအကျင်းမျိုး မရှိသေးပါဘူး။
ဒါကြောင့် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ ညဉ့်နက်သန်းခေါင် မလိုအပ်ဘဲ အပြင်မထွက်ဖို့၊ မူးယစ်သောက်စား ဆူပူမှုတွေ ရှောင်ကြဉ်ဖို့နဲ့ မိမိပတ်ဝန်းကျင်၊ အလုပ်ရှင်တွေနဲ့ နားလည်မှုရယူကာ သတိကြီးစွာ နေထိုင်ကြဖို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက တိုက်တွန်းထားပါတယ်။
မြန်မာလုပ်သားအရေး ကူညီနေသူတယောက်က “ဒီပတ်ဝန်းကျင်နဲ့ နေထိုင်တဲ့အခါမှာ ပတ်ဝန်းကျင်နဲ့ တသားတည်းဖြစ်တဲ့ ပြုမူနေထိုင်မှုက ပိုပြီးတော့မှ အရေးကြီးတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကိုလည်း အကဲခတ် အရိပ်ကြည့်ပြီးတော့ မိမိအတွက်လည်း အန္တရာယ်မရှိဖို့၊ သူ့အတွက်လည်း အန္တရာယ်မရှိနေဘူးဆိုတဲ့ လူနေမှုပုံသဏ္ဌာန်တော့ ပြောင်းရမယ်နဲ့ တူတယ်။ အထူးသဖြင့် ထိုင်းတွေက ဒီနိုင်ငံတဝန်းလုံးကတော့ တနေရာနဲ့ တနေရာတော့ မတူဘူးပေါ့နော်။ ဒီ လူနေမှု ယဥ်ကျေးမှုပုံသဏ္ဌာန် ဒီထူးခြားတဲ့ ချင်းမိုင်ဘက်မှာတွေက အပြင်သွားလာတာတွေကအစ ဒီတခါ ပိုပြီးတော့ သတိထားရမှာပေါ့နော်” လို့ ပြောပါတယ်။
နိုင်ငံခြားသားတွေနဲ့ မြန်မာစစ်ဘေးရှောင် အများအပြား ခိုလှုံနေထိုင်တဲ့ မြောက်ပိုင်း ချင်းမိုင်ဒေသဘက်မှာ စစ်ဆေးမှုတွေ ပိုမိုတင်းကျပ်လာနေပြီး ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ နေထိုင်ရာ အိမ်ခန်းတွဲတွေထိပါ လိုက်လံစစ်ဆေးမှုတွေ ရှိနေတာပါ။
ဒါကြောင့် ထိုင်းရောက် မြန်မာလုပ်သားတွေအနေနဲ့ အပြင်သွားလာတဲ့အခါ မိမိတို့ရဲ့ ပတ်စ်ပို့၊ ဗီဇာသက်တမ်းနဲ့ အလုပ်သမားကတ် (Work Permit) မူရင်း သို့မဟုတ် အထောက်အထား မိတ္တူတွေကို အမြဲမပြတ် ဆောင်ထားကြဖို့ အလုပ်သမားအဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။
မောရစ်










