Homeမြန်မာသတင်း
တပ်မတော်က တရားစွဲထားသည့် ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ကော့သောင်းတရားရုံးတွင် ၆ ကြိမ်မြောက် ရုံးထုတ်
တပ်မတော်က တရားစွဲထားသည့် ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ကော့သောင်းတရားရုံးတွင် ၆ ကြိမ်မြောက် ရုံးထုတ်
DVB
·
April 23, 2020

နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တပ်မတော်က တရားစွဲထားတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို တနင်္သာရီတိုင်း၊ ကော့သောင်းတရားရုံးမှာ ဧပြီလ ၂၂ ရက်က ၆ ကြိမ်မြောက် ရုံချိန်းအဖြစ်ရုံးထုတ် ရမန်ယူခဲ့ပါတယ်။
ဒီအမှုပတ်သက်ပြီး ထောင်ထဲကနေ အမှုရင်ဆိုင်နေရတာ ၅ လနီးပါးရောက်နေပေယ့် ခုချိန်အထိ အမှုမတည်ဆောက်ရသေးဘူးလို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောပါတယ်။
“ဒီကော့သောင်းထောင်ကိုရောက်နေတာ ၄ လ ခွဲလောက်ရှိပြီ၊ ဒီအမှုနဲ့ပတ်သက်လို့ ကျနော်ရဲ့အမှုတွဲဖြစ်တဲ့ ဦးစောဝေနဲ့ ဦးကြီးမြင့်တို့က ထားဝယ် တရားလွှတ်တော်ကို လျှောက်ထားတယ်လို့ ပြောတယ်။ ကျနော်စုံစမ်းသိရသလောက်က ထားဝယ် တရားလွှတ်တော်က ဦးစောဝေဆီကို တရားဝင်စာပို့ပြီးတော့ အမှုတည်ဆောက်ဖို့လုပ်ရမှာဖြစ်တယ်။ ၂ လကျော်တဲ့အထိ ဦးစောဝေဆီကို စာမရောက်သေးပါဘူး။ အမှုလုံးဝစတင်မတည်ဆောက်ရသေးပါဘူး။ အဖမ်းခံထားရတဲ့ ကျနော်ဒီအမှုနဲ့ ပတ်သက်ပြီး ၄ လကျော် ၅ လနီးပါးရောက်ပြီးတော့ ထောင်ထဲကနေ တရားရင်ဆိုင်နေရတဲ့ ကျနော်ဒီအမှုနဲ့ပတ်သက်ပြီးတော့ စတင် မတည်ဆောက်ရ သေးပါဘူးဆိုတဲ့ တရားစီရင်ရေးမဏ္ဍိုင်အကြောင်းကို နိုင်ငံတော်သမ္မတသိအောင်ပြောချင်တယ်”
ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ ကဗျာဆရာစောဝေနဲ့ ရှေ့နေဦးကြီးမြင့် တို့ကို ကော့သောင်းမှာပြုလုပ်တဲ့ ဖွဲ့စည်ပုံအခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲမှာ တပ်မတော်ကို ဂုဏ်သရေညိုးနွမ်းစေတဲ့ ပြောဆိုချက်တွေပါဝင်တာဖြစ်လို့ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တပ်မတော်က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
လာမယ့် ရုံးချိန်းကိုတော့ မေလ ၇ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။
သတင်း- လတ်ကိုကိုဦး