DVB Logo
Home
မြန်မာသတင်း
မိုင်းတုံမြို့နယ်၌ COVID-19 စောင့်ကြည့်နေရာ ဟန်ပြလုပ်ဆောင်ခဲ့ဟု လွှတ်တော်အမတ် တိုင်ကြား
DVB
·
April 9, 2020
မိုင်းတုံမြို့နယ်၌ COVID-19 စောင့်ကြည့်နေရာ ဟန်ပြလုပ်ဆောင်ခဲ့ဟု လွှတ်တော်အမတ် တိုင်ကြား
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်၊ ပုံပါကျင်ဒေသမှာ COVID-19 ရပ်ရွာအခြေပြု facility quarantine နေရာကို ဟန်ပြလိမ်လည်ပြသခဲ့တယ်ဆိုပြီး မြို့နယ်အထွေအထွေအုပ်ချုပ်ရေးမှူးကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ရှမ်းပြည်နယ် အစိုးရထံ တိုင်ကြားထားပါတယ်။

မိုင်းတုံမြို့နယ်မှာ ပြည်ပက ပြန်လာသူတွေအတွက် Facility Quarantine အဖြစ် ပုံပါကျင်မြို့ အ.ထ.က ကျောင်းမှာ ၁၂ ဦး၊ နားကောင်းမူရွာ အ.ထ.ကမှာ ၂၈ ဦးနဲ့ နမ့်ဟူးခွန် ခရစ်ယာန်ဘုရားကျောင်းမှာ ၂၅ ဦးကို ထားဖို့ စီစဉ်ထားခဲ့တာပါ။

ဒီနေရာကို ခရိုင်တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးပြီး ပြန်လည်ထွက်ခွာသွားစဉ် ပြင်ဆင်ထားတဲ့ပစ္စည်းတွေကို သိမ်းဆည်းကာနေအိမ်တွေကို ပြန်သွားခဲ့ ကြကြောင်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က နောက်နှစ်ရက်အကြာမှ သိရှိခဲ့ပါတယ်။

ဒါကြောင့် ဧပြီ ၇ ရက်မှာ ဒုခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တို့က ထပ်မံသွားရောက်စစ်ဆေးခဲ့ရာမှာ အဆိုပါနေရာတွေမှာ Facility Quarantine   ပြင်ဆင်ဆောင်ရွက်ထားမှု မရှိတော့တာကို စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်တာဟာ ပြည်သူအပေါ် လိမ်လည်တာဖြစ်ပြီး အမျိုးသားသစ္စာဖောက်ဆိုကာ ပြည်နယ်ဝန်ကြီးချုပ်ထံ ဖုန်းဆက်တိုင်ကြားခဲ့တာလို့ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံ မြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဦးက သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြောပါတယ်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေအောင်ကတော့ "အမျိုးသားအဆင့် ဗဟိုကော်မတီက ညွှန်ကြားစာကို ပြည်နယ်အစိုးရက မတ် ၃၁ ရက်မှာ ထပ်ဆင့်ညွှန်ကြားလာလို့ ဧပြီ ၁ ရက်မှာ နေရာတွေစီစဉ်နိုင်ဖို့ သွားရောက်ခဲ့တယ်။ နောက်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ကလည်း ကြည့်ချင်တယ်ပြောလို့ ဧပြီ ၃ ရက်မှာ  ထပ်မံ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြတာပါ။ Home quarantine ထားတဲ့သူတွေက ၁၄ရက် စောင့်ကြည့် နေအိမ်မှာ အသွားအလာကန့်သတ်ထားရာမှာ ၅ ယောက်လောက်ပဲ ကျန်ပါတော့တယ်။ ဒါပေမဲ့ Home quarantine တွေကို​ ပြင်ဆင်ထားတဲ့နေရာမှာ မိမိတို့အသိစိတ်ဓာတ်နဲ့ နေကြဖို့စည်းရုံးပြောဆိုတာပဲလုပ်လို့ ရပါတယ်။ ဒီလူတွေကလည်း ဧပြီလ ၈ ရက်ဆို စောင့်ကြည့်ရက်ပြည့်ပါပြီ။ ဖျားနာသူ၊ သံသယလူနာလည်း လတ်တလောမှာ မရှိပါဘူး”လို့ ပြောပါတယ်။

မိုင်းတုံမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါပြန့်ပွားမှုမရှိစေရေး ပြည်ပက ပြန်လာသူတွေကို  Facility quarantine အဖြစ်ထားရှိဖို့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက မတ်လ ၃၀ ရက်မှာ ညွှန်ကြားပါတယ်။

ပုံပါကျင်ကျန်းမာရေးမှူး ဦးမြင့်စိုးထွန်းကတော့  "Facility Quarantine ပြင်ဆင်တာတော့ ထွေအုပ်က လုပ်တာဆိုတော့ ကျနော်လည်း မသိလိုက်ရဘူး။ ဒီမှာတော့ တဘက်နိုင်ငံက ပြန်ဝင်လာသူတွေကို စိစစ်ရာမှာ အင်အား ၉၀ လောက်ရှိတယ်။ ဒေသခံတွေဖြစ်နေတာကြောင့် သူတို့ နေအိမ်တွေမှာပဲ အသွားအလာကန့်သတ် ၁၄ ရက် စောင့်ကြည့်နေတယ်။ သီးခြားထားဖို့တော့ ဖြစ်သင့်ပေမယ့် သူတို့အတွက် စားဝတ်နေရေး ဘယ်သူတာဝန်ယူမလဲ ဒါကြောင့် Home quarantine ပဲ လုပ်ထားရတယ်'' လို့ ပြောပါတယ်။

ပြည်ပက ပြန်လည် ဝင်ရောက်လာသူတွေ သက်ဆိုင်ရာကို သတင်းပို့ကြဖို့နဲ့  မိမိနေထိုင်ရာဒေသရှိ facility quarantine ပြင်ဆင်ထားတဲ့ နေရာတွေကို ကိုယ့် အသိစိတ်ဓာတ်နဲ့ မပျက်မကွက် သွားရောက်နေထိုင်ဖို့  သက်ဆိုင်ရာက အကြိမ်ကြိမ် အသိပေးနှိုးဆော်ထားပါတယ်။

 

သတင်း- အောင်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013