DVB Logo
Home
Lead Story
COVID-19 ထိန်းချုပ်ရေး အရှေ့တိုင်းဆီက သင်ယူပါ
DVB
·
April 11, 2020
COVID-19 ထိန်းချုပ်ရေး အရှေ့တိုင်းဆီက သင်ယူပါ
Donate to DVB

(စာရေးသူ Jeffrey Sachs သည် ကမ္ဘာကျော်ဖွံ့ဖြိုးရေးပညာရှင်တဦးဖြစ်ပြီး ကိုလံဘီယာ တက္ကသိုလ်မှာ ကျန်းမာရေးမူဝါဒနှင့် စီမံခန့်ခွဲမှုပညာရပ်ဆိုင်ရာ ပါမောက္ခလည်း ဖြစ်ပါသည််။ နာမည်ကျော်စာအုပ်တွေ The End of Poverty၊ Common Wealth၊ The Age of Sustainable Development တို့ကို ရေးသားခဲ့သူ ဖြစ်ပါသည်။)

COVID-19 ကပ်ရောဂါကူးစက်မှုကို ထိန်းချုပ်ရာမှာ အရှေ့အာရှနိုင်ငံတွေဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပထက် ပိုပြီးအောင်မြင်ပါတယ်။ ပြောကြစတမ်းဆိုရင် ကပ်ရောဂါအသွင် စတင်ဖြစ်ပေါ်ရာနိုင်ငံဟာ တရုတ်ပြည်ဖြစ်ပြီး အရှေ့အာရှနဲ့ ခရီးအသွားအလာ၊ ကုန်သွယ်ရေးတို့မှာ အလွန်နီးကပ်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပအနေနဲ့ အရှေ့အာရှဆီကနေ အမြန်ဆုံး သင်ယူမှပဲ ကမ္ဘာအနောက်ခြမ်းနဲ့ တခြားဒေသတွေမှာ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။

အရေးအကြီးဆုံး နှိုင်းယှဉ်စရာအချက်က လူဦးရေ တသန်းအပေါ်မှာ တွက်ချက်တဲ့ ရောဂါကူးစက်မှု အရေအတွက်နဲ့ သေဆုံးမှုရာခိုင်နှုန်း ဖြစ်ပါတယ်။ ဧပြီလ ၇ ရက်နေ့အထိ စာရင်းတွေကို ကြည့်ရင် ဒေသနှစ်ခုဟာ ကမ္ဘာနှစ်ခုလိုပဲ ခြားနားပါတယ်။ ဥရောပနဲ့ ယူအက်စ်ဟာ ကူးစက်ကပ်ရောဂါထဲမှာ ခေါင်းမဖော်နိုင်အောင် နစ်မြုပ်နေပါတယ်။ လူဦးရေ တသန်းအပေါ်မှာ ရောဂါကူးစက်တဲ့ အတည်ပြုလူနာ ဦးရေ ယူကေမှာ ၈၁၄ ယောက်၊ စပိန်မှာ ၃၀၃၆ ယောက် ရှိပါတယ်။ လူဦးရေ တသန်းအပေါ်မှာ သေဆုံးမှုက ယူကေမှာ ၂၄ ယောက်၊ စပိန်မှာ ၃၀၀ ရှိပါတယ်။ အရှေ့အာရှနိုင်ငံတွေမှာ ရောဂါကူးစက်မှုကို ကြည့်တဲ့အခါ လူဦးရေ တသန်းအပေါ်မှာပဲ တွက်ချက်ရင် ဗီယက်နမ်မှာ အတည်ပြုလူနာ ၃ ယောက်၊ စင်ကာပူမှာ ၂၅၃ ယောက် ရှိပါတယ်။ သေဆုံးမှုက သုညကနေ လေးယောက်အထိ ရှိပါတယ်။

ဒီကိန်းဂဏန်းတွေကို ကြည့်ပြီး အရှေ့အာရှနိုင်ငံတွေက ရည်ရွယ်ချက်ရှိရှိ ကိန်းဂဏန်းတွေကို လျှော့ပေါ့ဖော်ပြတယ်လို့ မထင်ပါနဲ့။ အတည်ပြုလူနာ အရေအတွက်ရော၊ လူနာ သေဆုံးမှု အရေအတွက်ပါ အမှန်တွေချည်းပါပဲ။ နိုင်ငံ လူဦးရေအပေါ်မှာ ဓာတ်ခွဲစစ်ဆေးနိုင်မှု အရေအတွက်ချင်း နှိုင်းယှဉ်တဲ့အခါမှာလည်း အချိုးတူလောက်ပဲ ရှိပါတယ်။

ဒါဆိုရင် အရှေ့အာရှနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေ ကမ္ဘာနှစ်ခုလိုမျိုး ဘာကြောင့် ခြားနားသွားရတာလဲလို့ မေးရင်တော့ ခြားနားချက်ကြီး သုံးခုကို ထုတ်ပြရပါမယ်။ ပထမဆုံးကတော့ အရှေ့အာရှနိုင်ငံတွေဟာ ကူးစက်ရောဂါသစ်ကို ရင်ဆိုင်ရာမှာ ကြိုတင်ပြင်ဆင်နိုင်မှု အနောက်နိုင်ငံတွေထက် အပုံကြီးသာပါတယ်။ အကြောင်းရင်းကို ပြန်ကောက်ရရင် ၂၀၀၃ ဆားစ်ရောဂါ ကူးစက်မှုက အရှေ့အာရှနိုင်ငံတွေကို ပုတ်နှိုးခဲ့သလို၊ ဒီနိုင်ငံတွေဟာ တုပ်ကွေးရောဂါသံသရာနဲ့ ကြုံရလေ့ရှိတာကြောင့်မို့ မှတ်လောက်သားလောက် ရှိနေပါတယ်။ ဥရောပနဲ့ ယူအက်စ်မှာကျတော့ ဆားစ်ကူးစက်ရောဂါဖြစ်ဖြစ်၊ အီဘိုလာ ဖြစ်ဖြစ်၊ ဇီကာ ဖြစ်ဖြစ်၊ နောက်ဆုံး တုပ်ကွေးဖြစ်ဖြစ် နေသာသပ လေညာက ဆိုသလို ပေါ့ပေါ့တန်တန် သဘောထားပါတယ်။ ဆားစ်ရောဂါကလွဲလို့ ကျန်တာတွေကို အပူပိုင်းဒေသမှာ ဖြစ်တတ်တဲ့ ရောဂါမို့ ငါတို့နဲ့ မဆိုင်လို ထင်နေကြပါတယ်။ အရှေ့အာရှကတော့ သတိကြီးကြီး ရှိနေတာကြောင့် တရုတ်နိုင်ငံ ဝူဟန်မှာ ၂၀၁၉ ဒီဇင်ဘာ ၃၁ ကတည်းက ထူးထူးဆန်းဆန်း တပြုံတမကြီး အဆုတ်ရောဂါတွေ ဖြစ်နေကြတယ်ဆိုတဲ့ သတင်းကြားတာနဲ့ တနိုင်ငံလုံး အတိုင်းအတာ တပ်လှန့်ပြီးသားပါပဲ။

ကူးစက်ရောဂါထိန်းချုပ်ရေးမှာ လက်ဦးမှုယူနိုင်တာဟာ အသက်တမျှ အရေးကြီးတဲ့ အချက်ပါပဲ။ ဇန်နဝါရီလ အစောပိုင်းမှာကတည်းက တရုတ်ရဲ့ အိမ်နီးချင်းတွေဟာ တရုတ်နိုင်ငံနဲ့ အသွားအလာတွေကို စတင် ဖြတ်တောက်ခဲ့ကြပါတယ်။ ရောဂါကို ရှာဖွေစမ်းသပ်တာနဲ့ ခြေရာခံတဲ့ စီမံချက်တွေကို ချက်ချင်း ဆောင်ရွက်ကြပါတယ်။ တရုတ်နဲ့ တခြားနိုင်ငံတွေဟာ ရောဂါကူးစက်မှုကို စောင့်ကြည့်ရာမှာ နောက်ဆုံးပေါ် ဒစ်ဂျစ်တယ် နည်းပညာကို အသုံးပြုကြပါတယ်။

အနောက်နိုင်ငံတွေကတော့ အသစ်ပေါ်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို သိပ်ဂရုစိုက်မနေပါဘူး။ ယူအက်စ် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (စီဒီစီ) ဟာ တရုတ်နိုင်ငံရဲ့ စီဒီစီနဲ့ ဇန်နဝါရီလ ၃ ရက်နေ့မှာ အဆက်အသွယ်လုပ်ပါတယ်။ ဇန်နဝါရီလ ၂၀ ရက်နေ့ကျတော့ အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံး ရောဂါကူးစက်သူကို အတည်ပြုပါတယ်။ ဒါပေမဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မတိုင်ခင်အထိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံနဲ့ ခရီးစဉ်တွေကို မပိတ်ခဲ့ပါဘူး။ အလွန်အရေးကြီးတဲ့ ဒီလို ပိတ်ပင်မှုကို တရားဝင် ကြေညာလိုက်တာတောင်မှ လေးလေးနက်နက် မကိုင်တွယ်ခဲ့ပါဘူး။ ကပ်ရောဂါအသွင် ကူးစက်တယ်လို့ သိရပြီးတဲ့နောက်ပိုင်း တရုတ်နိုင်ငံကနေ အမေရိကန်ပြည်ထောင်စုဆီ ဆိုက်ရောက်ခဲ့တဲ့ ခရီးသည်အရေအတွက် လေးသိန်းသုံးသောင်း ရှိပါတယ်။ သမ္မတ ထရမ့်က ခရီးသွားလာခွင့် ပိတ်ပင်မိန့် ကြေညာပြီးတဲ့နောက်ပိုင်းမှာတောင် လေးသောင်းလောက် ဝင်ခဲ့ပါတယ်။

အရှေ့အာရှ ပြည်သူတွေကတော့ လိုအပ်သလို ကြိုတင်ကာကွယ်ရေးတွေ လုပ်ဖို့ကိုလည်း သိနေကြပါတယ်။ ပါးစပ်နဲ့ နှာခေါင်းဖုံး (mask) တွေကို အကာအကွယ်အနေနဲ့ ဝတ်ကြတာ ဆားစ်ရောဂါဖြစ်ပြီးကတည်းကလို့ ပြောလို့လည်း ရပါတယ်။ အနောက်နိုင်ငံ အစိုးရတွေကတော့ လူထုကို ဒီလို ပါးစပ်နဲ့ နှာခေါင်းဖုံးတွေကို မဝတ်ကြဖို့ ပြောခဲ့ကြပါတယ်။ ဒီလို ညွှန်ကြားခဲ့တာဟာ ကျန်းမာရေးလုပ်သားတွေအတွက် ပါးစပ်နဲ့ နှာခေါင်းဖုံးတွေ မလောက်ငှမှာ စိုးရိမ်တာ ပါသလို၊ ပါးစပ်နဲ့ နှာခေါင်းဖုံးက ရောဂါကူးစက်မှုကို ထိထိရောက်ရောက် လျှော့ချပေးနိုင်မယ်လို့ သိပ်မထင်တာလည်း ပါပါတယ်။ ဒီလိုပဲ လက်ဆေးရည်တို့၊ လူချင်း ခပ်ခွာခွာနေတာတို့၊ လက်ဆွဲနှုတ်ဆက်လေ့ သိပ်မရှိတာတို့ဟာ အရှေ့အာရှမှာ နေ့စဉ် ပုံမှန်ပါပဲ။

နောက်ဆုံးတချက်ကတော့ အရှေ့အာရှနိုင်ငံတွေဟာ လူသွားလူလာများတဲ့ နေရာတွေ၊ ရုံးတွေ၊ လူစုလူဝေးနေရာတွေမှာ ရောဂါလက္ခဏာရှိသူတွေကို အပူတပြင်း ရှာဖွေစစ်ဆေးခဲ့ပါတယ်။ တချို့ စီးပွားရေးကုမ္ပဏီတွေမှာဆိုရင် အလုပ်ထဲ ဝင်လာတဲ့ ဝန်ထမ်းတိုင်းကို ကိုယ်ပူချိန်တိုင်းတာ ပုံမှန်ပါပဲ။ ကိုယ်အပူချိန်ကို စောင့်ကြည့်တဲ့စနစ်ကို လေဆိပ်တွေနဲ့ ရထားဘူတာတွေမှာလည်း တပ်ဆင်ထားလေ့ရှိပါတယ်။ ယူအက်စ်နဲ့ ဥရောပမှာတော့ ဒီလိုစနစ်မျိုးတွေ မရှိပါဘူး။

တရုတ်နိုင်ငံရဲ့ ရောဂါကူးစက်မှုဟာ အရှေ့အာရှမှာတော့ အဆိုးဆုံးပါပဲ။ ယူအက်စ်နဲ့ ဥရောပအတွက်ကတော့ မှတ်သားစရာအကောင်းဆုံးလည်း ဖြစ်ပါတယ်။ တခြား အိမ်နီးချင်းတွေနဲ့ မတူတဲ့ တရုတ်နိုင်ငံရဲ့ အတွေ့အကြုံကတော့ ဒီဇင်ဘာလလယ်ကနေ ဇန်နဝါရီလလယ်အထိ ရက်သတ္တပတ် အတန်ကြာအောင် အရှိန်ကောင်းကောင်းနဲ့ တပြုံတမကြီး ရောဂါကူးကြတာပါပဲ။ ဇန်နဝါရီလ ၂၃ ရောက်တော့ ဝူဟန်မြို့ကို ပိတ်ချလိုက်ပါတယ်။ ဒီအချိန်မှာ ဝူဟန်မြို့ တည်ရှိတဲ့ ဟူဘေးခရိုင်တခုလုံးမှာလည်း လူနာ ၃၇၅ ယောက် ရှိနေပါပြီ။ ဗိုင်းရပ်စ်ဟာ တရုတ်ပြည် တခြား ဒေသတွေမှာလည်း လူ ၁၉၆ ယောက်ကို ကူးစက်ခဲ့ပါတယ်။

ဒီအခြေအနေရောက်လာတော့ တရုတ်အစိုးရက အပူတပြင်း ကိုင်တွယ်ပါတယ်။ လူတွေကို အသွားအလာ ပိတ်ပါတယ်။ တဦးချင်းရဲ့ အသွားအလာတွေကို ခြေရာခံနိုင်တဲ့ အွန်လိုင်းးစနစ်တရပ်ကို အမြန်တည်ဆောက်ပါတယ်။ ကိုယ့်အိမ်ကိုယ်နေကြဖို့ အမိန့်ကို ထုတ်ပြန်ပါတယ်။ ရောဂါရှာဖွေတာနဲ့ စောင့်ကြည့်တာကို အင်တိုက်အားတိုက် လုပ်ပါတယ်။ ဒီနည်းလမ်းတွေဟာ ကိုင်တွယ်ပုံ ပြင်းထန်တယ်လို့ အကြီးအကျယ် ဝေဖန်ခံရပေမယ့် ထိရောက်မှုလည်း ရှိပါတယ်။ ဒီနည်းနဲ့ပဲ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ တရုတ်နိုင်ငံမှာ အရှိန်အဟုန်နဲ့ ကူးစက်နေတဲ့ အခြေအနေကို ထိန်းနိုင်ခဲ့ပါတယ်။ ကျွမ်းကျင်သူတွေ တော်တော်များများ ဘယ်လိုမှ မတွက်မိတဲ့ အံ့သြစရာ အဖြစ်အပျက်ပါပဲ။

ဒီလို အကြမ်းကိုင်တဲ့ နည်းလမ်းတွေကို အမေရိကန်ပြည်ထောင်စုမှာ သုံးရင် ဖြစ်နိုင်ပါ့မလားလို့ တချို့က မေးခွန်းထုတ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် တရုတ်နိုင်ငံရဲ့ အောင်မြင်တဲ့ နည်းနာကိုတော့ သင်ယူဖို့ လိုပါတယ်။ အရှေ့အာရှရဲ့ အောင်မြင်တဲ့ နည်းလမ်းတွေကို ယူစရာရှိရင် ယူရမှာပဲ။ အမေရိကန် အမျိုးသားကျန်းမာရေးအင်စတီကျုရဲ့ ညွှန်ကြားရေးမှူး ဖရန့်စစ် ကောလင်းစ် ပြောတဲ့ “လက်ရှိ ချဉ်းကပ်နေတဲ့ နည်းလမ်းက လူတော်တော်များများအတွက် မတရားတင်းကျပ်သလို ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဒီလောက်မှ မတင်းကျပ်ရင်လည်း လျော့ရဲသလို ဖြစ်တော့မယ်” ဆိုတာ တကယ်မှန်ပါတယ်။

ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုမှာ ကူးစက်ရောဂါကို မထိန်းနိုင်သေးပါဘူး။ အရေးပေါ် အသက်ရှူကိရိယာ မလုံလောက်မှု၊ ကျန်းမာရေးဝန်ထမ်းတွေ အသက်ဆုံးရှုံးမှု၊ အခြေခံ ကာကွယ်ရေးပစ္စည်းတွေ မလုံလောက်မှုတို့ဟာလည်း စိတ်မကောင်းစရာတွေပါပဲ။ COVID-19 တိုက်ဖျက်ရေးမှာ ပြည်သူ့ကျန်းမာရေးအတွက် တုံ့ပြန်ဆောင်ရွက်တဲ့အခါ ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့ လိုပါတယ်။ ဒါမှသာ အနောက်နဲ့ ကမ္ဘာတဝန်းလုံးမှာ လူသားတွေအားလုံး ပျက်စီးမယ့် ဘေးကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

(Project Syndicate မှ The East-West Divide in COVID-19 Control ဆောင်းပါးကို ဘာသာပြန်ပါသည်။ )

နေသွင်ညိဏ်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013