
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီး အမှုဖွင့်ခံထားရတဲ့ VOM သတင်းဌာန အယ်ဒီတာချုပ် ဦးနေမျိုးလင်းကို မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် တရားရုံးမှာ ဒီမနက် ဒုတိယအကြိမ် ရမန်ယူပါတယ်။
မန္တလေးအခြေစိုက် VOM သတင်းဌာန အယ်ဒီတာချုပ် ဦးနေမျိုးလင်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ၅၀(က)၊၅၂(က)တို့နဲ့ မန္တလေးတိုင်း သတင်းရဲတပ်ဖွဲ့ ဒုရဲမှူး ခင်မောင်းဝင်းက တရားလိုပြုလုပ် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
မတ်လ ၂၇ နေ့က VOM သတင်းဌာနရဲ့ ထုတ်လွှင့်ချက်ပါ အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနဲ့ VOM ဆက်သွယ်မေးမြန်းတွေဟာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ ငြိစွန်းတယ်ဖို့ပြီး တရားစွဲဆိုခဲ့တာပါ။
အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၀(က)ဟာ အနည်းဆုံးထောင်ဒဏ် (၁၀)နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်တကျွန်းကျစေနိုင်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၂(က)ကတော့ အနည်းဆုံးထောင်ဒဏ်(၃)နှစ် မှ အများဆုံး ထောင်ဒဏ်(၇)နှစ်ထိ ကျခံရနိုင်တာဖြစ်ပါတယ်။
ဒီအမှုအတွက် လာမယ့် ရုံးချိန်းကိုတော့ ဧပြီ ၂၃ ရက်နေ့ ထပ်မံ ချိန်းဆိုထားပါတယ်။
Photo - Kaung Zaw Hein / MPA










