DVB Logo
Home
မြန်မာသတင်း
ကြက်ငှက်တုပ်ကွေး အထူးသတိထားရန် လိုအပ်
DVB
·
April 8, 2013
Donate to DVB

မြန်မာပြည်မှာ ဒီနှစ်ထဲ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားတာ မရှိသေးဘူးလို့ သက်ဆိုင်ရာက ပြောနေပေမယ့် အထူးသတိထားဖို့တော့ လိုမယ်လို့ မွေးမြူရေးအဖွဲ့ချုပ် တာဝန်ရှိသူတွေက သတိပေးလိုက်ပါတယ်။

တရုတ်ပြည်မှာ လတ်တလော H7N9 ကြက်ငှက်တုပ်ကွေးရောဂါပိုး ဖြစ်ပွားနေတာနဲ့ စပ်လျဉ်းပြီး မွေးမြူရေးနဲ့ကုသရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကြီးကို ဆက်သွယ်မေးမြန်းတဲ့အခါ မြန်မာပြည်မှာ ရောဂါဖြစ်ပွားခြင်း မရှိသေးဘူးလို့ ပြောပါတယ်။

“ပုံမှန်အားဖြင့် ကျနော်တို့နိုင်ငံမှာ ဖေဖော်ဝါရီလနဲ့ မတ်လ ဆောင်းအကုန် နွေအကူးမှာ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားလေ့ရှိတယ်။ ဒါကြောင့် ကျနော်တို့ အားလုံး အထူးကြပ်မတ် စနစ်တကျ စောင့်ကြပ်ကြည့်ရှုနေတယ်။ အထူးသဖြင့် ကြက်၊ ငှက် ရောင်းတဲ့ဈေးတွေမှာ၊ နောက် ခြံအကြီးတွေ၊ များများမွေးတဲ့ ခြံတွေမှာ တောက်လျှောက် စစ်ဆေးနေတယ်။ ဒီလိုစစ်ဆေးတဲ့အတွက် အခုအချိန်ထိတော့ လုံးဝဖြစ်ပွားတာမရှိသေးဘူး။ သံသယဖြစ်စရာကိစ္စလေးတွေတော့ရှိတယ်။ ပြင်းထန်တဲ့ ကြက်လည်လိမ်ရောဂါနဲ့ တခါ တခါ ရောဂါလက္ခဏာဆင်တယ်။ ဒီလိုလေးတွေတွေ့ရင်လည်း လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ချက်ချင်းလုပ်တဲ့အတွက် ကနေ့အချိန်ထိ ဒီနှစ်ထဲမှာ ကြက်ငှက်တုပ်ကွေးရောဂါ လုံးဝဖြစ်ပွားတာ မရှိပါဘူး။”

တရုတ်ပြည်မှာ ဖြစ်ပွားနေတဲ့ H7N9 ကြက်ငှက်တုပ်ကွေးရောဂါပိုးနဲ့ ပတ်သက်ပြီးတော့လည်း သူက ခုလို ရှင်းပြပါတယ်။

“ကြက်ငှက်တုပ်ကွေးရောဂါပိုးပေါ့. H type နဲ့ပတ်သက်ရင် 1 to 11 ရှိတယ်။ N Type ဆိုရင် 1 to 9 ရှိတယ်။ စုစုပေါင်းပွားလိုက်ရင် အကြမ်းဖျဉ်း ၁၃၅ မျိုးရှိတယ်။ ဟိုတုန်းက H5N1 ဗိုင်းရက်စ်ပိုးကပဲ လူကိုကူးစက်စေတယ်။ တိရစ္ဆာန် ကြက်အချင်းချင်း ကူးစက်ပြီး လူကိုလည်း ကူးစက်မြန်တယ်၊ သေစေနိုင်တယ်ပေါ့။ အရင်တော့ တရုတ်မှာတွေ့တဲ့ ဗိုင်းရက်စ်ပိုး ဖြစ်တာ မရှိဘူး။ နည်းတယ်။ လူကိုကူးစက်ပြီး သေတာမရှိဘူး။ အခု လက်ရှိက ပြီးခဲ့တဲ့လကစပြီး H7N9 ရောဂါပိုးဖြစ်တယ်လို့ သူတို့လည်း တရားဝင်ကြေညာတယ်။ လူကို ကူးစက်ပြီးသေတယ်လို့ ပြောတယ်။”

တရုတ်နယ်စပ်ကတဆင့် ၀င်ရောက်လာတဲ့ ကြက်ငှက်တွေမှာ ဒီရောဂါပိုး ပါမလာအောင် နယ်စပ်စခန်းတွေမှာ စစ်ဆေးရေးအဖွဲ့တွေနဲ့  စနစ်တကျ ကြပ်မတ်စစ်ဆေးနေတယ်လို့လဲ ပြောပါတယ်။

မန္တလေးတိုင်း မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ  ဒေါက်တာကျော်ထင်ကတော့ တရုတ်နယ်စပ်ကနေ ကြက်တွေ ၀င်ရောက်နေတုန်းမို့ သတိထားဖို့ လိုတယ်လို့ ပြောပါတယ်။

“အဖမ်းအဆီးကြောင့် နည်းသွားပေမယ့် တရုတ်ကနေ ၀င်တော့ ၀င်နေတာပဲ။ အဓိက အသည်းအမြစ်၊ ခြေထောက်တို့ ၀င်နေတာပဲ။ သတိထားရမယ့် အခြေအနေပဲ။ တရုတ်ပြည်မှာလည်း ဖြစ်နေတယ်။ အရင်ကလည်း ဖြစ်လေ့ဖြစ်ထ ရှိတော့ တော်တော်ဂရုစိုက်ရမယ့် အခြေအနေပေါ့။ ”

မန္တလေးမှာ လတ်တလော ရာသီဥတုပူတာကြောင့် ကြက်အသေအပျောက် များပြီး ကြက်ရှားကာ ကြက်သားဈေးတက်နေတယ်လို့လည်း ပြောပါတယ်။

မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနကတော့ ကြက်သားရောင်းချသူတွေအနေနဲ့ သံသယရှိတဲ့ ကြက်သေဆုံးသားတွေကို ဈေးကွက်ထဲ မရောင်းချကြဖို့နဲ့ စားသုံးသူတွေ အနေနဲ့လည်း ဈေးပေါတဲ့ ကြက်သားတွေ ၀ယ်မစားကြဖို့ နှိုးဆော်ထားပါတယ်။

တရုတ်ပြည်ထဲ ဖြစ်ပွားနေတဲ့ H7N9 ကြက်ငှက်တုပ်ကွေးရောဂါပိုးကြောင့် သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကူးစက်ခံထားရသူ ၂၁ ဦး ရှိနေပြီလို့ တရုတ်အစိုးရက တရားဝင်သတင်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013