
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ အင်ကြင်းစုကျေးရွာအုပ်စု၊ ကိုင်းတွင်းကျေးရွာမှာ ဒီကနေ့ မနက်အစောပိုင်းမှာ မီးကြွင်းမီးကျန်ကနေ မီးလောင်ကျွမ်းခဲ့မှုကြောင့် နေအိမ် ၃၇ လုံး ဆုံးရှုံးခဲ့တယ်လို့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) ကိုဝင်းဇော်ခိုင်က ပြောပါတယ်။
“ကိုင်းတွင်းရွာမှာ ၁ နာရီထိုးလောက် မီးစတင်လောင်တာ။ အခုလက်ရှိ စာရင်းအရ ၃၇ အိမ် လောင်သွားတယ်။ အိမ်ခြေ ၃၇ အိမ်ဆိုတော့ များတဲ့အတွက် စားရေးသောက်ရေးက အရေးပေါ်တော့ လိုအပ်နေတယ်ပေါ့။”
မီးသတ်ဌာနရဲ့ ထုတ်ပြန်ချက်အရ ကိုင်းတွင်းကျေးရွာမှာ ဒီနေ့မနက် ၃ နာရီကျော်လောက် မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်ကျွမ်းမှုကို စစ်ကိုင်းတိုင်း မီးသတ်တပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့လို့ ၅ နာရီကျော်လောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မီးလောင်မှုကြောင့် ထိခိုက်သေဆုံးတာ မရှိပေမယ့် ရွာတွင်း အိမ်ခြေ ၄၀ ကျော်ထဲက ၃၇ အိမ်လောင်ကျွမ်းခဲ့တာကြောင့် တရွာလုံးနီးပါး ဆုံးရှုံးသွားတာ ဖြစ်ပါတယ်။












