နိုင်ငံတော်အရန်ဆန်အဖြစ် သတ်မှတ်သိုလှောင်ရုံသို့ ပေးသွင်းရောင်းချရန် တိုက်တွန်း

နိုင်ငံတော်အရန်ဆန် အဖြစ်နဲ့ သတ်မှတ်သိုလှောင်ရုံကို ပေးသွင်းရောင်းချပေးရမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ဒီထုတ်ပြန်ချက်က မတ်လ ၁၆ ရက်မှ ၂၀ ရက်အထိ ပို့ကုန်လိုင်စင်ရရှိထားသူတွေ အတွက် အကျုံးဝင်မှာဖြစ်ပြီးတော့ တင်ပို့မယ့် ကုမ္ပဏီတွေက မတင်ပို့မီ ကြိုတင်ပြီး ဒါမှမဟုတ် အမှန်တင်ပို့ပြီး တစ်ပတ်အတွင်း ပေးသွင်းရောင်းချပေးရမှာ ဖြစ်ပါတယ်။
သတ်မှတ်ကာလအတွင်းပေးသွင်းမှု မရှိခဲ့ရင်တော့ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေ အရ အရေးယူခံရမှာဖြစ်ပြီး လုပ်ငန်းရှင်မှတ်ပုံတင်ပိတ်သိမ်း အရေးယူတာမျိုးလည်း ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါဟာ၂၀၂ဝ ပြည့်နှစ်မှာ ဆန်နဲ့ဆန်ကွဲ ပြည်ပတင်ပို့မယ့် လုပ်ငန်း အစီအစဉ်တရပ်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် မေ ၁ ရက်နောက်ပိုင်း ဆန်တင်ပို့ခွင့်လိုင်စင် ခွင့်ပြုထုတ်ပေးတာနဲ့ ပက်သက်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေကိုလည်း ထပ်မံထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။
COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ဖြစ်ပေါ်နေတာကြောင့် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေး၊ ကုန်စျေးနှုန်းတည်ငြိမ်ရေး၊ တောင်သူလယ်သမားတွေ ဝင်ငွေတိုးတက် ရရှိရေးနဲ့ ပြည်ပပို့ကုန်တိုးမြှင့်ရေးကို ရည်ရွယ်ပြီး ဒီလိုထုတ်ပြန်တာဖြစ်တယ်လို့သိရပါတယ်။
စိုးချစ်ပိုင်











