DVB Logo
Home
မေးမြန်းခန်း
သမိုင်းကို ပြန်မစဉ်းစားရင် ပြုပြင်ပြောင်းလဲရေးက အောင်မြင်ဖို့ အများကြီးပိုခက်မယ်
DVB
·
April 10, 2013
သမိုင်းကို ပြန်မစဉ်းစားရင် ပြုပြင်ပြောင်းလဲရေးက အောင်မြင်ဖို့ အများကြီးပိုခက်မယ်
Donate to DVB

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဦးသန့်အထိမ်းအမှတ်ပြတိုက်ကို ဧပြီ ၆ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။ ဦးသန့်ပြတိုက် ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ဦးသန့်ရဲ့မြေး ဦးသန့်မြင့်ဦးကို ဦးတိုးဇော်လတ်က တွေ့ဆုံမေးမြန်းထားပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်အမှတ်တရပြတိုက်ကို ဘယ်လိုရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ရပါလဲ၊ ဒါဟာ ဘယ်သူတွေအတွက် ရည်ရွယ်လဲဆိုတာ ရှင်းပြပေးပါ။

[caption id="attachment_38344" align="alignright" width="300" caption="ဦးတိုးဇော်လတ်နှင့် ဦးသန့်မြင့်ဦး"][/caption]

“စဉ်းစားထားတာ ၁ နှစ်လောက်ရှိပါပြီ။ စပြီးလုပ်တာ ၆ လလောက်ရှိပါပြီ။ အခုမှ အိမ်တော့ ပြီးသွားပါပြီ။ ပြတိုက်ကတော့ ၃ လလောက်ကြာဦးမယ်ထင်တယ်။ အဓိက ရည်ရွယ်ချက်ကတော့ ခေတ်အမီဆုံး ပြတိုက်ရှိဖို့ပေါ့။ ဦးသန့်ရဲ့ဘ၀နဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်ပြတိုက်တွေ။ အထူးသဖြင့် နိုင်ငံခြားသားတွေအတွက်လည်း ပါတယ်။ အဓိက ပြချင်တဲ့ ပရိသတ်ကတော့ ကလေးတွေ၊ ကျောင်းသားတွေနဲ့ ဆယ်ကျော်သက် လူငယ်တွေအတွက်ပေါ့။ အများအားဖြင့်က ဦးသန့်ကို နာမည်တော့ ကြားဖူးနေလိမ့်မယ်။ ဒါပေမယ့် သူ့အကြောင်း သိပ်သိကြမှာမဟုတ်ဘူး။ ကုလသမဂ္ဂမှာ အလုပ်လုပ်ခဲ့တာတွေနဲ့ ဦးနုခေတ်တုန်းက လုပ်ခဲ့တာတွေကို သိပ်သိကြမှာမဟုတ်ဘူးလို့ ထင်တယ်။”

နိုင်ငံရေးအရ ပြန်လည်ရင်ကြားစေ့ရေးလုပ်ရာမှာ အတိတ်တုန်းကဖြစ်ရပ်တချို့လည်း ပြန် address လုပ်ရတယ်။ ဦးသန့်အရေးအခင်းလည်းဖြစ်ခဲ့တယ်။ ဒီအပေါ်မှာ ဦးသန့်မြေးတယောက်အနေနဲ့ ဘယ်လိုခံစားရလဲ။ ဘာတွေပြောလိုပါလဲ။

“နိုင်ငံရေးအရ ပြန်လည်ရင်ကြားစေ့ရေးအတွက် အရမ်းအရေးကြီးတဲ့ အချိန်ကာလလို့ခေါ်ရမယ်။ အရင်တုန်းကဆိုရင် ဦးသန့်အထိမ်းအမှတ်ပြတိုက်ဆိုရင် အစိုးရက လုံးဝခွင့်ပေးမှာမဟုတ်ဘူး။ ၁၉၇၄ ခုနှစ်တုန်းကဆိုရင် လူသိရှင်ကြား အသိအမှတ်ပြုတာမျိုး မလုပ်ခဲ့ဘူး။ အခုဆိုရင် အသိအမှတ်ပြုတဲ့အပြင် သမ္မတကတောင် ခွင့်ပြုထားတယ်။ ၀န်ကြီး ၃ ပါးလည်း တက်ရောက်ခဲ့တယ်။ တခြား နိုင်ငံရေးသမားတွေလည်း လာခဲ့တယ်ဆိုတော့ ဒါက အမျိုးသားရင်ကြားစေ့ရေးအတွက် အရေးကြီးတဲ့ အချိန်ကာလလို့ ပြောရမှာပါ။”

ရန်ကုန်အမွေအနှစ် ထိန်းသိမ်းရေးကော်မတီ (Yangon Heritage Trust) ကလည်း တခြား အခုလိုမျိုး အလားတူ ဘယ်လိုလုပ်ငန်းတွေ ဘယ်လိုဆောင်ရွက်ဖို့ရှိပါလဲ။

“တချို့က ရန်ကုန်အမွေအနှစ်ထိန်းသိမ်းရေးကော်မတီက ကိုလိုနီခေတ်က အဆောက်အအုံတွေအကြောင်းပဲလို့ ထင်နေတာ။ အမှန်က အဓိက ရည်ရွယ်ချက်က မြန်မာပြည်သမိုင်း၊ ရန်ကုန်သမိုင်းကို ပြန်ပြီးတော့ အထူးသဖြင့် လူငယ်တွေအတွက် ပြန်ဖော်ချင်တဲ့သဘော။ ပြန်ထုတ်ဖော်ပြသချင်တာပါ။ ဦးသန့်အပါအ၀င် တခြားလူကြီးတွေ၊ နှစ် ၁၀၀ အတွင်း ရှိခဲ့တဲ့ မြန်မာအမျိုးသားနဲ့ အမျိုးသမီးတွေ၊ ရန်ကုန်မှာနေခဲ့တဲ့ နိုင်ငံခြားသားတွေလည်းပါမယ်လေ။ သူတို့ရဲ့ သမိုင်းတွေကို ပြန်သုတေသန လုပ်ချင်တယ်။ ပြန်အသိအမှတ်ပြုချင်တယ်။ နောက် ၁-၂ ပတ်လောက်ဆို စတော့မယ့် စီမံကိန်းတခုက တခြား တိုကျို၊ လန်ဒန်၊ ပဲရစ်တို့မှာရှိသလို အဆောက်အဦတချို့မှာ plaque (ကမ္ဗည်းထိုးကျောက်ပြား) တွေ ကပ်ပြီးတော့ အဲအဆောက်အဦမှာ ဘယ်သူနေခဲ့တယ်၊ ဘယ်စာရေးဆရာ၊ ဘယ်နိုင်ငံရေးသမားနေခဲ့ပါတယ်ဆိုပြီး ကပ်မယ်။ ကျနော်တို့ရဲ့ သမိုင်းကြောင်းဆိုင်ရာတွေကို နည်းနည်းလေး ပြန်လည် reveal လုပ်တာပေါ့။ အဲလို စီမံကိန်းတွေ အများကြီးရှိပါတယ်။ ရန်ကုန်အမွေအနှစ်ထိန်းသိမ်းရေးကော်မတီက အစိုးရနဲ့ပူးပေါင်းပြီး နယ်မြေသတ်မှတ် ဥပဒေတို့ တခြားပေါ်လစီတွေ ပြင်ဖို့၊ ပေါ်လစီ၊ ဥပဒေသစ်တွေလုပ်ဖို့ နိုင်ငံခြားကျွမ်းကျင်ပညာရှင်တွေနဲ့ ပေါင်းပြီး အကူအညီပေးနေတယ်။ နောက်တခုက အဆောက်အဦစီမံကိန်းတွေကို မျှော်လင့်တာက ဒီနှစ်မကုန်ခင် ၃-၄ ခုလောက် ပြန်စချင်တယ်။ တချို့ကတော့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ပေါင်းပြီး တချို့အဆောက်အဦတွေကောင်းအောင်ဖြစ်ဖို့ စီမံကိန်းတွေလည်းရှိမယ်။ နောက် ဆင်းရဲသားတွေနေတဲ့ အဆောက်အဦတွေလည်း ကူညီပေးဖို့ စီမံကိန်းတွေ စဉ်းစားထားပါတယ်။”

မြန်မာပြည်မှာ သမိုင်းသင်တဲ့သူ သိပ်နည်းသွားပါတယ်။ ဒေါက်တာသန်းထွန်းက ပြောခဲ့တယ်။ မအအောင် သမိုင်းသင်ကြပေါ့။ အခုတော့ သမိုင်းကျောင်းသား သိပ်ရှားသွားတယ်။ တိုင်းပြည်တခုမှာ သူ့သမိုင်းကို လူငယ်တွေ ဘယ်လိုအခန်းကဏ္ဍကနေ မြှင့်တင်မလဲ။ ဘယ်လိုဟာတွေ သိသင့်သလဲဆိုတာ သမိုင်းဆရာတယောက်အနေနဲ့ ပြောပြပေးပါ။

“လုပ်စရာတွေအများကြီးရှိမှာပါ။ ခဏလေးနဲ့လည်း ပြောင်းလို့ရတာမဟုတ်ဘူး။ သမိုင်းက ဒီအချိန်မှာ အရမ်းအရေးကြီးတယ်။ အခုပြောနေကြတာက ကျနော်တို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံခြားကပညာရပ်တွေ၊ နိုင်ငံခြားက အတွေ့အကြုံတွေ အရမ်းလိုတယ်လို့ ပြောနေတယ်။ ကျနော်ထင်တာ ကျနော်တို့ သမိုင်းကို ပြန်ကြည့်ဖို့လိုတယ်။ ကျနော်တို့တိုင်းပြည်သမိုင်းကလည်း one story တည်းမဟုတ်ဘူး။ story မျိုးစုံရှိတယ်။ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ဟာလည်း အခြား တိုင်းရင်းသားတွေရဲ့ သမိုင်းကိုလည်း သိရမယ်။ သူတို့ရဲ့ အမြင်သဘောထားတွေကိုလည်း နားလည်ဖို့ အရေးကြီးတယ်လို့ထင်တယ်။ အဓိက နားလည်ရမှာက သမိုင်းဆိုတာ အရင်တုန်းကလို မဟုတ်ဘူး။ အရင်ကဆို သမိုင်းဆိုတာ သမိုင်းစာအုပ်လေးတအုပ်ဖတ်ပြီး one story ပဲ။ အချက်အလက်တွေရှိတယ်။ အဲလိုမဟုတ်ဘဲ သမိုင်းက ဘယ်လောက်ရှုပ်ထွေးနိုင်လဲ၊ အမြင်ဘယ်လိုမျိုးစုံရှိနိုင်လဲဆိုတာလည်း သိရမယ်။ အဲစိတ်ကူးလေးတွေလည်း သိရမယ်။ မဟုတ်ရင် ကျနော်တို့က ဒီအဆင့်ကနေ တက်ပြီးတော့ ငြိမ်းချမ်းတည်ဆောက်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအဆင့်ထိရောက်ဖို့က ပိုခက်သွားမယ်လို့ ထင်တယ်။”

သမိုင်းဗားရှင်းတွေကများတော့ သမိုင်းနဲ့ပတ်သက်ပြီး တကယ့် အမှန်တရားပေါ့၊ ဘယ်လိုအမှန်တရားက အမှန်ဆုံးဖြစ်မလဲ။ ရင်ကြားစေ့ရေးကို ဘယ်လိုအထောက်အကူပြုနိုင်တဲ့ သမိုင်းအချက်အလက်ဆိုင်ရာ အမှန်တရားဖြစ်နိုင်လဲဆိုတာ နည်းနည်းရှင်းပြပေးပါ။

“တကယ် အမှန်တရားတွေလည်း ရှိပါတယ်။ တခုခုဖြစ်ခဲ့တယ်ဆိုရင် ဒါကို သေချာ သတ်မှတ်ပြီး အသိအမှတ်ပြုရမယ်။ အဲဒီ အမှန်တရားကို အခြေခံပြီး အမြင်သဘောထားလည်းမျိုးစုံ ရှိနိုင်တယ်။ ဖြစ်တာက ဘယ်လောက် အရေးကြီးလဲ။ ဘာကြောင့်ဖြစ်လဲ။ ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်လဲ ဒါက အမှန်၊ အမှား အဖြေမရှိနိုင်ဘူး။ ဒါက မျိုးစုံရှိနိုင်တယ်။ ဥပမာ ကျနော့်အဖိုး ဦးသန့်အရေးအခင်း ၁၉၇၄ ဘယ်လိုကြောင့်ဖြစ်သွားလဲ၊ အဲဒီနောက်မှာ ဘယ်သူရှိခဲ့လဲ။ ဘယ်သူက ဘယ်လိုထိခိုက်လဲဆိုတာ ဒါကတော့ ဖြစ်သွားတယ်ဆိုတဲ့ အမှန်တရားတော့ ရှိတယ်။ အဲဒါကြောင့် ဘယ်လိုအကျိုးသက်ရောက်နိုင်လဲ။ ဘယ်လိုစဉ်းစားရမလဲဆိုတာတော့ အမြင်သဘောထားမျိုးစုံရှိနိုင်တယ်ဆိုတော့ ဒါကို အသိအမှတ်ပြုရမယ်လို့ထင်တယ်။”

အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတာကတော့ အချက်အလက်တွေကိုလည်း ပြန်ပြီး reconcile လုပ်တယ်။ မြန်မာပြည်မှာတော့ အချက်အလက်တွေက တော်တော်ကွာတယ်။ အဲအပေါ်မှာရော ဘယ်လောက်အထိ ပြန်ညှိနိုင်မယ်လို့ ထင်ပါလဲ။

“ဒါက တဖြည်းဖြည်း စဉ်းစားရမှာပေါ့။ တခြား ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေးတွေ ကြည့်မယ်ဆိုလည်း တချို့ အောင်မြင်တဲ့ ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေးတွေဟာ တချို့သမိုင်းကြောင်းတွေကို နည်းနည်းလေးဘေးဖယ်ပြီးတော့ နောက် ၁၀-၁၅ နှစ်ကြာမှ ပြန်ကြည့်တယ်။ တချို့ကလည်း အစကတည်းက Full Reconciliation အခြေအနေသဘောမျိုးထားကြည့်တာ။ ကျနော်တို့အတွက် ဘယ်ဟာအကောင်းဆုံးလဲ ဆိုတာတော့ နိုင်ငံခြားကအတွေ့အကြုံတွေလည်း နည်းနည်းလေ့လာရမှာပေါ့လေ။ ဒါပေမယ့် သမိုင်းကအရေးကြီးတယ်။ သမိုင်းကို အခုကစ ပြန်မစဉ်းစားရင် ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေးက အောင်မြင်ဖို့ အများကြီးပိုခက်မယ်လို့ ထင်ပါတယ်။”

နောက်ဆုံး ဦးသန့်ရဲ့ အထိမ်းအမှတ်ပြတိုက်နဲ့ပတ်သက်လို့ မြန်မာလူငယ်တွေနဲ့ ပြည်သူတွေကို ပြောချင်တာ ဘာများရှိပါမလဲ။

“ကျနော်တို့ မျှော်လင့်တာ နောက် ၃-၄ လအတွင်း ဖွင့်မယ်။ လူတွေအများကြီးလာရင်တော့ ၀မ်းသာရမှာပေါ့။ အထူးသဖြင့် နယူးယောက် တခြားနေရာတွေက ပစ္စည်းတွေလည်း ယူလာမယ်လေ ဒီမှာပြဖို့အတွက်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013