
ကရင်ပြည်နယ်၊ ဒွယ်လိုးမြို့နယ်၊ ကတိုင်တိကျေးရွာအုပ်စုတွင်းက စစ်ရှောင်နေတဲ့ ဖားလုံးဖိုး ကျေးရွာကို ဇူလိုင် ၉ ရက် မနက်ပိုင်းမှာ စစ်အာဏာရှင်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် နွား ၈ ကောင် သေဆုံးပြီး တကောင် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ တပ်မဟာ ၅ တာဝန်ရှိသူက ပြောပါတယ်။
မေ ၅ ရက်ကစပြီး စစ်ရေးအရ မဟာဗျူကျတဲ့ ဖာပွန်ဗျူဟာနဲ့ တပ်စခန်းတွေ ပြန်လည်ရရှိရေး လူအင်အား ၂,၀၀၀ နီးပါးနဲ့ စစ်ကြောင်းထိုးနေတာပါ။
လက်ရှိမှာ ဖာပွန်မြို့နယ်၊ ကမမောင်း-ဖာပွန်သွားလမ်းပေါ်က ကတိုင်တိကျေးရွာကို ကျော်လွန်ပြီး ဖာပွန်မြို့ကိုရောက်ဖို့ မိုင် ၂၀ ကျော်လောက်သာ လိုတော့တဲ့အတွက် ရှေ့ဆက်မတိုးနိုင်အောင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက် နေပါတယ်။
ဒါကြောင့် စစ်အာဏာရှင်တပ်ဘက်က လေကြောင်းနဲ့ မြေပြင်ပစ်ကူကို ရယူပြီး ရှေ့ဆက်တိုးနိုင်ဖို့ ကြိုးစားရာမှာ စစ်ရေးနဲ့မဆိုင်တဲ့ စစ်ရှောင်ကျေးရွာတွေကိုပါ ဗုံးကြဲတိုက်ခိုက်နေပါတယ်။
တပ်မဟာ ၅၊ မူတြော်ခရိုင်(ပြောခွင့်ရ) ပဒိုစောထိုရော်ဘင်က “ပြောချင်တာက ဗုံးကြဲတဲ့နေရာက စစ်ရေးနဲ့ ဘာမှမဆိုင်ဘူးလေ။ တကယ် ပြည်သူလူထုရွာတွေ။ တောက်လျှောက်လိုက်ပစ်နေတယ်။ လေယာဉ်နဲ့ လက်နက်ကြီးနဲ့ ဆိုတဲ့အခါကျတော့ ပြည်သူလူထုတွေက တော်တော် အခြေအနေ ဆိုးဆိုးဝါးဝါး ခံစားရတယ်” လို့ ပြောပါတယ်။
ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ စောလူးလူးရဲ့နေအိမ် ထိခိုက်ပျက်စီးခဲ့ပြီး ဒုတိယ အကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နွား ၈ ကောင် နေရာမှာတင် သေဆုံးပြီး တကောင် ပြင်းထန် ဒဏ်ရာ ရရှိခဲ့ပါတယ်။
စစ်အာဏာရှင်စစ်ကြောင်းတွေ ကမမောင်းမြို့ကနေ လက်ရှိရောက်ရှိနေတဲ့ ကတိုင်တိ အထက်နား အထိ မြေပြင်၊ ဝေဟင် ပစ်ကူနဲ့ ပြည်သူလူထုတွေ နေထိုင်တဲ့ ကျေးရွာတွေကို ဗုံးကြဲတာ၊ မီးရှို့ဖျက်ဆီးတာတွေ တောက်လျှောက်လုပ်ဆောင်ခဲ့တယ်လို့ တာဝန်ရှိသူဆီက သိရပါတယ်။










