
နေပြည်တော်မှာ ထောက်ပံ့ရေး ပစ္စည်း ၅ မျိုးကို လက်လုပ်လက်စားသမားတွေ ရရှိစေဖို့ သက်ဆိုင်ရာ ကျေးရွာ ရပ်ကွက်တွေက စံ ၅ ခု သတ်မှတ်ပြီး ကောက်ယူထားတယ်လို့ ပုဗ္ဗသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က ပြောပါတယ်။
“လက်လုပ်လက်စားသမားဆိုတဲ့ နေရာမှာ ခေါင်းရွက် ဗျတ်ထိုးစျေးသည်တွေ၊ ဆောက်လုပ်ရေး လုပ်သားတွေ၊ နေ့စားလုပ်တဲ့ အလုပ်သမားတွေ၊ လယ်ယာနဲ့ ပတ်သက်လာရင်လည်း လယ်လုပ်သားအဖွဲ့တွေပေါ့၊ တနေ့လုပ်မှ တနေ့စားရတဲ့ လုပ်သားတွေကို စာရင်းအမှန်ရရှိအောင် ကောက်ယူသွားမှာပါ။”
စာရင်းကောက်ယူမှု စတင်လုပ်ဆောင်နေပြီး ထောက်ပံ့ရေးပစ္စည်းပေးမလား၊ ငွေကြေးပေးပြီး ထောက်ပံ့ရေးပစ္စည်းတွေ ဝယ်ယူခိုင်းမလားဆိုတာ မသိရသေးပေမယ့် နိုင်ငံတော်အတိုင်ပင်ခံရဲ့ လမ်းညွှန်မှုနဲ့ လက်လုပ်လက်စားသမားတွေ ထိရောက်စွာ ရရှိအောင် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့အချိန် သင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်တွေမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို အိမ်ထောင်စု ၁ စုကို ဆန် ၈ ပြည်၊ ဆား ၅၀ ကျပ်သား၊ ပဲ ၁ ပိဿာ၊ ကြက်သွန် ၁ ပိဿာ ထောက်ပံ့ပေးဖို့ နိုင်ငံတော်က ဧပြီလ ၆ ရက်နေ့က ထုတ်ပြန်ထားပြီး ဧပြီ ၁၀ ရက်နေ့ကစတင်ပြီး အခမဲ့ ဖြန့်ဖြူးပေးရမယ်လို့ သိရပါတယ်။
ဒါအပြင် ပြည်သူတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ပြည်တွင်း လူမှုရေးအဖွဲ့အစည်းတွေ (သံရုံး ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းများမပါ) အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၁၅၀ ယူနစ်အထိ ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့) ကို ဧပြီလအကုန်အထိ ပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။










