DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ကာလအတွင်း မှုခင်းလျော့ကျရေး ပညာပေးမှုများ ပြုလုပ်မည်
DVB
·
April 9, 2013
သင်္ကြန်ကာလအတွင်း မှုခင်းလျော့ကျရေး ပညာပေးမှုများ ပြုလုပ်မည်
Donate to DVB

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှာ သင်္ကြန်ကာလအတွင်း မှုခင်းတွေ လျော့ကျအောင် ပညာပေးမှုတွေ လုပ်ဆောင်သွားမယ်လို့  မင်္ဂလာတောင်ညွန့် မြို့နယ် ရဲစခန်းမှူး ဦးသက်နိုင်က ပြောပါတယ်။

[caption id="attachment_38275" align="alignright" width="300" caption="ရဲစခန်းမှူး ဦးသက်နိုင်"][/caption]

“သင်္ကြန်တွင်းမှာ အဖြစ်များဆုံးက မူးယစ်ရမ်းကားမှု၊ ခါးပိုက်နှိုက်မှု အများဆုံးဖြစ်တယ်။ မူးယစ်ရမ်းကားမှု မဖြစ်အောင် မဏ္ဍပ်နားမှာရှိတဲ့ အရက်သေစာရောင်းစားတဲ့ ဆိုင်တွေကို နှိမ်နင်းဖို့ရယ်၊ ခါးပိုက်နှိုက်မှုမဖြစ်အောင် မဏ္ဍပ်တွေ မဖွင့်ခင်မှာ မဏ္ဍပ်တွေကို သွားပြီး လက်ကမ်းစာစောင်လေးတွေ အချိန်ပိုင်းအနေနဲ့ ၂ နာရီတကြိမ်၊ ၃ နာရီတကြိမ် အော်ပေးဖို့၊ ပါလာတဲ့ ပစ္စည်းတွေကို ထိန်းသိမ်းဖို့၊ ပျော်ပွဲရွှင်ပွဲ အရေးကြီးကာလတွေမှာ ခါးပိုက်နှိုက်တွေရဲ့ အခွင့်အရေး ဖြစ်တယ်။ အဲဒါကြောင့် ပစ္စည်းတွေကို ထိန်းသိမ်းဖို့၊ ခါးပိုက်နှိုက်မှုဖြစ်ရင် ရဲကင်းကို အကြောင်းကြားဖို့၊ စီမံချက်ဆွဲပြီး ရဲကင်းတွေ အများကြီးလည်း ကျနော်တို့ ဖွင့်လှစ်ထားပါတယ်။”

သင်္ကြန်ကာလအတွင်း ရဲစခန်းက ပြည်သူတွေ လုံခြုံအေးချမ်းဖို့အတွက် ဆောင်ရွက်ပေးမယ့်အခြေအနေတွေကိုလည်း ဦးသက်နိုင်က အခုလိုပြောပါတယ်။

“သင်္ကြန်ကာလအတွက် လုံခြုံရေးအနေနဲ့က စီမံချက်က ဆွဲပြီးသွားပြီ။ ခရိုင်တပ်ဖွဲ့မှူးကြီးကိုယ်တိုင် ရုံးထိုင်ပြီးတော့ ရဲကင်းတွေဖွဲ့တယ်၊ ရဲကင်းတွေက နီးစပ်ရာ လုံခြုံရေးတွေအတွက် တာဝန်ယူမှာပါ။ မဏ္ဍပ်တိုင်းမှာတော့ သက်ဆိုင်ရာ အရပ်ဘက် လုံခြံရေးတွေက တာဝန်ယူမယ်၊ ကျနော်တို့က ဘေးကနေပြီး တာဝန်ယူမယ်။ ရဲစခန်းတိုင်းမှာတော့ အရန်အင်အားထားရှိပါတယ်။ ဖမ်းဆီးရေးအဖွဲ့၊ စစ်ကြောရေးအဖွဲ့၊ တရားရုံးတွေဖွင့်လှစ်ပြီး တရားစွဲနိုင်ရေးအတွက်လည်း သီးသန့် လုံခြုံရေးချထားတာ ရှိပါတယ်။”

ကန်တော်ကြီးပတ်လမ်းမပေါ်မှာရှိတဲ့ ဆရာဝန်အသင်းတိုက်နဲ့ကပ်လျက်မှာ စခန်းချပြီး ခရိုင်မှူးကိုယ်တိုင် ထိုင်ပြီး လုံခြုံရေး ယူမယ့်အပြင် မဏ္ဍပ် ၂ ခုကို ကင်းအဖွဲ့တဖွဲ့နှုန်းနဲ့ ဒုရဲအုပ် အဆင့်ရှိတဲ့ အရာရှိတဦးအပါအ၀င် အင်အား ၆ ယောက်လောက် ထားမယ်လို့ ဆိုပါတယ်။

ဧပြီလ ၈ ရက်နေ့အထိ ရဲစခန်းကို လာရောက်သတင်းပို့ချက်အရ မင်္ဂလာတောင်ညွှန့် မြို့နယ်မှာ မဏ္ဍပ်အကြီးစား ၁၇ ခုရှိပြီလို့ ဆိုပါတယ်။

သင်္ကြန်ကာလအတွင်း ရဲတွေအနေနဲ့ လက်နက်ကိုင်ဆောင်မှုတွေကို အထူးရှာဖွေ ဖော်ထုတ် ဖမ်းဆီးအရေးယူမယ်လို့ ဦးသက်နိုင်က ပြောပါတယ်။

ဒါ့အပြင် သင်္ကြန်အတွင်း ခွေးလီးယားသီးရဲ့အရည်၊ ရေခဲတုံးအသေး၊ အက်စစ်၊ မသန့်ရှင်းသောရေ၊ သစ်တိုသစ်စ၊ ခဲ အပါအ၀င် လူကို ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ အရာဝတ္ထုတခုခု ရောပြီး ရေလောင်းရင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉ (က) အရ တရားစွဲဆိုသွားမယ်လို့ အစိုးရက ကြေညာထားပါတယ်။ ဒီဥပဒေအရ ကျူးလွန်သူကို ထောင်ဒဏ် ၁ နှစ်ဖြစ်စေ၊ ဒဏ်ငွေ ၅ သောင်းဖြစ်စေ၊ ဒါမှမဟုတ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

အခုနှစ်အတာသင်္ကြန်မှာ ရန်ကုန်မြို့တော်အတွင်း ရေကစားမဏ္ဍပ် ၃၇ ခုကို ရန်ကုန်မြို့တော်စည်ပင်က ခွင့်ပြုသွားထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013