DVB Logo
Home
မြန်မာသတင်း
သင်္ကြန်အတွင်း လုံခြုံရေး ပြည်သူများ ပူးပေါင်းကူညီကြရန် ရဲတပ်ဖွဲ့ ပြောကြား
DVB
·
April 11, 2013
သင်္ကြန်အတွင်း လုံခြုံရေး ပြည်သူများ ပူးပေါင်းကူညီကြရန် ရဲတပ်ဖွဲ့ ပြောကြား
Donate to DVB

အခုနှစ်သင်္ကြန်ကာလမှာ ရန်ကုန်တိုင်းအတွင်း လုံခြုံရေးကို အထူးကြပ်မတ် ဆောင်ရွက်နေပြီး ပြည်သူတွေ တဦးချင်းအသိနဲ့ အဓိက ပါဝင်ပူးပေါင်းကူညီကြဖို့ ရန်ကုန်တိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံး၊ ဒုတိုင်းတပ်ဖွဲ့မှူး၊ ဒုရဲမှူးကြီး သက်လွင်က ပြောကြားလိုက်ပါတယ်။

“ကြိုးစားပြီး လုပ်နေပါတယ်။ တနှစ်ထက်တနှစ် ယာဉ်တိုက်ခိုက်မှုတွေ မဖြစ်အောင်၊ အဓိက ပြည်သူတွေ ပါဝင်ဖို့ လိုတယ်။ အဓိက ဒေါသကို အခြေမခံဖို့။ ဒေါသကို အခြေခံရင်တော့ ပြဿနာက တခုပြီးတခု ဖြစ်တာပေါ့။ တရက်ကို လူ ၄-၅ သိန်းလောက် ပျော်ကြမှာဆိုတော့ ပြည်သူတွေရဲ့ တဦးချင်းအသိကို လုပ်ဆောင်ဖို့ လိုတယ်။ တဦးချင်းအသိနဲ့ လုံခြုံရေးနဲ့ စည်းကမ်းရှိဖို့ အဲဒါတွေ အရေးကြီးတယ်။”

[caption id="attachment_38380" align="alignleft" width="300" caption="ဒုရဲမှူးကြီး သက်လွင်"][/caption]

အားလုံးပူးပေါင်းဆောင်ရွက်ကြရင် ပိုပြီး လုံခြုံမှုရှိမှာ ဖြစ်သလို ပိုပြီးတော့လည်း အောင်မြင်မှာဖြစ်ကြောင်း၊ ထွက်ပေါ်နေတဲ့ ကောလာဟလတွေဟာလည်း ဖြစ်နိုင်ခြေမရှိဘူးလို့ ဒု-ရဲမှူးကြီးက ဆိုပါတယ်။

ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီးလည်း စီမံချက် အပိုင်း ၉ နဲ့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

“အပိုင်း ၉ ပိုင်းဆိုတာက မဏ္ဍပ်တွေ လုံခြုံရေး၊ မလုပ်မီလုံခြုံရေး အကုန်လုံးပေါ့။ လုံခြုံရေးကို စီမံချက်တွေနဲ့ ရေးပြီးလုပ်ထားတယ်။ နောက် ယာဉ်ကြောပိတ်ဆို့မှုတွေ ဘယ်လိုရှင်းမလဲ၊ ယာဉ်တိုက်မှုဖြစ်ရင် ယာဉ်တွေဆွဲထုတ်ဖို့ စက်တင်ယာဉ်တွေ၊ မတော်တဆဖြစ်မှုတွေများရင် အရေးပေါ်ကားတွေ၊ မီးဘေးလုံခြုံရေးအတွက် မီးသတ်ကား၊ ရေကန်တွေမှာလည်း အသက်ကယ်လှေတွေ အကုန်လုံး လုပ်ထားပါတယ်။”

သင်္ကြန်ကာလ ရန်ကုန်တိုင်းအတွင်း လုံခြုံရေးကို ရဲတပ်ဖွဲ့ဝင် အင်အား ၇၀၀၀ လောက်ရှိတဲ့အထဲက တ၀က်လောက်ကို အသုံးပြုသွားမယ်လို့ ပြောပါတယ်။

အခုနှစ်အတာသင်္ကြန်မှာ ရန်ကုန်မြို့တော်အတွင်း ရေကစားမဏ္ဍပ် ၃၇ ခုကို မြို့တော်စည်ပင်က ခွင့်ပြုထားတယ်လို့ သိရပါတယ်။

သင်္ကြန်အတွင်း ရေခဲထုပ်၊ ရေပူဖောင်းများ ပစ်ဖောက်ခြင်း၊ ရေဆိုး ရေပုပ်များဖြင့် ပက်ခြင်း၊ ဆပ်ပြာမှုန်ထည့်ပြီး ဂတ်စ်ဘူးများဖြင့် ပက်ခြင်း၊ ထိခိုက်အန္တရာယ်ရှိသည် ပစ္စည်းများ၊ အရည်များဖြင့် ပက်ခြင်းတွေ မပြုလုပ်ကြဖို့။ အများပြည်သူ ထိခိုက်စေတဲ့ ရိုင်းစိုင်းတဲ့အပြုအမူတွေ၊ မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ အပြုအမူ၊ အပြောအဆို၊ ၀တ်စားဆင်ယင်မှုတွေနဲ့ ကခုန်သီဆိုမှုတွေ၊ အုပ်စုဖွဲ့ ခိုက်ရန် ဖြစ်ပွားမှုတွေ မပြုလုပ်ကြဖို့၊ တုတ်၊ ဓား၊ လက်နက် အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ မကိုင်ဆောင်ကြဖို့ အစိုးရက သတိပေး ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒ့ါအပြင် သင်္ကြန်မဏ္ဍပ်တွေပေါ်မှာနဲ့ အနီးတ၀ိုက်မှာ အရက်၊ ဘီယာနဲ့ မူးယစ်ဆေးဝါး ရောင်းချ သုံးစွဲတာတွေ မပြုလုပ်ကြဖို့ သက်ဆိုင်ရာက နှိုးဆော်ထားပါတယ်။

ဒီအချက်အလက်တွေကို တိကျစွာ မလိုက်နာပါက မဟာသင်္ကြန်ကာလအတွင်း အထူးစီမံချက်အနေဖြင့် ဖွင့်လှစ်ထားတဲ့ တရားရုံးတွေမှာ ဥပဒေနဲ့ အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်လို့ ဆိုပါတယ်။

ဒါ့အပြင် ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့မှာ မြန်မာရိုးရာ အတာသင်္ကြန်ပွဲအတွင်း လုံခြုံရေးအခြေအနေအရ ရေကစားမဏ္ဍပ်တွေနဲ့ ကစားခွင့်မပြုတော့ဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013