DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်ရှိ  အခြေခံလူတန်းစားများကို စားနပ်ရိက္ခာစတင် ထောက်ပံ့
DVB
·
April 10, 2020
ကယားပြည်နယ်ရှိ  အခြေခံလူတန်းစားများကို စားနပ်ရိက္ခာစတင် ထောက်ပံ့
1 / 4
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာ  အခြေခံလူတန်းစား လက်လုပ်လက်စားတွေကို အခြေခံစားကုန် ပစ္စည်း ၅ မျိုး ပြည်နယ်အစိုးရက    ဒီကနေ့မနက်က စတင် ထောက်ပံ့ ပေးအပ်နေပါတယ်။ 

COVID-19 ရောဂါနဲ့ကြုံနေရတဲ့ အရေးကြီးကာလ သင်္ကြန်ရုံးပိတ်ရက်အတွင်းမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် အစိုးရက ဆန်၊ ဆီ၊ ဆား၊ ပဲနဲ့ ကြက်သွန် ပစ္စည်း ၅ မျိုး အခမဲ့ ထောက်ပံ့ပေးမယ်လို့ မြန်မာနိုင်ငံ  COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ဧပြီ ၆ ရက်မှာ ကြေညာထားတာဖြစ်ပါတယ်။

ဒီထုတ်ပြန်ညွှန်ကြားချက်နဲ့အညီ ပြည်နယ်အစိုးရက ဒီကနေ့မှာ လွိုင်ကော်မြို့နယ်အတွင်းက အခြေခံ လူတန်းစားအတွက် စားနပ်ရိက္ခာ အကူအညီတွေ စတင်ပေးအပ်တာဖြစ်ပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက “လက်လုပ်လက်စားတွေရဲ့ အခက်အခဲလေးကို ဖြေရှင်းပေးတာ။ အဲလိုဖြေရှင်းတဲ့အခါမှာ အဲလိုလူမျိုးပဲရစေချင်တယ်။  ဒါကျနော်တို့ တကယ်လက်လုပ်လက်စားတွေ၊ တနေ့လုပ်တနေ့စားတွေအတွက် သင်္ကြန်ကာလအတွက် ပေးတာပဲ။ ရက်ပေါင်း ၂၀ စာအတွက်ပေးတာ။”လို့ လွိုင်ကော်မြို့ မင်္ဂလာရပ်ကွက်က အခြေခံ လူတန်းစာတွေကို ထောက်ပံ့မှုပေးဝေချိန် ပြောဆိုသွားတာပါ။ 

လွိုင်ကော်မြို့နယ်မှာ ကောက်ခံထားတဲ့ စာရင်းအရ အခြေခံလူတန်းစား အိမ်ထောင်စု ၆၈၃၁ စု ရှိပြီး ဆန်အိတ်ပေါင်း ၂၂၇၇၊ ဆီ၃၄၁၅ ပိဿာ ၊ ဆား ၃၄၁၅ ပိဿာ၊  ကြက်သွန်နီ ၆၈၃၁ ပိဿာ နဲ့ ပဲ ၆၈၃၁ပိဿာ ပေးဝေတာဖြစ်တယ်လို့လည်း ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောပါတယ်။ 

“အိမ်ထောင်စုအရပြောမယ်ဆိုရင် လွိုင်ကော်မြို့နယ်အတွင်းမှာဆိုရင် ၆၈၃၁ အိမ်ထောင်စုအတွက်ကို ပေးမှာ။ ဒါက လွိုင်ကော်မြို့နယ်အတွက်ပေါ့။ ဒီဟာကောက်တာလည်းလေ ကျနော်တို့က ကောက်တာမဟုတ်ဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးရယ်၊ ကျနော်တို့ အုပ်စု အုပ်ချုပ်ရေးမှူးတွေရယ်၊ ရပ်မိရပ်ဖ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေရယ် သူတို့ရဲ့ သဘောထားမှတ်ချက်ယူ။  ဆယ်အိမ်မှူးဆိုရင် သူတို့အုပ်စုထဲမှာ အခြေခံလူတန်းစား ရှိမရှိ သူပဲ သိတယ်။ သူတို့ရဲ့လက်မှတ်မှတ်တမ်းတွေယူပြီးမှ ကောက်ခံစာရင်းပြုစုလိုက်တဲ့အချိန်မှာ အိမ်ထောင်စု ၆၈၃၁ ပေါ့။ ”

လွိုင်ကော် မင်္ဂလာရပ်ကွက်မှာ အိမ်ထောင်စု ၅၈၄ စုရှိတဲ့အထဲက ထောက်ပံ့ပေးဖို့ လိုအပ်တဲ့ အိမ်ထောင်စုထဲ ၁၁၀ ကို ရွေးချယ်ပေးခဲ့တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးက ပြောပါတယ်။

“ ကျနော်တို့ မင်္ဂလာရပ်ကွက်မှာကတော့ ၅၈၄ အိမ်ထောင်စုရှိတယ်။ အဲဒီထဲမှာမှ တကယ့်ကို ပေးသင့်ပေးထိုက်တဲ့ အခြေခံလူတန်းစား ကျနော်တို့ ရွေးချယ်စိစစ်လိုက်တော့ အိမ်ထောင်စု ၁၁၀ ရွေးချယ်စိစစ်ပေးပါတယ်။ တယောက်တယောက်ကျန်သွားမယ်ဆိုရင်မကောင်းဘူးလေ။ ပြည်နယ်အစိုးရအနေနဲ့လည်း ကျနော့်ပြည်သူကို စေနာသဒ္ဒါတရားနဲ့ပေးတဲ့အတွက် ဝမ်းလည်းသာပါတယ်။ နောက်နောင်လည်း ဒီလိုမရှိဆင်းရဲသားပြည်သူတွေကို စောင့်ရှောက်နိုင်တဲ့ အစိုးရဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ ”

အထောက်အပံ့ရရှိတဲ့ မင်္ဂလာရပ်ကွက်က  အသက် ၆၉ နှစ်အရွယ် အဘိုးအိုကတော့ “ကျနော်တို့က တရက်လုပ်တရက်စား အလုပ်အကုန်မရှိတော့ ဒီလိုလေးရတော့ စိတ်သက်သာရတာပေါ့။ ဘာဖြစ်လဲဆိုတော့ စားဝတ်နေရေး လူမှုဖူလုံရေးအတွက် တဘက်တလမ်းကနေ ကူညီပေးတယ်။” လို့ ပြောပါတယ်။ 

လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ အောင်မင်္ဂလာရပ်ကွက်က ဦးဘုန်းကျော်ကတော့ သူ့ရပ်ကွက်က အိမ်ထောင်စု ၂၄၀ ကျော်အတွက် ပြည်နယ်အားကစားရုံမှာ အခြေခံ စားသောက်ကုန်တွေ လာရောက်ထုတ်ယူခဲ့ပါတယ်။

ဒီလိုလာထုတ်ရာမှာ ဆန်၊ဆီ၊ ဆား၊ ကြက်သွန်က ရရှိထားပေမယ့် ကုလားပဲက ကုန်နေလို့ နောက်နေ့မှာပဲ ပြန်လာထုတ်ဖို့ ရိက္ခာပေးဝေရေးအဖွဲ့က ပြောပါတယ်။ 

“ကျနော်တို့က ဆန်က ၈၂ အိတ်ရတယ်။ ဆီတို့ဆား၊ ကြက်သွန်တို့တော့ရမယ်။ ကျနော်တို့ အခု စောင့်နေရတာကတော့ ကုလားပဲမရသေးဘူး။ ကျနော်တို့ အခြေခံလူတန်းစားဆိုတဲ့ သတ်မှတ် ချက် ၁၆ ချက်ရှိတာပေါ့ အဲဒါ နည်းနည်းတော့များတာပေါ့။ များတော့ တချို့ကျတော့ ဝန်ထမ်းတော့ ရှိတယ်။ အဲဒီဝန်ထမ်းရှိတဲ့ အိမ်ရဲ့အတိုင်းအတာမှာ ဝန်ထမ်းတဦးကို မှီခိုပြီးနေထားတဲ့လူတွေကို ကျနော်တို့အနေနဲ့ နားလည်မှုနဲ့ နည်းနည်းလေးတော့ထည့်ပေးရတာပေါ့။ ” 

ကယားပြည်နယ်အတွင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ အခြေခံလက်လုပ်လုပ်စား စာရင်းအရ ဒီးမော့ဆိုမြို့နယ်မှာ အိမ်ထောင်စု ၅၇၄၁ စု၊ ဖရူဆိုမြို့နယ်မှာ ၁၁၇၃ စု၊ ရှားတောမြို့နယ်မှာ ၂၄၄ စု၊ ဘောလခဲမြို့နယ်မှာ ၄၇၈ စု၊ ဖားဆောင်းမြို့နယ်မှာ ၁၀၈၃ စု၊ မယ်စဲမြို့နယ်မှာ ၉၇၁ အိမ်ထောင်စု အသီးသီးရှိကြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013