DVB Logo
Home
Lead Story
ကျမတို့ အတူရင်ဆိုင်ကျော်လွှားနိုင်ပါတယ်
DVB
·
April 22, 2020
ကျမတို့ အတူရင်ဆိုင်ကျော်လွှားနိုင်ပါတယ်
Donate to DVB

ထိုင်ဝမ်သား ကျွန်းသားတွေဟာ ကြံ့ကြံ့ခံနိုင်ကြပါတယ်။ ရာစုနှစ်ပေါင်းများစွာ ခက်ခဲပင်ပန်းမှုတွေက ကျမတို့ဘဝမှာ ဘယ်လိုအခြေအနေပဲ ကြုံကြုံ ရင်ဆိုင်နိုင်အောင်၊ ခံနိုင်ရည်ရှိအောင်၊ ရှင်သန်နိုင်အောင် သင်ကြားပေးခဲ့ပါတယ်။ ခက်ခဲတဲ့အချိန်တွေကို တနိုင်ငံလုံး ခံနိုင်ရည်အပြည့်နဲ့ ကျော်ဖြတ်နိုင်ခဲ့ကြပါတယ်။ ဒါကြောင့် COVID-19 ကူးစက်ရောဂါအချိန်ကိုလည်း ဒီလိုပဲ ဖြတ်သန်းခဲ့ကြပါတယ်။ ဗိုင်းရပ်စ်ဟာ အလွန်ကူးစက်လွယ်တာ၊ မူလဇာစ်မြစ်က ကျမတို့နဲ့ အလွန်နီးကပ်တယ်ဆိုပေမယ့် ကျမတို့ဟာ အကြီးအကျယ် ကူးစက်မယ့်ဘေးကို ကာကွယ်နိုင်ခဲ့ပါတယ်။ ဧပြီလ ၁၄ ရက်နေ့အထိ ကျမတို့ဆီမှာ ကိုဗစ်လူနာ အရေအတွက် ၄၀၀ အောက်မှာပဲ ရှိပါတယ်။

ဒီလိုအောင်မြင်မှုဟာ တိုက်ဆိုင်မှုသက်သက် မဟုတ်ပါဘူး။ ဆေးပညာဘက်က ပညာရှင်တွေ၊ အစိုးရ၊ ပုဂ္ဂလိကနဲ့ တနိုင်ငံလုံးက ပြည်သူတွေဟာ ခုခံစစ်မှာ သံချပ်ကာ တပ်မကြီးသဖွယ် ကာကွယ်ခဲ့ကြလို့ ဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်က ဆားစ်ရောဂါ ကူးစက်မှု သင်ခန်းစာက နာကြည်းစရာကောင်းပါတယ်။ ကျမတို့ ထိုင်ဝမ်မှာ လူအသက်ပေါင်း ဒါဇင်နဲ့ချီ ဆုံးရှုံးခဲ့ရလို့ သေရာပါမယ့် အမာရွတ် ရှိပါတယ်။ ဒါကြောင့် ကျမတို့ အစိုးရရော၊ ပြည်သူပါ အစောကြီးကတည်းက သတိကြီးကြီး ရှိနေကြပါတယ်။ ဒီဇင်ဘာလက တရုတ်ပြည်မကြီးထဲမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါအသစ်တမျိုးကို တွေ့ရှိရတယ် ဆိုကတည်းက ကျမတို့တွေဟာ ဝူဟန်မြို့က လာတဲ့ ခရီးသည်တွေကို စောင့်ကြည့်ခဲ့ပါတယ်။ ဇန်နဝါရီလမှာ ကူးစက်ရောဂါ ထိန်းချုပ်ရေးဗဟိုဌာနချုပ်ကို ဖွဲ့စည်းပြီး ကာကွယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပါတယ်။ ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်တွေ ထုတ်ပြန်တာနဲ့ ရောဂါကူးစက်နိုင်ခြေ မြင့်မားတဲ့ ခရီးသွားတွေကို ထိန်းချုပ်ကန့်သတ်ရေးဆိုင်ရာ စည်းကမ်းချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

ဇန်ဝါရီလ ၂၁ ရက်နေ့မှာ ထိုင်ဝမ်မှာ ပထမဆုံးလူနာကို စတင်တွေ့ရှိတဲ့အချိန်ကစလို့ ကျမတို့ဟာ လူနာတိုင်းရဲ့ ခရီးသွားရာဇဝင်၊ တွေ့ဆုံခဲ့တဲ့လူတွေကို ပိုက်စိပ်တိုက် ရှာဖွေ ဖော်ထုတ်ပါတယ်။ သူတို့တွေ တခြားလူတွေနဲ့ မတွေ့တော့ဘဲ သီးသန့်နေနိုင်အောင် အကူအညီပေးပါတယ်။ ဒါကြောင့်လည်း ကျမတို့ဟာ ပြည်သူလူထု အများကြီးကို ရောဂါ ထပ်မံကူးစက်မယ့် ဘေးကနေ ကာကွယ်နိုင်ခဲ့ပါတယ်။

ဒီလို မနားမနေ ကြိုးပမ်းတဲ့အပြင် ကျမတို့ ကျန်းမာရေးဝန်ကြီး Chen Shih-chung နဲ့ ကျမတို့ရဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ၊ ကျမတို့ရဲ့ သိမှု မြင့်မားတဲ့ ပြည်သူ ပြည်သားတွေဟာလည်း ကိုယ့်အပိုင်းနဲ့ကိုယ် တာဝန်ယူကြပါတယ်။ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေ၊ လက်လီစတိုးဆိုင်တွေ၊ အိမ်ရာတိုက်ခန်းတွေကလည်း ကိုယ်ပူချိန် တိုင်းတာပြီး စောင့်ကြည့်မှုတွေကို စတင်ဆောင်ရွက်ကြပါတယ်။ ဒီလို ဆောင်ရွက်တာကြောင့် အစိုးရက ဆောင်ရွက်နေတဲ့ အများပြည်သူကြားမှာ ကူးစက်ရောဂါ မပြန့်ပွားရေး လုပ်ငန်းတွေအပေါ်မှာ အထောက်အပံ့ ဖြစ်စေပါတယ်။

လူတွေ အထိတ်အလန့်နဲ့ ဝယ်ယူတာတွေ မဖြစ်ရအောင် အစောပိုင်းကတည်းက အစိုးရဟာ စျေးကွက်ထဲက အခြေခံစားသောက်ကုန် ရရှိနိုင်မှု အခြေအနေကို စောင့်ကြည့်ခဲ့သလို၊ ပါးစပ်နဲ့ နှာခေါင်းဖုံးတွေကိုလည်း ထုတ်လုပ်ဖြန့်ဖြူးတဲ့ တာဝန်ကိုပါ ယူခဲ့ပါတယ်။ ပုဂ္ဂလိကပိုင်းကလည်း လိုအပ်တဲ့ ကိရိယာတွေနဲ့ ဆေးဝါးဖြန့်ဖြူးတဲ့ကုမ္ပဏီတွေရဲ့ ပံ့ပိုးမှုနဲ့ စီးပွားရေးရာဝန်ကြီးဌာနဟာ ဆေးရုံသုံး ပါးစပ်နဲ့ နှာခေါင်းဖုံးတွေကို အဆတိုး ထုတ်လုပ်နိုင်အောင် စီစဉ်ပါတယ်။ 

နည်းပညာ ကျွမ်းကျင်သူတွေ၊ ဆေးဆိုင်တွေ၊ စတိုးဆိုင်တွေရဲ့ အကူအညီနဲ့ ပါးစပ်နဲ့ နှာခေါင်းဖုံးတွေကို ခွဲတမ်းစနစ်နဲ့ ဖြန့်ဖြူးနိုင်မယ့်စနစ်ကို တီထွင်ပါတယ်။ ဒီလို လုပ်လိုက်တဲ့အတွက် ပါးစပ်နဲ့ နှာခေါင်းဖုံးတွေ ဆေးရုံတွေရော၊ ပြည်သူလူထုကြားထဲမှာပါ လက်လှမ်းမီပြီး သင့်တင့်တဲ့ စျေးနှုန်းဖြစ်လာပါတယ်။ အစိုးရနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ ပူးပေါင်းထားတဲ့ “Team Taiwan” ရဲ့ အကူအညီကြောင့်လည်း ကူးစက်ရောဂါအခြေအနေကနေ အဆိုးရွားဆုံးနိုင်ငံတွေကို ကျမတို့ ကူညီပေးနေပါတယ်။

ထိုင်ဝမ်ရဲ့ ကျန်းမာရေးစနစ်ဟာ ကမ္ဘာမှာ အကောင်းဆုံးတွေထဲကတခုလို့ ပြောလို့ရပါတယ်။ သုတေသနအားကောင်းပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ အချက်အလက်တွေကို ပြည်သူလူထုကြားမှာရော နိုင်ငံတကာအဖွဲ့အစည်းတွေအတွက်ပါ မျှဝေပေးနေပါတယ်။ ထိုင်ဝမ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကိုယ့်နယ်နိမိတ်ထဲမှာ ထိထိရောက်ရောက် စီမံ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင်တော့ COVID-19 ဟာ လူသားထုတရပ်လုံး ရင်ဆိုင်နေရတဲ့ ကပ်ဘေးတခုဖြစ်ပြီး နိုင်ငံတွေအားလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ထိုင်ဝမ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကရော၊ ကုလသမဂ္ဂကပါ အရာမသွင်းတာဟာ မတရားဘူးဆိုပေမယ့် ထိုင်ဝမ်ကတော့ ကမ္ဘာကြီးနဲ့အတူ လက်တွဲပြီး ထုတ်လုပ်မှုတွေ၊ ဆေးဝါးတွေ၊ နည်းပညာလို နယ်ပယ်မျိုးတွေကို မြှင့်တင်ဆောင်ရွက်သွားဖို့ ဆန္ဒရော၊ လုပ်နိုင်စွမ်းရော ရှိပါတယ်။

ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းဟာ ကျမတို့နိုင်ငံတွေအချင်းချင်းကြားမှာ ဘယ်လောက်ထိ တွဲလက်မြဲမြံသလဲဆိုတာကို စမ်းသပ်မှု ဖြစ်ပါတယ်။ ကျမတို့ကို ရတဲ့နည်းနဲ့ ခွဲထုတ်ဖို့ အစွမ်းကုန် အားထုတ်နေပါတယ်။ ဒါကြောင့် အခုလိုကာလဟာ ကမ္ဘာမှာ ချိတ်ဆက်ထားသမျှ ကွန်ရက်တွေ အားလုံးကို အသုံးချရမယ့် အရေးအကြီးဆုံး အချိန်ပါပဲ။ ကျမတို့ကြားက မတူညီမှုတွေကို ဘေးဖယ်ထားပြီး လူသားအားလုံးရဲ့အကျိုးအတွက် လက်တွဲ အလုပ်လုပ်ရမယ့်အချိန် ဖြစ်ပါတယ်။ COVID-19 ကို တိုက်ခိုက်တဲ့နေရာမှာ တကမ္ဘာလုံးက ပြည်သူလူထုရဲ့ စုပေါင်းအင်အား လိုအပ်ပါတယ်။

ထိုင်ဝမ်ဟာ အခက်အခဲတွေနဲ့ ထုသားပေသား ကျနေပြီးသားပါ။ ကျမတို့ရဲ့ ခံနိုင်ရည်ဟာ အခက်ခဲဆုံးအချိန်မှာ ညီညီညွတ်ညွတ်နဲ့ အတူရင်ဆိုင်ကျော်လွှားမယ်ဆိုတဲ့ ဆန္ဒအပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ လူသားရဲ့ အကန့်အသတ်မဲ့တဲ့ စွမ်းအားဟာ ဘယ်လောက် ခက်ခဲတဲ့အခြေအနေကို ဖြစ်ဖြစ် အတူတကွ ကျော်လွှားနိုင်တယ်ဆိုတာကိုလည်း ထိုင်ဝမ်က ကမ္ဘာကြီးကို ပြောပြချင်ပါတယ်။ ထိုင်ဝမ်က ကူညီပေးနိုင်ပါတယ်။

ထိုင်ဝမ်သမ္မတ ဆိုင်းအင်ဝန် 

(TIME မဂ္ဂဇင်းတွင် ဖော်ပြထားသော ထိုင်ဝမ်သမ္မတ ဆိုင်းအင်ဝန်၏  How My Country Prevented a Major Outbreak of COVID-19  အက်ဆေးကို ဘာသာပြန်ဆို ဖော်ပြ ခြင်းဖြစ်ပါသည်။)

Credit- TIME

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013