
ကရင်နီပြည်နယ်အတွင်း စစ်တပ်ရဲ့ လေကြောင်းရန်နဲ့ ဗုံးကြဲတိုက်ခိုက်မှု အန္တရာယ်တွေကို ပြည်သူတွေ ကြိုတင်ရှောင်ရှားနိုင်ဖို့အတွက် “Air Alert” အမည်ရ ဆော့ဖ်ဝဲလ် (Application) ကို ထည့်သွင်းအသုံးပြုဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ လေကြောင်းရန် အန္တရာယ်ကို နေ့စဉ် အဆိုးရွားဆုံး ရင်ဆိုင်နေရတဲ့ ဒေသတွေထဲမှာ ကရင်နီပြည်နယ်ဟာ ထိပ်ဆုံးက ပါဝင်ပါတယ်။
ရုတ်တရက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မြေပြင်က စစ်ရှောင်ပြည်သူတွေဟာ ကြိုတင်ပြင်ဆင်ချိန်မရဘဲ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးနေရတာ များပါတယ်။
ဒါကြောင့် ကရင်နီပြည်နယ်အတွင်း စစ်တပ်ရဲ့ လေကြောင်းရန်နဲ့ ဗုံးကြဲတိုက်ခိုက်မှု အန္တရာယ်တွေကို ပြည်သူတွေ ကြိုရှောင်ရှားနိုင်ဖို့အတွက် “Air Alert” နာမည်နဲ့ ဆော့ဖ်ဝဲလ်ကို အသုံးပြုကြဖို့ တိုက်တွန်း နှိုးဆော်နေကြတာပါ။
Air Alert ဆော့ဖ်ဝဲလ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ UAV ဌာနက နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီထားတာဖြစ်ပြီး မြေပြင်မှာ စစ်လေယာဉ်တွေ့တာ ဒါမှမဟုတ် ဗုံးကြဲမဲ့ အခြေအနေတွေကို ၁ မိနစ်ကနေ ၅ မိနစ်ခန့် ကြိုတင်သတိပေးချက် ထုတ်ပြန်ပေးနိုင်မယ်လို့ ဆော့ဖ်ဝဲလ်ရေးသားသူက ရှင်းပြထားပါတယ်။
Air Alert ဆော့ဖ်ဝဲလ် ရေးသားသူက “သူသည် Online System ဖြစ်တဲ့အတွက် Online ရှိမှပဲ အလုပ်လုပ်မယ်။ Offline အနေနဲ့ အသုံးပြုလို့ရရင်တောင် လိုအပ်တဲ့ပစ္စည်းတွေ ကုန်ကျစရိတ်တွေ အရမ်းများပါတယ်။ အဲဒီတော့ ကျနော်က ဒါလေးလုပ်ထားတာသည် ကိုယ့်ပြည်နယ်တခုမှာ ရှိတယ်ဆိုရင် မြို့နယ်အလိုက်တွေ ရှိမယ်။ ဘယ်မြို့နယ်ကနေ ပြည်နယ်တခုထဲကနေပေါ့၊ ဘယ်မြို့နယ်ကနေ ဖြတ်သွားပြီ၊ လေယာဉ်ဖြတ်သွားပြီပေါ့၊ ဒါ သိပြီဆိုရင် ကိုယ့်အတွက် တချို့နေရာတွေမှာ ကြဲနိုင်ခြေရှိတဲ့ နေရာတွေမှာ ပိုပြီးတော့ ဘေးကင်းလုံခြုံဖို့အတွက် Cover ကျင်းတွေမှာ သွားပြီးတော့ ခိုလှုံလို့ရတယ်။ ၅ မိနစ်၊ ၁၀ မိနစ်လောက် ဒါမှမဟုတ်လည်း သုံး လေးမိနစ်လောက် ဆိုရင်လည်း ကိုယ်က ပြေးလိုက်ရင် ရောက်တဲ့ပုံစံမျိုးပေါ့၊ အဲဒီလိုမျိုး အချိန်ပိုရအောင် ကျနော်တို့ ရည်ရွယ်ထားတယ်” လို့ ပြောပါတယ်။
ကရင်နီ၊ ရှမ်းနဲ့ စစ်ကိုင်း စတဲ့ ပဋိပက္ခဒေသဘက်တွေအပြင် တနိုင်ငံလုံး အတိုင်းအတာနဲ့ စောင့်ကြည့်နိုင်ပြီး စစ်အာဏာရှင်ဘက်က သတင်းအမှားတွေနဲ့ နှောင့်ယှက်ဖျက်ဆီးတာမျိုး မလုပ်နိုင်ဖို့အတွက် Invite Code (ဖိတ်ခေါ်ချက်ကုဒ်) စနစ်နဲ့ Reporter တွေကို စနစ်တကျ စိစစ်ပြီးမှ မြေပြင်သတင်းတင်ခွင့်ပြုတာလို့ ဆိုပါတယ်။
လတ်တလော ဆော့ဖ်ဝဲလ်အသုံးပြုသူ ၂,၇၀၀ ကျော် ရှိနေပါပြီ။ ဒါပေမဲ့ အင်တာနက်ကို အချိန်အကန့်အသတ်နဲ့ အသုံးပြုခွင့်ရနေတဲ့ ကရင်နီ စစ်ရှောင်စခန်းတွေမှာတော့ ဒီ Application သုံးဖို့ အခက်အခဲတွေရှိနေပြီး လေကြောင်းရန်ကို အချင်းချင်း သတိပေးတဲ့စနစ်နဲ့ စောင့်ကြည့်နေရတယ်လို့ ဖရူဆိုဘက်က စစ်ရှောင်တွေက ဆိုပါတယ်။
ဖရူဆိုစစ်ရှောင်တယောက်က “လေယာဉ် တနည်းအားဖြင့်ပြောရရင် အမြင့်ကြီး ပျံနေရင်တော့ ဘယ်သူမှ ဂရုမစိုက်တဲ့ အနေအထားပေါ့။ ဒါပေမဲ့ နိမ့်နိမ့်လေးပျံရင်တော့ နည်းနည်းထူးခြားပြီ၊ ဆင်းလာပြီဆိုတဲ့ ပုံစံမျိုးရှိတော့ ကိုယ့်ဘာသာကို ဗုံးကျင်းထဲ အတူတူပုန်းတယ်။ ကလေးတွေကအစ ကျောင်းတွေမှာကအစ လေ့ကျင့်ထားတာ ရှိတယ်ပေါ့။ ဗုံးခိုကျင်းထဲကို ဘယ်လို အစီအစဉ်တကျ ပြေးဝင်ရမလဲ ဆိုတဲ့ ပုံစံလောက်ပဲ ရှိပါသေးတယ်” လို့ ပြောပါတယ်။
ဒီ Application ကို တရုတ်နိုင်ငံထုတ် ဖုန်းဖြစ်တဲ့ Xiaomi ဖုန်းတွေမှာ ထည့်သွင်းဖို့ အခက်အခဲတချို့ ရှိနေပေမဲ့ ကျန် Android ဖုန်းတွေထဲမှာတော့ အလွယ်တကူ ဒေါင်းလုပ် လုပ်ပြီး အသုံးပြုနိုင်ပါတယ်။
Apple (iOS) ဖုန်းတွေမှာတော့ စနစ်တခု ထပ်ဖန်တီးပေးနိုင်ဖို့ နည်းပညာနဲ့ ရန်ပုံငွေပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးနိုင်မဲ့သူများ လိုအပ်နေသေးလို့လည်း အသိပေးထားပါတယ်။










