DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာ ရွှေဆိုင်ပဋိပက္ခဖြစ်စဉ်တွင် ပါဝင်သူ ၃ ဦးကို အမှုစစစ်
DVB
·
April 8, 2013
မိတ္ထီလာ ရွှေဆိုင်ပဋိပက္ခဖြစ်စဉ်တွင် ပါဝင်သူ ၃ ဦးကို အမှုစစစ်
Donate to DVB

မိတ္ထီလာမြို့ ပဋိပက္ခစခဲ့တဲ့ ရွှေဆိုင်ရန်ဖြစ်မှု ဖြစ်စဉ်မှာ ပါဝင်ခဲ့သူတွေကို မိတ္ထီလာမြို့နယ် တရားရုံးမှာ တရားစွဲဆိုဖို့  ဒီကနေ့ အမှုစတင်စစ်ဆေးနေပြီလို့ မန္တလေးတိုင်းဥပဒေချုပ် ဦးရဲမြင့်အောင် က ပြောပါတယ်။

မိတ္ထီလာပဋိပက္ခမှာ ပထမ အစပျိုးခဲ့တဲ့ ရွှေဆိုင် ရွှေရောင်းဝယ်ရေးကိစ္စမှာ ပါဝင်ခဲ့သူ ၄ ဦးထဲက ၃ ဦးကို စတင်စစ်ဆေးလိုက်တာဖြစ်ပြီး တဦးကတော့ ထွက်ပြေးတိမ်းရှောင်နေတာမို့ တရားခံပြေး အမှုအနေနဲ့ စွဲဆိုမှာဖြစ်ပါတယ်။

[caption id="attachment_37805" align="alignright" width="300" caption="မတ်လ ၂၃ ရက်နေ့တွင် တွေ့မြင်ရသည့် မိတ္ထီလာမြို့ အပျက်အစီး မြင်ကွင်း"][/caption]

စွဲဆိုမယ့် ပြစ်မှုဆိုင်ရာဥပဒေတွေနဲ့ ကျခံရနိုင်တဲ့ ပြစ်ဒဏ်တွေကိုလည်း ဦးရဲမြင့်အောင်က ခုလို ရှင်းပြပါတယ်။

“ပထမဆုံးဖြစ်စဉ်မှာတော့ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၈၂၊ အဲဒါက ပစ္စည်းယူပြီး ဒဏ်ရာရအောင်လုပ်ပြီး ပြင်ဆင်ပြီး နာကျင်စေအောင် လုပ်တာပေါ့။ ဒါဆိုရင် ပုဒ်မ ၃၈၂ ဖြစ်ပါတယ်။ ဥပဒေက ပြဋ္ဌာန်းထားတဲ့ အမြင့်ဆုံးပြစ်ဒဏ်ကတော့ ထောင်ဒဏ် ၁၀ နှစ်ပါ။ နောက် ရိုက်လိုက်တယ်၊ အရိုးတွေကွဲသွားတယ် ဒါကျတော့ နာကျင်စေမှုပေါ့။ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၆ ပြင်းထန်စွာနာကျင်စေမှုဆိုရင် အမြင့်ဆုံးပြစ်ဒဏ် တသက်တကျွန်းရှိတယ်။ ဆဲဆိုတာကျတော့ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၉၄ အရ ထောင်ဒဏ် ၃ လ။ တဦးထက်ပို ကျူးလွန်တယ်ဆိုရင် ပုဒ်မ ၁၁၄ အရ အားပေးကူညီသူဖြစ်တယ်။ အားပေးကူညီတွေကတော့ ပြစ်မှုကျူးလွန်သူကဲ့သို့ ပြစ်ဒဏ်များကို စီရင်နိုင်မှာဖြစ်ပါတယ်။”

မိတ္ထီလာပဋိပက္ခ ဖြစ်ပွားခဲ့တာဟာ  ရွှေဆိုင်အရောင်းအ၀ယ်ကိစ္စက ပထမဖြစ်ပြီး ဒုတိယဖြစ်စဉ်ကတော့ သံဃာတော်တပါးကို ၀ိုင်းဝန်းရိုက်နှက်သတ်ဖြတ်လိုက်တဲ့ အဆင်ခြင်မဲ့လူတစုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒုတိယ ဖြစ်စဉ်မှာ ပါဝင်ခဲ့ကြတဲ့ လူတစုဟာ အကြမ်းဖျင်းအားဖြင့် သိထားတာ ၉ ဦးဖြစ်ပြီး လောလောဆယ် ၆ ဦး ဖမ်းမိထားတယ်လို့ ပြောပါတယ်။

ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ဒီလူတစုကပဲ လုပ်ဆောင်ခဲ့တာ ဖြစ်နိုင်ပါ့မလားဆိုတာနဲ့ပတ်သက်ပြီး တိုင်းဥပဒေချုပ် ဦးရဲမြင့်အောင်က အခုလို ပြောပါတယ်။

“ကျနော်က ဖြစ်စဉ် ၂ ခုကို ပြောခြင်းဖြစ်ပါတယ်။ ကျန်တဲ့ ဖြစ်စဉ်တွေမှာတော့ သက်ဆိုင်ရာ ကျူးလွန်သူတွေကို ဆက်လက် စုံစမ်းဖော်ထုတ်သွားမှာပါ။ နောက်ထပ်အမှုတွေ ရှိပါသေးတယ်။ ဆက်လက်စုံစမ်းအရေးယူ ဖော်ထုတ်သွားမှာဖြစ်တယ်။”

မိတ္ထီလာပဋိပက္ခအတွင်း ဥပဒေဖောက်ဖျက်ကျုးလွန်ခဲ့သူတွေကို တရားဥပဒေအတိုင်း အရေးယူဖို့ တရားဥပဒေစိုးမိုးရေးကော်မတီကို ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဆောင်ပြီး ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။

မိတ္ထီလာမြို့ ပဋိပက္ခစုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလည်း တိုင်းနယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး ဦးဆောင်ဖွဲ့စည်းထားပြီး ဒီနေ့ထိတော့ အဲ့ဒီအဖွဲ့ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။

အကြမ်းဖက် ပဋိပက္ခများကြောင့် ၄၃ ဦး သေဆုံးခဲ့ပြီး လူနေအိမ် ၁၂ဝဝ ကျော်၊ ဗလီ ၃၇ လုံး၊ ဈေးဆိုင် ၇၇ ခုလည်း ပျက်စီးခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရားဝင်ထုတ်ပြန်ထားပါတယ်။ ဒီဖြစ်စဉ်မှာ လူ ၁ သောင်းလောက် ဒုက္ခသည်ဖြစ်ခဲ့ရပြီး ရဲက လူ ၆၈ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013