DVB Logo
Home
မြန်မာသတင်း
အစိုးရက ဖုန်းဆင်းကတ် ဈေးလျှော့ရောင်းမည့်အပေါ် ရွှေပြည်တံခွန် ကြိုဆို
DVB
·
April 4, 2013
အစိုးရက ဖုန်းဆင်းကတ် ဈေးလျှော့ရောင်းမည့်အပေါ် ရွှေပြည်တံခွန် ကြိုဆို
Donate to DVB

မြန်မာအစိုးရက ဆင်းကတ်တခုရဲ့ဈေးနှုန်းကို ကျပ် ၂ သိန်းနဲ့ ရောင်းနေရာကနေ  ကျပ် ၁၅၀၀ ထိ ဈေးလျှော့ရောင်းပေးတော့မယ်လို့ ဧပြီ ၃ ရက်နေ့ ည သတင်းမှာ ထုတ်ပြန်ကြေညာလိုက်ပြီး ၁ လကို နိုင်ငံတ၀န်းလုံးကို ဆင်းကတ်ပေါင်း ၃ သိန်း ၅ သောင်း ဖြန့်ဝေမယ်လို့ ဆိုပါတယ်။

၂၀၁၂ ခုနှစ်ဆန်းပိုင်းတုန်းက ရွှေပြည်တံခွန်ကုမ္ပဏီက မန်းနေးဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက တယ်လီဖုန်းဆင်းကတ်တခုကို ကျပ်ငွေ ၅ ထောင်နဲ့ ရောင်းပေးမယ်လို့ သတင်းစာရှင်းလင်းပွဲလုပ်ချိန်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆင်းကတ်တခုကို ကျပ်ငွေ ၅ သိန်းနဲ့ ရောင်းချနေချိန်ဖြစ်တာကြောင့် ပြည်သူလူထုက အစိုးရအပေါ် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါတယ်။

ဒီနောက်မှာ သမ္မတဦးသိန်းစိန်က  အများပြည်သူ ဈေးသက်သာစွာနဲ့ တယ်လီဖုန်းသုံးနိုင်ရေး အကောင်အထည်ဖော်မယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒီနောက် မနှစ်နှစ်လယ်ပိုင်းမှာ ဆင်းကတ်တခုကို ကျပ်ငွေ ၂ သိန်းထိ ဈေးလျှော့ချပြီး ကျေးလက်တောရွာတွေနဲ့ ၀န်ထမ်းတွေကို အရစ်ကျပေးချေတဲ့စနစ်နဲ့ အကြွေးရောင်းချခဲ့ပါတယ်။

အခုလို ဆင်းကတ်တခုကို ကျပ်ငွေ ၁၅၀၀ ကျပ်နဲ့ ရောင်းမယ်လို့ အစိုးရက ကြေညာလိုက်တဲ့အတွက် လူတိုင်း လူတိုင်း တယ်လီဖုန်းကိုင်တွယ်အသုံးပြုနိုင်တဲ့ခေတ်ကို ရောက်ရှိနိုင်တော့မှာဖြစ်ပြီး ဆက်သွယ်ရေးစနစ် ကောင်းမွန်လာတော့မှာ ဖြစ်ပါတယ်။

အစိုးရကြေညာချက်အပေါ် ဆင်းကတ်တခု ကျပ် ၅ ထောင် ဈေးနဲ့ စိန်ခေါ်ကမ်းလှမ်းခဲ့တဲ့ ရွှေပြည်တံခွန် မန်းနေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက ၀မ်းသာအယ်လဲ ကြိုဆိုလိုက်ပြီး နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲမှုကို ပြည်သူတွေ တိုက်ရိုက်ခံစားရတဲ့ အသီးအပွင့်တခုအဖြစ် မှတ်ချက်ပြုတယ်လို့ ပြောပါတယ်။

အရင်က ဆင်းကတ်တခုကို ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချမှု မပြုခဲ့တာနဲ့ ပတ်သက်ပြီး ဦးလွင်နိုင်ဦးက အခုလို သုံးသပ်ပါတယ်။

“အရင်တုန်းက ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး ဆက်နွှယ်နေတဲ့ လူတွေရဲ့ စိတ်နေသဘောထားပေါ့။ ကျနော် တချိန်တုန်းက ပြောခဲ့ပါတယ်။ ဒါကတော့ ပြည်သူတွေအပေါ်မှာထားတဲ့ စေတနာလို့ပဲ ပြောချင်တယ်။ အဲလူတွေရဲ့ စိတ်နေသဘောထားနဲ့ပဲ ဆိုင်မယ်လို့ ယူဆပါတယ်။”

ရွှေပြည်တံခွန်ကုမ္ပဏီက သတ်မှတ်တဲ့ ဈေးနှုန်းထက် အစိုးရက ပိုမိုလျှော့ပေါ့ရောင်းချခဲ့တာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“လွန်ခဲ့တဲ့ နှစ်တွေက ဈေးကွက်အရ ကျနော်တို့ အခြေအနေအရ တွက်ချက်ခဲ့တာ။ အဲတုန်းကကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ အခြေခံပြီး ကျနော်တို့က တွက်တာ။ အခုလုပ်တဲ့စနစ်က နိုင်ငံတကာမှာလည်း ၁၅၀၀ လောက်ဖြစ်နေပြီ။ ဟိုတလောကလည်း ကျနော်ပြောခဲ့ပါတယ်။ ဆင်းကတ်ကို အလကားပေးနိုင်အောင် တခြားနိုင်ငံတွေမှာလည်း ကြိုးစားနေပြီ။ ကျနော့်ထက် သုံးပုံတပုံ နည်းသွားတဲ့အတွက် ကြိုဆိုပါတယ်။ ကျနော်တို့က ၃၅၀၀ အမြတ်စားတာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်တွေတုန်းကတွက်ခဲ့တဲ့ စစ်တမ်းတွေအပေါ်မှာ အခြေခံပြီး တွက်ရတဲ့အခြေအနေကြောင့် ကွာဟမှု ရှိသွားတာပါ။”

အစိုးရက ဆင်းကတ်တွေကို ၁ လ ၃ သိန်းခွဲနှုန်းနဲ့ ပြည်နယ် ၁၄ ခုကို ဖြန့်ဝေသွားမယ့်အပေါ်ကိုလည်း ဦးလွင်နိုင်ဦးက အခုလိုပြောပါတယ်။
“ဒါကတော့ လုပ်ရင်းနဲ့ တည်ဆောက်သွားရမယ်။ ပြည်သူတွေက ချက်ချင်းအသီးအပွင့်ကို ခံစားသွားရတယ်။ ဒါပေမယ့် လုပ်ရင်းနဲ့ တည်ဆောက်သွားရမှာဖြစ်တဲ့အတွက် ၃ သိန်းခွဲဆိုတဲ့ အကန့်အသတ်လေး ရှိတာပါ။ ဒါကလည်း အချိန်လေးတခုပါ။ အဲဒီအချိန်လေး လွန်သွားရင် ပြည်သူတွေ လိုသလောက် ဖောဖောသီသီ ရသွားမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013