
အီရန်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပြီးဆုံးပြီဖြစ်ပေမဲ့ ဆွေးနွေးမှုတွေ ဆက်ပြီးလုပ်ဖို့ အမေရိကန်က သဘောတူကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
ဒေါ်နယ်ထရမ့်ပ်က “အီရန်က ဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ ကျနော်တို့ကို ပြောပါတယ်။ ကျနော်တို့ လည်း သဘောတူပါတယ်။ ဒါပေမဲ့ အမေရိကန်က ရှင်းရှင်းလင်း လင်းပြောချင်တာက အပစ်ရပ်ရေး သဘောတူညီမှုက ပြီးပြီဆိုတာပါပဲ”လို့ ဆိုရှယ်မီဒီယာမှာ ဖော်ပြပါတယ်။
အီရန်-အမေရိကန် တင်းမာမှုတွေကို လျော့ချပြီး ဆွေးနွေးမှုတွေ ပြန်လုပ်ဖို့ ကာတာညှိနှိုင်းသူတွေက အီရန်ကို သွားခဲ့ကြပါတယ်။
အီရန်-အမေရိကန် ဆွေးနွေးမှုသစ်တွေဟာ လာမဲ့အပတ်မှာ ပြုလုုပ်ဖို့ မျှော်လင့်ရပြီး ဆွစ်ဇာလန်မှာ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ အမေရိကန်မီဒီယာ Axios က ဖော်ပြပါတယ်။
အပစ်အခတ်ရပ်စဲမှု ပြီးဆုံးပြီလို့ ထရမ့်ပ်က ပြောခဲ့ပြီးနောက် အမေရိကန်အလယ်ပိုင်းစစ်ဌာန ချုပ်ပြောရေးဆိုခွင့်ရှိသူ တင်ဟော့ကင်းက စစ်ဆင်ရေးအသစ်တွေနဲ့ပတ်သက်ပြီး ထူးခြားမှု မရှိ သေးဘူးလို့ ပြောထားပါတယ်။
အပစ်အခတ်ရပ်စဲမှုအဆုံးသတ်ပြီးနောက် လေကြောင်း တိုက်ခိုက်မှုတွေ ဆက်ဖြစ်မလားဆိုတဲ့ မေးမြန်းချက်ကို စစ်ဆင်ရေးသစ်တွေနဲ့ပတ်သက်လို့ သူ မခန့်မှန်းနိုင်ကြောင်း ပြောခဲ့တာပါ။
ဒေသတွင်းမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကတော့ စစ်ဦးစီးချုပ်ရဲ့ တိုက်ရိုက်ညွှန်ကြားမှုအတွက် တိကျတဲ့ စစ်ဆင်ရေးတွေ ပြုလုပ်ဖို့ အသင့်ရှိတယ်လို့တော့ သူက ဖြေကြားထားပါတယ်။
သံတမန်နည်းလမ်းကို ပြောင်းလဲပေမဲ့ အမေရိကန်ဟာ အီရန်နိုင်ငံ တောင်ပိုင်းရှိ မြို့တွေကို ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ များစွာ ပြုလုပ်ခဲ့ပါတယ်။
အီရန်အရှေ့မြောက်ပိုင်းမှာရှိတဲ့ ရထားလမ်း ၂ ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာက ဟော်မုဇ် ရေလက်ကြားရှိ ကုန်သွယ်ရေးသင်္ဘောတွေကို အီရန်က တိုက်ခိုက်ခဲ့တာကို လက်တုံ့ပြန်တာလို့ ဆိုပါတယ်။
ဒါ့အပြင် အီရန်တောင်ပိုင်းရှိ ငါးဖမ်းသင်္ဘော အစင်း ၃၀ ကိုလည်း အမေရိကန်က တိုက်ခိုက်ခဲ့တယ် လို့ အီရန် မီဒီယာတွေက ဖော်ပြပါတယ်။
အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်တဲ့ ဘယ်လိုတိုက်ခိုက်မှုမျိုးမဆို အီရန်က လက်တုံ့ပြန် သွားမှာဖြစ်ပြီး လက်တုံ့ပြန်မှုကနေ အစ္စရေးကိုလည်း အလွတ်ပေးမှာ မဟုတ်ကြောင်း အီရန် အမြင့်ဆုံး အမျိုးသားလုံခြုံရေးကောင်စီ အတွင်းအရေးမှူး မိုဟာမတ်ဘတ်ဂါက သတိပေးထား ပါတယ်။
Source:Reuters










