
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင် နဲ့ သောင်ပြင်ကျေးရွာက လူငယ် ၄၀ လောက်ဟာ ဧပြီ ၁၇ ရက်နေ့ ညပိုင်းက ဆိုင်ကယ်အစီး ၃၀ လောက်နဲ့ တုတ် ဓားကိုင်ဆောင်ကာ လမိုင်းမြို့အတွင်း ဝင်ရောက်ပြီး ဆူပူအကြမ်းဖက်မှုဖြစ်ပွားခဲ့တယ်လို့ နယ်မြေခံရဲတပ်ဖွဲ့က ပြောပါတယ်။
၁၇ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က အဆိုပါ လူငယ်အဖွဲ့က လမိုင်းမြို့ကို ရောက်ရှိလာပြီး လမိုင်းမြို့က လူငယ်တဦးကို အုပ်စုဖွဲ့ရိုက်နှက်ခဲ့သလို ဓားနဲ့ ခုတ်ခဲ့တာကြောင့် လက်မောင်းနဲ့ ပခုံးတွေမှာ ပြတ်ရှဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ဒါ့အပြင် လမ်းမှာ ဆိုင်ကယ် ၃ စီးနဲ့ သီချင်းသီဆိုနေတဲ့ လူငယ် ၃ ဦးကိုလည်း အန္တရာယ်ပြုခဲ့တာကြောင့် လူငယ် ၃ ဦးက နေအိမ်တွေထဲ ထွက်ပြေးလွတ်မြောက်သွားပေမယ့် ဆိုင်ကယ် ၃ စီးကိုတော့ ရိုက်ချိုးဖျက်ဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သောင်ပြင်ကျေးရွာက လူငယ်တွေနဲ့ လမိုင်းမြို့က လူငယ်တွေ စကားများရာကနေတဆင့် မကျေနပ်လို့ အခုလို သောင်ပြင်ကျေးရွာက လူငယ်တွေက လမိုင်းမြို့ကို အုပ်စုဖွဲ့ လာရောက်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
နယ်မြေခံရဲတပ်ဖွဲ့နဲ့ ကျေးရွာ တာဝန်ရှိသူတွေက လိုက်လံဖမ်းဆီးရာမှာတော့ အဆိုပါဆိုင်ကယ်နဲ့ လာရောက်တဲ့အဖွဲ့ဟာ ထွက်ပြေးသွားပြီး အဲဒီအဖွဲ့ထဲက ၈ တန်းကျောင်းသားအရွယ် ၁ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
အုပ်စုဖွဲ့ရိုက်နှက်ပြီး ဓားနဲ့ ခုတ်ခံရတဲ့သူကတော့ လမိုင်းပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး နစ်နာသူက လာရောက်တိုင်တန်းမယ်ဆိုရင် အမှုဖွင့် အရေးယူသွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
နေမျိုးထွဋ်











