DVB Logo
Home
မြန်မာသတင်း
လှုပ်ရှားတက်ကြွသူ နောက်ထပ် ၄ ဦးကို တရားစွဲ
DVB
·
April 6, 2013
Donate to DVB

အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေး ကော်မတီ)ရဲ့ အထွေထွေအတွင်းရေးမှူး ကိုရဲမင်းဦးရဲ့ လုပ်ဖော်ကိုင်ဖက် ၄ ဦးကို အမှုဖွင့် တရားစွဲထားတယ်လို့ သိရပါတယ်။

တရားစွဲခံထားရသူ ၄ ဦးကတော့ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေး ကော်မတီ)  ကိုရဲမြတ်ဟိန်းနဲ့  မနိုးနိုး (ခ) နွဲ့နှင်းရည်၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုချစ်ကိုလင်း၊ ကိုရဲမင်းဦးရဲ့ ညီ ကိုရဲမင်းအောင်တို့ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ ၄ ဦးကို တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ ကျောင်းတံတားမြို့နယ် ရဲစခန်းမှာ တရားစွဲထားကြောင်း ဧပြီ ၆ ရက်နေ့ နေ့လယ်ပိုင်းမှာ အကြောင်းကြားလာတယ်လို့ တရားစွဲခံရသူ တဦးဖြစ်တဲ့ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီဝင် ကိုရဲမြတ်ဟိန်းက ပြောပါတယ်။

“ကိုရဲမင်းဦးရုံးအထုတ်မှာ ရုံးထုတ်ပြန်ပို့ရာမှာ တားတယ်ဆိုပြီး ၀တ္တရားနှောင့်ယှက်မှုနဲ့  ကျောက်တံတားမြို့နယ်ရဲစခန်းကနေ တရားစွဲတယ်လို့ ပြောတယ်။ ကျနော်တို့ကို ဒုရဲအုပ် ထွန်းနိုင်ဇော်က ဆင့်ခေါ်စာလိုက်ပို့ အကြောင်းကြားနေတယ်။ အကြမ်းဖျင်းသိထားတာတော့ မနက်ဖြန် ခေါ်စစ်ဆေးမယ်ဆိုတဲ့ အနေအထားမျိုးတော့ သိထားတယ်။”

“ဖြစ်တာက ကိုရဲမင်းဦးကို ရုံးထုတ်လာတဲ့နေ့က ကိုရဲမင်းဦးသည် စွပ်စွဲခံရသူပဲဖြစ်တယ်၊ တရားခံမဟုတ်ဘူးလေ၊ အဲတော့ သူ့မိသားစု၊ ရှေ့နေနဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ တရားဝင် တွေ့ခွင့်ရှိတယ်။ ဒါကို သူတို့ကတခုမှမပေးဘဲ အခွင့်အရေးချိုးဖောက်ပြီး တခါထဲ ရုံးချိန်းယူပြီး အင်းစိန်ထောင်ပြန်ပို့ဖို့ စီစဉ်တယ်။ ဒါကို ကျနော်တို့က လက်မခံဘူး ပေးတွေ့ရမယ်ပြောတဲ့အခါ မီဒီယာတွေကလည်း ၀ိုင်းလာတယ်။ မီဒီယာတွေလည်း စကားပြောခွင့်ရသွားတယ်။ ဒါတွေကိုမူတည်ပြီး ကျနော်တို့ကို ၀တ္တရားနှောင့်ယှက်မှုနဲ့ တရားစွဲတာလို့ ယူဆတယ်။”

ကိုရဲမင်းဦးကို မတ် ၂၅ ရက်နေ့ ည ၉ နာရီကတည်းက ဆွေးနွေးစရာရှိတယ်ဆိုပြီး အနောက်ပိုင်းခရိုင်ရဲမှူးနဲ့ အဖွဲ့က ခေါ်သွားပြီးနောက် ပျောက်ဆုံးသွားပါတယ်။

အဲဒီနောက် ဧပြီ ၄ ရက်နေ့မှာ ရုံးထုတ်တဲ့ အခါမှာ မီဒီယာတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပြန်တွေ့ကြတာ ဖြစ်ပါတယ်။

အခုတလော ပေါ်ပေါက်နေတဲ့ မငြိမ်သက်မှုတွေမှာ သူ့ကို ဓားစာခံလုပ်တာလို့ ရုံးထုတ်လာစဉ်မှာ ကိုရဲမင်းဦးက အဲဒီနေ့က မီဒီယာတွေကို  ပြောခဲ့ပါတယ်။

သူ့ကို ဖမ်းဆီးသွားပြီးနောက် လုပ်ဖော်ကိုင်ဖက်တွေကို နောက်ယောင်ခံတာတွေ ရှိခဲ့ပြီး အခုတော့ ၄ ဦးကို ၀တ္တရားနှောင့်ယှက်မှုနဲ့ တရားစွဲလိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013