DVB Logo
Home
မြန်မာသတင်း
တမူးမြို့နယ် လျှပ်စစ်မီးအတွက် အိန္ဒိယ ကူညီမည်
DVB
·
April 5, 2013
တမူးမြို့နယ် လျှပ်စစ်မီးအတွက် အိန္ဒိယ ကူညီမည်
Donate to DVB

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်အတွက် လျှပ်စစ်မီး ထောက်ပံ့ပေးမယ်လို့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် ၀န်ကြီးချုပ်က ကတိပေး ပြောကြားလိုက်ပါတယ်။

ဧပြီ ၃ ရက်နေ့က အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အင်ဖားမြို့ရဲ့ ပြည်နယ်ဝန်ကြီးချုပ်ရုံးမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအစည်းဝေးမှာ  မြန်မာကိုယ်စားလှယ်အဖွဲ့ကို မဏိပူရပြည်နယ် ၀န်ကြီးချုပ် အိုကရမ် အီဘောဘီဆင်းက ကတိပေး ပြောကြားလိုက်တာပါ။

မကြာခင်စတင်မယ့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကနယ်စပ်မြို့ တခုဖြစ်တဲ့ တမူးမြို့နယ်အတွင်း လျှပ်စစ်မီးရရှိရေးအတွက် တွေ့ဆုံဆွေးနွေးကြတာလို့ မဏိပူရပြည်နယ်ထုတ် သတင်းစာတွေမှာ ဖော်ပြထားကြပါတယ်။

အဖွဲ့ဝင် ၁၁ ဦး ပါဝင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို စစ်ကိုင်းတိုင်းဒေသကြီးက ပြည်နယ် အစိုးရအဖွဲ့ဝင် ဦးကျော်ဝင်းက ဦးဆောင်ခဲ့တာဖြစ်ပြီး  ၃ ရက်တာ ခရီးစဉ်အဖြစ်နဲ့ မဏိပူရပြည်နယ်မှာရှိတဲ့ လိုတပ် ရေအားလျှပ်စစ်ပေးရေးစီမံချက် အပါအ၀င် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာသင်ကြားရေးနည်းစနစ်တွေ၊ စက်မှုလက်မှု လုပ်ငန်းရပ်တွေကိုပါ လေ့လာသွားကြတယ် လို့ သိရပါတယ်။

မဏိပူရပြည်နယ် ၀န်ကြီးချုပ်က ပြောကြားရာမှာ မြန်မာနိုင်ငံ တမူးမြို့နယ်အတွင်း လိုအပ်မယ့် ၂ နဲ့ ၃ မဂ္ဂါဝပ်ပါဝါ  ရှိတဲ့ လျှပ်စစ်ဓာတ်အားတွေကို အိန္ဒိယနယ်စပ်မြို့ဖြစ်တဲ့ မိုရေးမြို့ကနေတဆင့် ဆက်သွယ်ထောက်ပံပေးသွားမှာဖြစ်ပြီး သာမယ် လျှပ်စစ်စွမ်းရည်ထုတ်စက် (Thermal power plant) အတွက် လိုအပ်မဲ့ လောင်စာကျောက်မီးသွေး ကုန်ကြမ်းကို မြန်မာဘက်က ထောက်ပံ့သွားကြမှာဖြစ်ကြောင်း ပြောဆို သွားခဲ့ပါတယ်။

မြန်မာနိုင်ငံတမူးမြို့နယ်အတွက် လျှပ်စစ်မီးကို မဏိပူရပြည်နယ်ကနေ အကူအညီ ပေးသွားမယ့်အပေါ် မိုရေးမြို့ခံ မြန်မာအမျိုးသမီးတဦးက ခုလိုသူ့ အမြင်ကို ပြောပြပါတယ်။

“တမူးမြို့ကို လျှပ်စစ်မီးပေးမယ်ဆိုတာ ကျမတို့ကြားတယ်။ ဒေသခံတဦးအနေနဲ့ ကျမမြင်သလောက်က မိုးရေးဘက်တွေမှာရော လုံးဝ မီးအားမလောက်ဘူးဖြစ်နေတယ်။ နာရီခြား၊ ၄ နာရီခြားတခါ တရပ်ကွက်ကို ၄ နာရီပေးလိုက်၊ နောက်တရပ်ကွက်ကို ၄ နာရီပေးလိုက် ပေးနေတာ။ အဓိက ပြည်သူတွေအနေနဲ့က ဒီဘက်မှာတောင် မရတာ မြန်မာပြည်မှာရှိတဲ့ တမူးမြိုကို ပေးမယ်ဆိုတာက သိပ်ယုံကြည်စရာမကောင်းဘူး။ ဖြစ်လာနိုင်ရင်တော့ ၀မ်းသာရမှာပေါ့။  ”

ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့  မဏိပူရပြည်နယ်အတွင်း ဆယ်စုနှစ်များစွာ ကြုံတွေ့နေရတဲ့ လျှပ်စစ်ဓာတ်အားပေး ထောက်ပံ့မှု မလုံလောက်တဲ့ ပြဿနာတွေ ကြားကနေ မြန်မာပြည်က တမူးမြို့နယ်အတွက် လျှပ်စစ်ထောက်ပံ့ပေးမယ် စီမံချက်ကို ပြုလုပ်ရတာဟာ နိုင်ငံတကာ ကုန်သွယ်ရေးအတွက် မဟာဗျုဟာကျတဲ့နေရာ ဖြစ်ကြောင်း သိရပါတယ်။

လာမယ့် ဧပြီ နောက်ဆုံးပတ်အတွင်းမှာ တမူးမြို့နယ် လျှပ်စစ်မီးထောက်ပံ့ရေးအတွက် မဏိပူရ ပြည်နယ်ကိုယ်စားလှယ်အဖွဲ့တဖွဲ့ မြန်မာပြည်ကို စေလွှတ်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013