အိန္ဒိယက ပြန်ခေါ်ခဲ့သည့် ၃ လသားအရွယ် နှလုံးခွဲစိတ်ထားသည့် ကလေးငယ်သေဆုံး
DVB
·
April 23, 2020

အိန္ဒိယနိုင်ငံကနေ ပြန်ခေါ်ဆောင်ခဲ့သူတွေအထဲက အသက်သုံးလသားအရွယ် နှလုံးခွဲစိတ်ထားတဲ့ ကလေးငယ်ဟာ ဧပြီ ၂၂ ရက် ညပိုင်းက သေဆုံးသွားတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) မှ အတွင်းရေးမှူး ကိုစိုးမင်းဦးက ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာ ပညာသင်ကြားနေတဲ့ သံဃာတော်တွေ ၊ သီလရှင်ဆရာလေးတွေနဲ့ ဆေးကုသဖို့ရောက်ရှိနေတဲ့ လူပုဂ္ဂိုလ်တွေကို သီတဂူဆရာတော်ရဲ့ အစီအစဉ်နဲ့ စင်းလုံးငှား လေယာဉ်နှစ်စီးနဲ့ ဧပြီ ၂၂ ရက်ကမှ မြန်မာနိုင်ငံကို ပြန်လည် ခေါ်ဆောင်ခဲ့တာပါ။
ပြန်လာသူတွေအထဲမှာ နှလုံးခွဲစိတ်ထားတဲ့ သုံးလအရွယ် ကလေးငယ်တစ်ဦး ပါခဲ့ပြီး လေဆိပ်ကနေ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) က စစ်ကိုင်းဆေးရုံကြီးကို ပို့ဆောင်ခဲ့ပါတယ်။
“သုံးလသား ကလေးဆိုတော့ လေယာဉ်စီးတဲ့ ဒဏ်နဲ့ ရွှေ့ပြောင်းတဲ့ဒဏ်တွေ ပါတော့ မခံနိုင်ဖြစ်သွားတယ်”လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) မှ အတွင်းရေးမှူး ကိုစိုးမင်းဦး က ပြောပါတယ်။
ဆုံးသွားတဲ့ ကလေးငယ်ရဲ့ နှာခေါင်းတို့ဖတ်နမူနာကိုတော့ ဓာတ်ခွဲစစ်ဆေးဖို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
အိန္ဒိယမှာ ပိတ်မိနေလို့ ပြန်လည်ခေါ်ဆောင်ခဲ့သူတွေထဲမှာ သံဃာတော် ၂၁၀ ပါး၊ သီလရှင် ၆ ပါးနဲ့ လူပုဂ္ဂိုလ် ၄၂ ဦး တို့ပါဝင်ပြီး အပြည်ပြည်ဆိုင်ရာ သီတဂူဝိပဿနာတက္ကသိုလ်နဲ့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တို့မှာ ၂၁ ရက်ကြာ အသွားအလာကန့်သတ် ကျန်းမာရေးစောင့်သွားမှာဖြစ်ပါတယ်။
ဓာတ်ပုံ- MAI