DVB Logo
Home
မေးမြန်းခန်း
ပီအာရ်စနစ်ကိစ္စ လွှတ်တော်တင်ပြီး အဆုံးအဖြတ်ယူမည်
DVB
·
April 9, 2013
ပီအာရ်စနစ်ကိစ္စ လွှတ်တော်တင်ပြီး အဆုံးအဖြတ်ယူမည်
Donate to DVB

 

ပီအာရ် ခေါ် အချိုးကျ ကိုယ်စားလှယ်တင်မြှောက်တဲ့ ရွေးကောက်ပွဲစနစ် ကိစ္စကို လာမယ့် လွှတ်တော်တင်ပြီး အဆုံးအဖြတ် ယူသွားမယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ ဧပြီ ၈ ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြစဉ် သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

နေပြည်တော်တွေ့ဆုံပွဲ တက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။



[caption id="attachment_38291" align="alignleft" width="300" caption=" အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်"][/caption]

ကော်မရှင်ဥက္ကဋ္ဌနဲ့ အဓိကတွေ့ခဲ့တယ်ပြောတယ်။ ဘာတွေပြောဖြစ်ခဲ့ပါလဲ။


“၂၀၁၅ နှစ်ကုန်ပိုင်းလောက်လုပ်မယ်ပေါ့။ လွတ်လပ်ပြီးတရားမျှတဲ့ရွေးကောက်ပွဲဖြစ်အောင်၊ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှလုပ်မယ်ပေါ့။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေထက် လွတ်လပ်တရားမျှတအောင် ဆောင်ရွက်မယ်ပေါ့။”

အန်အယ်လ်ဒီပါတီက ဘာတွေဆွေးနွေးခဲ့လဲ။

“ရှေ့က တစညပါတီ၊ အန်ဒီအက်ဖ်တို့ ဒီမိုကရက်တစ်ပါတီ(မြန်မာပြည်) ဦးသုဝေတို့က ပီအာရ်စနစ်ကို လိုင်းတင်ဆွေးနွေးတယ်။ ကျနော်က လက်ရှိ အခြေအနေနဲ့ ပီအာရ်စနစ်က မသင့်တော်ဘူး။ ဘာလို့ဆိုတော့ ကျနော်တို့နိုင်ငံမှာ ၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကနေ အခု ၂၀၁၂ ကြားဖြတ်အထိ နိုင်သူအကုန်ယူစနစ်နဲ့ကျင့်သုံးခဲ့တာပေါ့။ ဒါတောင် မဲဆန္ဒရှင်တွေကို ပညာပေးဖို့လိုနေသေးတယ်။ မဲဆန္ဒရှင်တွေ မဲကိုစနစ်တကျ မှန်မှန်ကန်ကန်ထည့်တတ်အောင် ပညာပေးဖို့ လိုနေသေးတယ်ဆိုတာကို ကော်မရှင်ဥက္ကဋ္ဌ ကိုယ်တိုင်ပြောခဲ့တယ်။ အဲလို နှစ်ပေါင်းများစွာအလေ့အကျင့်ရှိခဲ့တဲ့ ပီအာရ်စနစ်တောင်မှ ပညာပေးဖို့လိုသေးရင် အခုမှ မြေစမ်းခရမ်းပျိုး ပီအာရ်စနစ်ကို ကျင့်သုံးဖို့က အခြေအနေအချိန်အခါ မပေးဘူးပေါ့။ ကျနော်တို့နိုင်ငံက ဒီမိုကရေစီအသွင်ကူးပြောင်းရေးနိုင်ငံတခု တည်ဆောက်နေတဲ့အခါကျတော့ ပီအာရ်စနစ်က အင်မတန် ခက်ခဲရှုပ်ထွေးတဲ့စနစ်။ ဒီမိုကရေစီအင်အားကြီးနိုင်ငံတွေတောင် ပီအာရ်စနစ်ကို မကျင့်သုံးကြဘူး။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနိုင်ငံ တကယ်တည်ဆောက်မယ်ဆိုရင် ဦးစီးဦးဆောင်ပြုတဲ့ အင်အားကြီးပါတီတခုခုက ဦးစီးဦးဆောင်ပြုမှရမယ်။ ကိုယ်စားလှယ်အနေနဲ့ကြည့်ရင်လည်း သက်ဆိုင်ရာ မဲဆန္ဒနယ်ကို တာဝန်ခံမှု၊ တာဝန်ယူမှုရှိရမယ်။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ ဖေဖော်ဝါရီ ၂၆ ရက်နေ့က သမ္မတရဲ့ညွှန်ကြားချက်ကိုပဲ ကြည့်ကြည့်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေတွေကိုပဲ ကြည့်ကြည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက မိမိတို့ရဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်တွေမှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပါရမယ်ဆိုတော့ ပီအာရ်စနစ်နဲ့ဆိုရင် သက်မှတ်ထားတဲ့ မဲဆန္ဒနယ် တိတိကျကျမရှိဘူး။ မဲဆန္ဒနယ်အတွက် တာဝန်ယူ၊ တာဝန်ခံတဲ့ ကိုယ်စားလှယ်လည်း တိတိကျကျမရှိတဲ့အတွက် ဒါတွေက ဘယ်လိုမှ လုပ်ကိုင်လို့လည်း မရဘူးပေါ့။”

“နောက် ပီအာရ်စနစ်ကို ကျင့်သုံးတယ်ဆိုရင် တချို့မှာလည်း ပီအာရ်စနစ်အရ ကိုယ်စားလှယ်ခွဲတမ်းရမယ်ထင်ပြီး ဘာသာစွဲ၊ လူမျိုးစွဲ၊ ၀ါဒစွဲ အစွန်းရောက်ပါတီတွေပေါ်လာရင် တိုင်းပြည်ရဲ့ကံကြမ္မာ စိုးရိမ်ရတယ်။ ဒါလည်း ကျနော်ဆွေးနွေးတယ်။ နောက်တခုကလည်း ကျနော်တို့က ပီအာရ်စနစ်ဆိုတာက တချိန်က သမိုင်းကိုပြန်ကြည့်ရင် ဂျာမနီနိုင်ငံမှာ Weimar Republic မှာ ကျင့်သုံးခဲ့တယ်။ ပီအာရ်စနစ်ကျင့်သုံးတော့ နိုင်ငံပျက်ပြားသွားတယ်၊ ပျက်စီးသွားတယ်။ နောက်တော့ နာဇီပါတီပေါ်လာတယ်။ အာဏာရှင် ဟစ်တလာပေါ်လာတယ်။ ဒါတွေလည်း သမိုင်းသင်ခန်းစာမှာရှိတယ်။ ကျနော်တို့ဟာ ၈၈ ကတည်းက ရဟန်းရှင်လူပြည်သူ၊ ကျောင်းသူကျောင်းသားတွေဟာ ဒီမိုကရေစီရရှိရေးအတွက် အသက်၊ သွေး၊ ချွေးတွေပေးဆပ်ပြီး အခုမှ ဒီမိုကရေစီအပင်ပေါက်လေး ရရုံရှိသေး ဒီအပင်ပေါက်လေးကို ပင်းသတ်တဲ့ပုံစံမျိုးတော့ မဖြစ်သင့်ဘူးဆိုပြီး တော်တော်များများ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပါတယ်။”

ကော်မရှင်ဥက္ကဋ္ဌက ဘာပြောပါလဲ။

“တခြားပါတီတွေကလည်း ပီအာရ်စနစ်နဲ့ ပတ်သက်လို့ အဆိုတင်ထားတာတွေရှိတယ်။ လာမယ့်လွှတ်တော်တင်ပေးမယ်။ လွှတ်တော်အဆုံးအဖြတ်ခံယူမယ်။ တင်ပြီးရင် ဒါက ဥပဒေပြုပြီးရင် ဥပဒေကြမ်းကော်မရှင်ဆိုတာ ရွေးကောက်ပွဲကျင်းပပေးရမှာပေါ့။ ဒါပြောတယ်။ လွှတ်တော်ရဲ့အဆုံးအဖြတ်ကို ကော်မရှင်က ရွေးကောက်ပွဲဥပဒေအရလုပ်ပေးရမှာပေါ့။ ”

ပါတီတွေက ပီအာရ်နဲ့ ပတ်သက်ပြီးပဲ အများစု ဆွေးနွေးကြတာလား။

“၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတအောင် ဆွေးနွေးကြတဲ့ ပါတီတွေလည်း ရှိပါတယ်။ ပီအာရ်စနစ်ကို တင်တဲ့ပါတီတွေကတော့ ၃-၄ခုပါ။ ဆွေးနွေးတာတွေကတော့ တချို့က အခြေအနေစောင့်ပြီးတော့ လုပ်ပါ၊ တချို့ကလည်း အချိန်ယူပါဦး၊ တချို့လည်း ပီအာရ်စနစ်ကို ကျင့်သုံးမယ်ဆိုရင် စောစောစီးစီး ဥပဒေပြဋ္ဌာန်းပြီး၊ စောစောစီးစီး အခုကတည်းက လေ့ကျင့်ပေးပြီး အလေ့အကျင့်လုပ်ပေးဖို့ အမျိုးမျိုး ဆွေးနွေးကြတယ်။”

တခြားဘာများ ဖြည့်စွက်ပြောစရာရှိလဲ။

“ရှိပါတယ်။ အန်ဒီအက်ဖ်က ကျနော်တို့ပါတီနဲ့ပတ်သက်ပြီး ၂ ချက် ဝေဖန်တာ ရှိတယ်။ ဗိုလ်ချုပ်အောင်ဆန်းပုံကို ကျနော်တို့ပါတီက သုံးတာနဲ့ ပတ်သက်လို့ ကော်မရှင်ကနေပြီး ဒါကို တားဆီးတဲ့သဘော စီမံဆောင်ရွက်ပေးပါဆိုပြီး တင်တယ်။ တင်တော့ ကျနော်ကလည်း ပြန်ဆွေးနွေးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းပုံဆိုတာ အမျိုးသားခေါင်းဆောင်ကြီးရဲ့ပုံ။ အဲဒါကို တခြားပါတီတွေလည်း ပြီးခဲ့တဲ့ ၂၀၁၀၊ ၂၀၁၁ ရွေးကောက်ပွဲတွေမှာ သုံးခဲ့ပါတယ်။ အမျိုးသားခေါင်းဆောင်ကြီးရဲ့ ပုံဆိုပြီး ကျနော်တို့ ကန့်ကွက်ခဲ့တာ မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ ခေါင်းဆောင်အနေနဲ့ ကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ကျနော်တို့ ခေါင်းဆောင်ရဲ့ ဖခင်။ ဖခင်ရဲ့ ဓာတ်ပုံကို သုံးတာ သားသမီးတယောက်အနေနဲ့ အမွေခံထိုက်သည်ဆိုတာလည်းရှိတယ်၊ မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေမှာလည်း အမွေ ဆက်ခံခွင့်ရှိတယ်။ ဘယ်သူမှ ကန့်ကွက်ပိုင်ခွင့်မရှိဘူးဆိုပြီး ကျနော် ပြောခဲ့တယ်။”

“နောက်တခုက ဗိုလ်ချုပ်အောင်ဆန်းပုံသုံးတာနဲ့ ပတ်သက်ပြီး ကော်မရှင်က စီမံဆောင်ရွက်ပေးပါဆိုတာ ပြောခဲ့တယ်။ အဲလိုသာ ပြောကြစတမ်းဆိုရင် ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကျနော်တို့ ခေါင်းဆောင်တွေ မဆုံခင်မှာ၊ ဆုံးဖြတ်ချက် မချနိုင်ခင်မှာ ပါတီကိုလည်း မှတ်ပုံ ပြန်မတင်မီ၊ ရွေးကောက်ပွဲ မ၀င်မီမှာ ၉၀ ပြည့်နှစ်ရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ တံဆိပ်ကို အဲဒီပါတီပဲ သုံးခဲ့တာပဲ။ သုံးခဲ့တော့ ကော်မရှင်ကို ကျနော်တို့ တရားဝင် ပါတီအနေနဲ့ တိုင်ကြားခဲ့တယ်၊ ကန့်ကွက်ခဲ့တယ်။ အဲဒါကိုလည်း ကော်မရှင်က ပြန်သုံးသပ်ပေါ့ဗျာ။ ဗိုလ်ချုပ်အောင်ဆန်းပုံကို ကျနော်တို့ပါတီက သုံးတာနဲ့ ပတ်သက်ပြီး ကော်မရှင်ကလည်း တားဆီးတဲ့သဘော စီမံဆောင်ရွက်ပေးဖို့ ပြောတဲ့အခါကျတော့ အဲလိုသာပြောမယ်ဆိုရင် ကျနော်ကလည်း သုံးခွင့်ရှိကြောင်း၊ အမွေဆက်ခံခွင့် ဥပဒေအရ ကျနော် ကိုးကားပြီးပြောတယ် ခေါင်းဆောင်ရဲ့ ဖခင်ဖြစ်လို့။ တခြားပါတီတွေ သုံးတာလည်း ကျနော်တို့ ကန့်ကွက်ခဲ့ခြင်း မရှိဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013