
တနင်္သာရီတိုင်း မြိတ်မြို့ပေါ်မှာရှိတဲ့ မြိတ်အကျဉ်းစခန်းက အကျဉ်းသား အကျဉ်းသူ ၃၆၂ ဦး ကျောက်ဖြူတောင် အကျဉ်းစခန်းက အကျဉ်းသား ၁၇၂ ဦးနဲ့ ကော့သောင်း အကျဉ်းစခန်းက အကျဉ်းသား ၂၄၀ တို့ပြန်လည် လွတ်မြောက်လာတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အခုလို အကျဉ်းသားတွေကို ပြန်လည်လွှတ်ပေးတဲ့နေရာမှာ သက်ဆိုင်ရာ အကျဉ်းစခန်းတွေရှေ့မှာ အကျဉ်းသားမိသားစုဝင်တွေက လာရောက်စောင့်ဆိုင်းမှုတွေရှိနေပြီး တာဝန်ရှိသူတွေက အဆိုပါ လူစုလူဝေးတွေကို အိမ်ကိုပြန်ဖို့ မေတ္တာရပ်ခံနေရပါတယ်။
COVID-19 ကူးစက်ရောဂါကြောင့် လူစုလူဝေးဖြစ်ပေါ်နေတာကို တားမြစ်ရတာဖြစ်ပြီး ပြန်လည်လွတ်မြောက်လာတဲ့ အကျဉ်းသားတွေတစ်ယောက်ချင်းစီကိုလည်း အိမ်တိုင်ရာရောက် ပို့ဆောင်ဖို့ စီစဉ်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်တွေက လွတ်ငြိမ်းချမ်းသာခွင့်ပြုလုပ်တဲ့နေရာမှာ အကျဉ်းစခန်းဝင်းအထိ ဧည့်သည် တွေကို ဝင်ရောက်စောင့်ဆိုင်းခွင့်ပြုပေမယ့် အခုနှစ်မှာတော့ ကူးစက်ရောဂါအခြေနေကြောင့် အကျဉ်းထောင် ပရဝဏ်အတွင်းကို ဧည့်သည်ဝင်ရောက်မှု တားမြစ်ထားခဲ့ပါတယ်။
မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်အသီးသီးက အကျဉ်းသား၊အကျဉ်းသူ စုစုပေါင်း ၂၅၀၀၀ နီးပါးကို နိုင်ငံတော် သမ္မတအမိန့်နဲ့ ဧပြီလ ၁၇ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။
သတင်း - အောင်ကျော်











