
ကိုရိုနာကပ်ဘေးကာလ ဗြိတိန်နိုင်ငံဆေးရုံတရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသား အထူးကုဆရာဝန်ကြီးတဦးဟာ ဧပြီလ ၁၃ ရက်က ကွယ်လွန်သွားခဲ့တယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဦးနှောက်အာရုံကြောနဲ့ ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးအထူးကု ဆရာဝန်တဦး ဖြစ်တဲ့ ဒေါက်တာ ပီတာခင်ထွန်းဟာ သေဆုံးချိန်မှာအသက် ၆၂ နှစ်အရွယ်ရှိနေပြီဖြစ်ကာ သူအလုပ်လုပ်တဲ့ ရီဒင်းမြို့ Royal Berkshire ဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူရင်း သေဆုံးသွားခဲ့တာပါ။
Royal Berkshire NHS Foundation Trust (RBFT) ဆေးရုံတာဝန်ရှိသူတွေကတော့ ဒီသေဆုံးမှုဟာ COVID-19 ရောဂါကူးစက်ခံရမှုကြောင့်ဖြစ်တယ်လို့ အတည်ပြုခြင်းတော့ မရှိခဲ့ပါဘူး။
သူ့ရဲ့သားဖြစ်သူကတော့ ဒေါက်တာ ပီတာခင်ထွန်းဟာ မိသားစုအနေနဲ့ ဂုဏ်ယူရတဲ့ သူရဲကောင်းဖခင်တယောက်ဖြစ်ကြောင်း၊ လူနာတွေအားလုံးကို ကိုယ့်မိသားစုလို ကုသပေးပါလို့ အမြဲပြောလေ့ရှိတဲ့ ဖခင်ဖြစ်သူဟာ အကောင်းဆုံးလူသားတယောက်ဖြစ်ကြောင်းနဲ့ သူ့ကို အမြဲသတိရနေမယ့်အကြောင်း ပြောခဲ့တာပါ။
ဆေးရုံကတော့ ဒေါက်တာထွန်းဟာ တကယ့်ကို လုပ်ဖော်ကိုင်ဖက်တွေကြား ချစ်ခင်ရသူတဦး ဖြစ်ပြီး သူ့ရဲ့ အလုပ်အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိသူတဦးဖြစ်ကြောင်း ဖော်ပြခဲ့တာပါ။
ဒေါက်တာ ပီတာခင်ထွန်းဟာ မြန်မာနိုင်ငံကနေ ဗြိတိန်နိုင်ငံကို ၁၉၉၄ ခုနှစ်ကတည်းက ရောက်ရှိနေခဲ့သူဖြစ်ပြီး ဆေးရုံမှာ နှစ်ပေါင်း ၂၁ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။










