DVB Logo
Home
မြန်မာသတင်း
အင်ဒိုနီးရှား လူဝင်မှုစခန်းတွင် ခိုက်ရန်ဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံသား ၈ ဦး သေဆုံး
DVB
·
April 5, 2013
Donate to DVB

အင်ဒိုနီးရှားနိုင်ငံ  ဘာလာဝမ်ဆိပ်ကမ်းမြို့ က လူဝင်မှုကြီးကြပ်ရေးဌာနရဲ့စခန်းမှာ အထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေ အချင်းချင်း  ဧပြီ ၅ ရက် မနက်အစောပိုင်းက ပြင်းပြင်းထန်ထန် ခိုက်ရန်ဖြစ်ပွားတဲ့အတွက် ၈ ဦး သေဆုံးပြီး  ၁၅ ဦး ဒဏ်ရာ ရသွားပါတယ်။

ဧပြီ ၅ ရက်နေ့ တနာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲဟာ ၂ နာရီလောက်ကြာခဲ့ပြီး သစ်သားချောင်းတွေ၊ သံချောင်းတွေ၊ အုတ်ခဲတွေနဲ့ အပြန်အလှန် တိုက်ခိုက်ခဲ့ကြတယ်လို့ ထိန်းသိမ်းရေးစခန်းရဲ့ တာဝန်ခံအရာရှိက ပြောပါတယ်။

ဒီထိန်းသိမ်းရေးစခန်းမှာ ဘာသာရေး ယုံကြည်ချက်မတူတဲ့ အုပ်စု ၂ ခုရှိတဲ့အကြောင်း၊ ဗုဒ္ဓဘာသာဝင်မြန်မာ ငါးဖမ်းလုပ်သား ၁၁ ဦးနဲ့  အစ္စလာမ်ဘာသာဝင် ၁၀၀ ကျော် နေထိုင်ကြောင်း၊  အုပ်စု ၂ ခုဟာ အေးအေးချမ်းချမ်းနေခဲ့တာ ကြာပြီဖြစ်ပေမယ့် မကြာခင်က မြန်မာပြည်တွင်းမှာ ဖြစ်ပွားခဲ့တဲ့  အကြမ်းဖက်မှုအပေါ် လူ ၂ ဦး အငြင်းပွားရာကနေ လူအများအပြား သေတဲ့အထိ ခိုက်ရန် ဖြစ်ပွားခဲ့ကြောင်း  တာဝန်ခံအရာရှိက ပြောပါတယ်။

သေဆုံးသူ ၈ ဦးဟာ ဗုဒ္ဓဘာသာဝင် မြန်မာတွေဖြစ်ပြီး ဒဏ်ရာရသူတွေက အစ္စလာမ် ဘာသာဝင် ရိုဟင်ဂျာတွေ ဖြစ်တဲ့ကြောင်း၊ အားလုံးဟာ မြန်မာနိုင်ငံက လာတဲ့သူတွေ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

ဒီဖြစ်ရပ်ဟာ ကြိုတင်စီမံတဲ့ဖြစ်ရပ်လား၊ မတော်တဆဖြစ်ရပ်လား ဆိုတာ မသဲကွဲသေးကြောင်း တာဝန်ခံရဲအရာရှိက ပြောပါတယ်။
ခိုက်ရန်ဖြစ်ပွားမှုဟာ ၂ နာရီကျော်ကြာဖြစ်ခဲ့တဲ့အတွက် ရဲအဖွဲ့ ရဲ့ လုပ်ရပ်အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး  အင်ဒိုနီးရှားအစိုးရအနေနဲ့    ဖြစ်စဉ်အမှန်ကို စုံစမ်းဖော်ထုတ်ပေးဖို့၊ ကျူးလွန်သူတွေကို ဥပဒေနဲ့အညီ အရေးယူပေးဖို့နဲ့ အင်ဒိုနီးရှားရောက် မြန်မာတွေရဲ့ လုံခြုံရေးကို အလေးထားဆောင်ရွက်ပေးဖို့ ဂျကာတာမှာရှိတဲ့ မြန်မာသံရုံးက တောင်းဆိုသွားမယ်လို့ သမ္မတရုံးညွန်ကြားရေးမှူး ဦးဇော်ဌေးရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဌာနကလည်း  ဒုက္ခသည်တွေအချင်းချင်း ဒီလို အကြမ်းဖက်တာမျိုးကို နောက်ထပ်မဖြစ်ရအောင် အစွမ်းကုန်ကြိုးစားသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013