DVB Logo
Home
နိုင်ငံတကာ
ဂါဇာငြိမ်းချမ်းရေး ဖိအားပေးဆောင်ရွက်ပေးရန် ဟားမတ်စ်ခေါင်းဆောင်သစ် တောင်းဆို
DVB
·
July 23, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဂါဇာငြိမ်းချမ်းရေးအစီအစဉ် ဒုတိယအဆင့်ကို ကူးပြောင်းနိုင်အောင် ဖိအားပေး ဆောင်ရွက်ပေးဖို့ ဟားမတ်စ်အဖွဲ့ရဲ့ အသစ်ရွေးချယ်ခံရတဲ့ ခေါင်းဆောင် ခါလီ အယ်လ်ဟေယက ကြားဝင်စေ့စပ်ပေးသူတွေကို ဇူလိုင် ၂၂ ရက်မှာ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ရုပ်သံကနေတဆင့် ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ ပါလက်စတိုင်းလူမျိုးအားလုံး ပါဝင်ပြီး “နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှု အပြည့်အဝ” ရရှိစေမဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေ စတင်ဖို့လည်း အယ်လ်ဟေယက တောင်းဆိုခဲ့ပါတယ်။

ဇူလိုင် ၂၀ ရက်ကမှ ဟားမတ်စ်ခေါင်းဆောင်အဖြစ် ခန့်အပ်ခံရတဲ့ အယ်လ်ဟေယဟာ ဂါဇာကမ်းမြောင်မှာ အစ္စရေးနဲ့ စစ်ပွဲဆင်နွှဲနေချိန် ၂၀၂၄ အောက်တိုဘာလတုန်းက သေဆုံးသွားခဲ့တဲ့ ယျာယာ ဆင်ဝါရဲ့ နေရာမှာ အစားထိုး ဝင်ရောက်လာတာပါ။

ကာတာနိုင်ငံ ဒိုဟာမှာ အခြေစိုက်တဲ့ အယ်လ်ဟေယဟာ ၂၀၂၅ ခုနှစ်တုန်းက ဒိုဟာမှာရှိတဲ့ ဟားမတ်စ် ထိပ်ပိုင်းခေါင်းဆောင်တွေကို အစ္စရေးက တိုက်ခိုက်ခဲ့ချိန်ကလည်း ပစ်မှတ်ထားခံခဲ့ရသူ ဖြစ်တယ်လို့ အစ္စရေးတာဝန်ရှိသူတွေက ဆိုထားပါတယ်။

အမေရိကန် ကြားဝင်စေ့စပ်ပေးခဲ့တဲ့ အောက်တိုဘာ အပစ်အခတ်ရပ်စဲရေးနောက်ပိုင်း ဂါဇာမှာ တိုက်ပွဲတွေ လျော့ပါးသွားခဲ့ပေမဲ့ အစ္စရေးဘက်ကတော့ ကမ်းရိုးတန်းဒေသရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် တိုက်ခိုက်မှုတွေ ဆက်ရှိနေသလို ဂါဇာက ပြည်သူ ၂ သန်းရဲ့ လူနေမှုအခြေအနေဟာလည်း အင်မတန် ဆိုးရွားနေဆဲပါ။

အစ္စရေးကတော့ သူတို့ဟာ တိုက်ရိုက်ခြိမ်းခြောက်မှု ဖြစ်စေတဲ့ ဟားမတ်စ်နဲ့ ဂါဇာစစ်သွေးကြွတွေကိုပဲ ပစ်မှတ်ထားတာလို့ ပြောပါတယ်။

ဂါဇာကျန်းမာရေးတာဝန်ရှိသူတွေရဲ့ အဆိုအရ အောက်တိုဘာ အပစ်အခတ်ရပ်စဲရေးနောက်ပိုင်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားအများစု အပါအဝင် ပါလက်စတိုင်း ၁,၁၅၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒီကာလအတွင်း စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးစစ်သား ၄ ယောက် သေဆုံးခဲ့ပါတယ်။

ဟားမတ်စ်အဖွဲ့ကတော့ သူတို့ရဲ့ ထိခိုက်သေဆုံးမှုစာရင်းကို ပုံမှန်အားဖြင့် ထုတ်ပြန်လေ့မရှိပါဘူး။

ထရမ့်ပ်ရဲ့ ဂါဇာ အပစ်အခတ်ရပ်စဲရေး အစီအစဉ်မှာ ဟားမတ်စ်အဖွဲ့ လက်နက်စွန့်လွှတ်ဖို့နဲ့ အစ္စရေးစစ်တပ် ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် အဲဒီဒေသကို ထရမ့်ပ်ရဲ့ ငြိမ်းချမ်းရေးကောင်စီက ကြီးကြပ်ပြီး နည်းပညာကျွမ်းကျင်သူ ပါလက်စတိုင်း အုပ်ချုပ်ရေးအဖွဲ့က ဦးစီးသွားဖို့ မျှော်မှန်းထားတာပါ။

ဒါပေမဲ့ ဟားမတ်စ်အဖွဲ့နဲ့ ကြားဝင်စေ့စပ်ပေးသူတွေဖြစ်တဲ့ အီဂျစ်၊ ကာတာ၊ တူရကီနဲ့ ထရမ့်ပ်ရဲ့ ငြိမ်းချမ်းရေးကောင်စီ သံတမန်တွေကြား ဆွေးနွေးမှုတွေဟာ ပဋိပက္ခအဆုံးသတ်ဖို့ သဘောတူညီချက်အထိ မရောက်ရှိနိုင်သေးပါဘူး။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013