DVB Logo
Home
မေးမြန်းခန်း
google ကို မြန်မာဘာသာဖြင့် သုံးနိုင်ပြီ – ဦးသောင်းစုငြိမ်းနှင့် မေးမြန်းချက်
DVB
·
April 4, 2013
google ကို မြန်မာဘာသာဖြင့် သုံးနိုင်ပြီ – ဦးသောင်းစုငြိမ်းနှင့် မေးမြန်းချက်
Donate to DVB

ဒီနေ့ကစပြီး Google.com.mm ကို အသုံးပြုရင်  မြန်မာလို ရေးသား ညွှန်ပြထားတာတွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာလိုရေးသားညွှန်ပြထားတာမို့ အင်္ဂလိပ်လို မ ကျွမ်းကျင်တဲ့ သူတွေလည်း အင်တာနက်ကို အလွယ်တကူ သုံးလို့ရနိုင်လာတယ်။ နောက်ပိုင်းမှာ အင်္ဂလိပ် လို ကနေ မြန်မာလို ဘာသာပြန် ဖော်ပြတာမျိုးလို ဘာသာပြန်ကိစ္စရပ်တွေလည်း ဖြစ်လာတော့မယ်လို့  မြန်မာနိုင်ငံ ကွန်ပျုတာပညာရှင်များအသင်းရဲ့ အတွင်းရေးမှူး ဦးသောင်းစုငြိမ်းက ပြောပါတယ်။

ဦးသောင်းစုငြိမ်းကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

Google.com.mm ပေါ်လာတဲ့အတွက် အားသာချက် ပြောပြပေးပါ။

“မြန်မာလို စပြီးပေါ်လာပြီ။ လူတွေ တော်တော်များများ ကိုယ့်ဘာသာနဲ့ကိုယ် သုံးလို့ရမယ်ဆိုတော့ အင်္ဂလိပ်လိုကျွမ်းကျင်တဲ့သူတွေလည်း ၀င်လာလို့ အနေအထား ရသွားတယ် အဲဒါက နံပါတ်တစ်။ နောက်တခုက နောက်ပိုင်း တဖြည်းဖြည်း ဆက်ပြီးလုပ်သွားမယ်ဆိုရင် Google map၊ image တို့ဘာတို့ရှာသွားတိုင်းမှာ ကိုယ့်မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ဟာ ထိပ်ဆုံးကနေ တက်တက်လာမှာ ဖြစ်ပါတယ်။”

နည်းပညာပိုင်းမှာရော ဘာတွေ တိုးတက်ပြောင်းလဲသွားနိုင်လဲ။

“ကုတ်နဲ့ပတ်သက်ပြီး သူတို့ လုပ်နေတာတွေရှိတယ်။ နောက်ပိုင်းကျရင် Google မှာ ဘာသာပြန်တာတွေ။ အခုက မြန်မာဘာသာက လုပ်လို့မရသေးဘူး။ နောက် ၁ နှစ်၊ ၂ နှစ်လောက်ကျရင် translate မှာ English to Myanmar တို့ပါ ဘာသာပြန်လို့ ရလာမှာမျိုးတွေ၊ နောက်သူတို့ရဲ့ google play တို့ဟာမျိုးတွေကို မြန်မာပြည်ကပါ သုံးလို့ရအောင်၊ မြန်မာ user တွေပါ ဒေါင်းလွတ်လုပ်လို့ရအောင် သူတို့ဖွင့်ပေးနေတယ်ဆိုတော့ နည်းပညာဖွံ့ဖြိုးဖို့အတွက် အများကြီး အထောက်အကူဖြစ်သွားနိုင်ပါတယ်။”

google မှာ မြန်မာလို မရတာ နှစ်ပေါင်းများစွာ၊ အဲဒါက အစိုးရနဲ့ ဆိုင်လား၊ ဘာကြောင့်မရတာလဲ၊ အခုမှ ဘာလို့ ရသွားတာလဲ။

“အရင်ကတော့ ပိတ်ဆို့မှုတွေကလည်း ရှိနေတယ်။ အခု ပိတ်ဆို့မှုတွေ မရှိတော့မှ google ဆိုတာလည်း အမေရိကန်ဥပဒေနဲ့ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတခုဆိုတော့ ဥပဒေအရ တားမြစ်ထားတော့ မလုပ်နိုင်ဘူး။ အခု ဥပဒေတွေ ဖြေလျော့ပေးလိုက်ပြီဆိုတော့ သူတို့လည်း တဆင့်ပြီးတဆင့် တိုးပြီး မြန်မာနိုင်ငံကို ပြန်ပြီး ဖြေလျှော့ပေးလာတဲ့သဘောပါ။ နိုင်ငံရေးတွေနဲ့လည်း အများကြီး ဆက်နွှယ်တယ်လို့ ပြောလို့ ရပါတယ်။

ပြည်ပမှာရှိတဲ့ မြန်မာ ကွန်ပျူတာသုံးတဲ့သူတွေအတွက်ရော ဘာတွေများ  အထောက်ကူပြုမလဲ။

“ဥပမာ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ၊ နောက် နိုင်ငံခြားမှာ နေပေမယ့် မြန်မာလိုပဲ တတ်ကျွမ်းတယ်၊ နိုင်ငံခြားဘာသာနဲ့ သိပ်ကျွမ်းကျွမ်းကျင်ကျင်မရှိတဲ့ သူတွေအတွက် Information ရှာတဲ့နေရာမှာ အသုံးတည့်ချင်လည်း တည့်သွားလိမ့်မယ်။ ထိုင်းနိုင်ငံမှာဆိုရင် google.co.th ဆိုတာမျိုး အလိုလိုရောက်သွားမယ်။ အဲဒီကနေ Google.com.mm ဆိုတာကို ရိုက်ပြီးသုံးမယ်ဆိုရင် အနည်းဆုံးတော့ မြန်မာဘာသာနဲ့ စသုံးတဲ့ဟာမျိုး လုပ်လို့ရမယ်။ နောက်ပိုင်း ကရင်တို့၊ ရှမ်းတို့၊ စသဖြင့် ဘာသာတွေနဲ့လည်း ၀င်လာမယ်၊ မြန်မြန်ဆန်ဆန် ရလာမယ်ဆိုရင်တော့ တိုင်းရင်းသားတွေပါ အများကြီး အကျိုးရှိလာမှာပါ။”

တိုင်းရင်းသားဘာသာတွေနဲ့ သုံးနိုင်ဖို့က ဘယ်တော့လောက်ဖြစ်နိုင်မလဲ။

“ယူနီကုတ်က အစကတည်းက သူ့ထဲက ပါတယ်လို့ ကျနော်တို့ နားလည်ထားတယ်။ အခုကတည်းက ရှမ်းတို့ အစရှိတဲ့ ဘာသာစကားတွေနဲ့ သူ့ကီးဘုတ်နဲ့ သူ့ဟာသူ ရှိတဲ့သူတွေကတော့ သုံးလို့ရနေပါပြီ။”

မြန်မာလိုဖြစ်သွားတော့ မြန်မာနိုင်ငံမှာ အင်တာနက် သုံးစွဲသူ ဘယ်လောက်များ တိုးတက်လာနိုင်မလဲ။

“ဒါကတော့ google ၀က်ဘ်ဆိုဒ်တခုတည်းနဲ့တော့ အများကြီး မသက်ဆိုင်ဘူး။ သူကလည်း စွဲဆောင်မှုတခုတော့ ဖြစ်သွားမယ်။ ပိုအရေးကြီးတဲ့ အင်တာနက်ကို တက်ပြီး သုံးလာနိုင်ဖို့ကတော့ ဘယ်လိုချိတ်ဆက်မလဲဆိုတာ မိုဘိုင်းဖုန်းတွေနဲ့ ချိတ်ဆက်မလား၊ ဖိုင်ဘာတွေဆွဲပြီး ချိတ်ဆက်မလား၊ အဲဒါတွေကတော့ ဒီနှစ်ခုတွဲပြီး သွားမှပဲ လူဦးရေ သန်း ၂၀၊ ၃၀ လောက် အင်တာနက် သုံးကြတယ်ဆိုတာ ရောက်သွားမှာပါ။”

ဦးသောင်းစုငြိမ်းရဲ့ လူမှုရေးဝက်ဘ်ဆိုဒ်စာမျက်နှာမှာလည်း Google.com.mm ကို သွားရင် မြန်မာလို ပေါ်ပါပြီ။ မြန်မာကီးဘုတ် မရှိသူများအတွက်လည်း on-screen keyboard တခုထည့်ပေးထားပါတယ်။ ယူနီကုဒ်သုံးထားတာ ဖြစ်ပါတယ်။ ဇော်ဂျီသုံးစွဲသူများဆီမှာတော့ ယူနီကုဒ်စာလုံးတွေ ကောင်းကောင်း ပေါ်ချင်မှ ပေါ်ပါမယ်။ Google.com.mm ကို မြန်မာဘာသာနဲ့ သုံးချင်တယ်ဆိုပြီး preference setting လုပ်လိုက်ပြီး ပေါ်လာတဲ့ စာမျက်နှာမှာ Search box ထောင့်က ကီးဘုတ်ပုံလေးကို နှိပ်ရင် on-screen keyboard ပေါ်လာမှာပါ။ အဲဒါလေး ဖွင့်ပြီး မြန်မာ ကီးဘုတ်မရှိပဲ ရိုက်ထည့်လို့ ရပါတယ်လို့ ရေးသား ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013