DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာဒုက္ခသည်များကို ၃၅ သိန်းခွဲတန် အိမ်တလုံးစီ ဆောက်ပေးမည်
DVB
·
April 5, 2013
မိတ္ထီလာဒုက္ခသည်များကို ၃၅ သိန်းခွဲတန် အိမ်တလုံးစီ ဆောက်ပေးမည်
Donate to DVB

မိတ္ထီလာခရိုင် အခြေအနေဟာ အေးချမ်းတည်ငြိမ်စပြုနေပြီး အစိုးရက ဒုက္ခသည်တွေကို ကျပ်ငွေ ၃၅ သိန်းခွဲတန် အိမ်တလုံးစီ ဆောက်လုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ပြီးပြီလို့ မိတ္ထီလာမြို့နယ် အမတ် ဦးဝင်းထိန်က ပြောပါတယ်။

“မိတ္ထီလာ အခြေအနေကတော့ တိုးတက်နေပါပြီ။ ခရိုင်ထဲမှာ ၀မ်းတွင်းရယ်၊ မလှိုင်ရယ် သာစည်ရယ်တော့ ပါတာပေါ့။ အဲဒီနေရာတွေက ဘာမှ လှုပ်လှုပ်ရှားရှား မကြားရပါဘူး။ မိတ္ထီလာမြို့အနေအထားက တည်တံ့နေပြီးတော့ ဒုက္ခသည်တွေကို ကူညီတဲ့ ပစ္စည်းတွေကလည်း အခု ပုံမှန်ဖြစ်သွားပြီ။ ׂ

“နောက်တခု ပြောစရာရှိတာကတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက မိသားစုတခုကို ၃၅ သိန်းခွဲတန် အိမ်တလုံး ဆောက်ပေးမယ်လို့ ဆုံးဖြတ်တယ်” လို့ ပြောပါတယ်။

အကြမ်းဖက်မီးရှို့မှုတွေ အစပြုဖြစ်ပွားတဲ့ မန္တလေးတိုင်း မိတ္ထီလာမြို့နယ်က ၀ိန့်စိန်ရွှေဆိုင်က ၃ ဦးကို မိတ္ထီလာ မြို့နယ်တရားရုံးမှာ ဒီကနေ့ အမှုစွဲဆိုလိုက်ပြီး တဦးကတော့ ထွက်ပြေးလွတ်မြောက်နေဆဲပဲလို့ ခရိုင်ရဲတာဝန်ကျတဦးက ပြောပါတယ်။

အနည်းဆုံး အမှု ၃ ခုနဲ့ စွဲတင်လိုက်ပြီးတော့ ပုဒ်မအမည်တပ်တာတွေကိုတော့ သတင်းမ၀င်လာသေးဘူးလို့ ဖြေပါတယ်။

ဘုန်းကြီးတပါး ပျံလွန်တော်မူတဲ့ကိစ္စနဲ့ပတ်သက်ပြီး ၆ ဦးကို ဖမ်းဆီးစစ်ဆေးနေပေမယ့် ရုံးမတင်ရသေးဘူးလို့ ခရိုင်ရဲတာဝန်ကျက ပြောပါတယ်။ လတ်တလော ခရိုင်အတွင်းမှာ အခြေအနေ အေးချမ်းနေပါတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်လူသတ်မီးရှို့မှုတွေနဲ့ ပတ်သက်လို့ စုစည်းထားသမျှ အမှုပေါင်း ၃၅ မှုလောက်ရှိနေပြီး အဲဒီအမှုတွေထဲမှာ လူသတ်မှု၊ မီးရှို့မှု၊ ဖျက်ဆီးမှုနဲ့ လုယက်မှု စသဖြင့် ပါဝင်တယ်လို့ ရှင်းပြပါတယ်။

သာစည်မြို့မှာ ည ၆ နာရီကနေ မနက် ၆ နာရီထိ မထွက်ကြရပေမယ့် မနေ့ညကတော့ လူစုတယ်ကြားတဲ့အတွက် စစ်ကားတွေ သွားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

သာစည်မှာ တပ်စွဲထားတဲ့ တပ်မ ၇၇ လက်အောက်ခံတပ်တွေကို ပြန်ရုပ်ပြီး နယ်မြေခံတပ်တွေနဲ့ အစားထိုးတော့မယ်ဆိုတဲ့သတင်းလည်း ကြားနေတယ်လို့ ဆိုပါတယ်။

မတ်လ ၂၀ ရက်နေ့က မိတ္ထိလာမြို့က နယူးဝိန့်စိန် ရွှေဆိုင်မှာ အရောင်းအ၀ယ်ကနေ စကားများရာက ဆိုင်တွေကို ဖျက်ဆီးမှုစခဲ့ပါတယ်။ ဒီနောက် မိတ္ထီလာမြို့မှာ အကြမ်းဖက်ဖြိုဖျက် မီးရှို့မှုတွေ တမဟုတ်ချင်းပျံ့နှံ့ခဲ့ရပြီး နေပြည်တော်ဧရိယာနဲ့ ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တချို့တွေထိ ကူးစက်ခဲ့ပါတယ်။

အကြမ်းဖက် ပဋိပက္ခများကြောင့် ၄၃ ဦး သေဆုံးခဲ့ပြီး လူနေအိမ် ၁၂ဝဝ ကျော်၊ ဗလီ ၃၇ လုံး၊ ဈေးဆိုင် ၇၇ ခုလည်း ပျက်စီးခဲ့တယ်လို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရားဝင်ထုတ်ပြန်ထားပါတယ်။ ဒီဖြစ်စဉ်မှာ လူ ၁ သောင်းလောက် ဒုက္ခသည်ဖြစ်ခဲ့ရပြီး ရဲက လူ ၆၈ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013