DVB Logo
Home
ဆောင်းပါး
သတင်းလွတ်လပ်ခွင့် တကယ်ရလာပြီလား
DVB
·
April 4, 2013
သတင်းလွတ်လပ်ခွင့် တကယ်ရလာပြီလား
Donate to DVB

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်နေ့ကတော့ မြန်မာနိုင်ငံ သတင်းမီဒီယာလောကအတွက် သမိုင်းဝင် နေ့တနေ့ ဖြစ်သွားခဲ့ပါပြီ။ အကြောင်းကတော့ နှစ်ပေါင်း ၄၀ ကျော် မတွေ့မမြင်၊ လုပ်ကိုင်ခွင့် မရခဲ့တဲ့ ပုဂ္ဂလိက နေ့စဉ်သတင်းစာတွေ ထုတ်ဝေ ဖြန့်ချိလာလို့ပဲ ဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက သတင်းစာ ၁၆ စောင် ထုတ်ဝေခွင့်ပြုထားတဲ့အထဲက ကြံ့ခိုင်ရေးက ထုတ်တဲ့ ပြည်ထောင်စုနေ့စဉ်၊ ရွှေနိုင်ငံ၊ The Voice Daily နဲ့ စံတော်ချိန် ၄ စောင် အရင်ထွက်လာတာပါ။ ဒီလို ပုဂ္ဂလိကသတင်းစာတွေ ထုတ်ဝေလာနိုင်ခြင်းအားဖြင့် မြန်မာ မီဒီယာလောက လွတ်လပ်ခွင့် ဘယ်အခြေအနေလောက် ရောက်ပြီလဲ၊ သတင်းလွတ်လပ်ခွင့် အပြည့်အ၀ရဖို့ ဘာတွေလိုဦးမလဲ စတာတွေ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

ပထမဦးဆုံးပြောဖို့လိုတာက ဒီ သတင်းစာတွေ အားလုံးဟာ ဘာဆင်ဆာမှ မရှိဘဲ ထုတ်ခွင့်ရလာတာမို့ မင်္ဂလာရှိတယ်လို့ ပြောနိုင်ပါတယ်။ သတင်းစာထုတ်ဝေခွင့်နဲ့ ပတ်သက်ပြီး အခု ၁၆ စောင်တင်မက နောက်ထပ် အများကြီး ခွင့်ပြုပေးဖို့ လိုပါဦးမယ်။ တိုင်းရင်းသားဘာသာနဲ့ ထုတ်ဝေမယ့်သူတွေ၊ နိုင်ငံရပ်ခြားဘာသာနဲ့ ထုတ်ဝေမယ့်သူတွေ ရှိလာမယ့်အပြင် တပတ်တခါထုတ် သတင်းဂျာနယ်ခေတ် ကုန်ဆုံးတော့မှာမို့ ဂျာနယ်တိုက်တွေကလည်း သတင်းစာလုပ်ဖို့ ထုတ်ဝေခွင့် လျှောက်ထားလာကြမှာ ဖြစ်ပါတယ်။ ဒီအတွက် ပြန်ကြားရေးဝန်ကြီးဌာနဟာ ငွေအရင်းနှီးနည်းတဲ့ ထုတ်ဝေသူ အငယ်တွေကိုလည်း သတင်းစာထုတ်ခွင့်ပေးဖို့ လိုပါလိမ့်မယ်။

ပူပူနွေးနွေး ထုတ်ဝေစ သတင်းစာတွေနဲ့ ပတ်သက်ပြီး ပထမဦးဆုံး အန္တရာယ်ရှိနေတာက ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်မှာ တင်ထားတဲ့ “ပုံနှိပ်-ထုတ်ဝေ” ဥပဒေကြမ်းပါ။ ဒီ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးက ပြန်ရုပ်သိမ်းဖို့ မရှိဘူးလို့ ပြောထားတဲ့အတွက် ယာယီစာနယ်ဇင်းကောင်စီက သဘောမတူပဲ လွှတ်တော်မှာ ဆွေးနွေး အတည်ပြုနိုင်ခဲ့ရင် စာအုပ်စာတမ်း၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း ထုတ်ဝေတာတွေနဲ့ ပတ်သက်ပြီး ထုတ်ဝေခွင့်မှာ ထိန်းချုပ်လာနိုင်ပါတယ်။ ရေးသားဖော်ပြမှုတွေကို သဘောမကျရင် သဘောမကျသလို ပြန်ကြားရေးဝန်ကြီးဌာနက “တရားမ၀င် ပုံနှိပ်စာ” အဖြစ် သတ်မှတ်ပြီး ထုတ်ဝေခွင့်ရပ်ဆိုင်းစေတာ၊ အပြစ်ပေး အရေးယူတာမျိုး လုပ်လာနိုင်ပါတယ်။ ဒါပေမယ့် အဲဒီဥပဒေကြမ်း အတည်ပြုနိုင်ခြင်း ရှိ၊ မရှိ မသိနိုင်သေးပါဘူး။

နောက်တခုကတော့ သတင်းစာထုတ်သူတွေ ကြုံရမယ့် ပြဿနာတွေပါ။ ခေတ်ပြောင်းလာတာနဲ့အမျှ သတင်းစာထုတ်တဲ့ လုပ်ငန်းဟာ အရင်းအနှီးကြီးလာပါတယ်။ ဒီ့အပြင် အရင် စစ်အစိုးရ မျက်နှာသာပေးမှုအောက်မှာ သတင်းစာ ပြောင်းထုတ်မယ့် တချို့ ဂျာနယ်တွေဟာ အတော် အင်အားကြီးနေပါပြီ။ ဒီအတွက် အင်အားနည်းတဲ့ ဂျာနယ်ကနေ သတင်းစာထုတ်မယ့်သူတွေ၊ ခုမှ ထုတ်မယ့်သူတွေအတွက် အရင်းအနှီး အခက်အခဲ တွေ့မှာ အမှန်ပဲ ဖြစ်ပါတယ်။

နောက်တချက်က လူအရင်းအမြစ် ပြဿနာပါ။ သတင်းလုပ်ငန်းလုပ်တဲ့ မျိုးဆက်ပြတ်သွားတာကြောင့် လူအရင်းအမြစ် ပြဿနာပါ ကြုံနေရပြီး အဲဒါတွေက အခု ထွက်လာမယ့် သတင်းစာတွေရဲ့ အရည်အသွေးနဲ့ အဆင့်အတန်းကို သတ်မှတ်ပါလိမ့်မယ်။

ထူးခြားချက် အနေအထားအရ ပုဂ္ဂလိကသတင်းစာတွေဟာ အစိုးရ ရန်ပုံငွေ အထောက်အပံ့ အပြည့်အ၀ ရထားတဲ့ နိုင်ငံပိုင်သတင်းစာတွေကို ပြိုင်ဆိုင်ရမယ့် ကိစ္စပါ။ နိုင်ငံပိုင်သတင်းစာဟာ နယ်မြို့တချို့မှာ ကိုယ်ပွားသတင်းစာတိုက်တွေ ထားပြီး ရန်ကုန်နဲ့ တပြိုင်နက်တည်း ရိုက်နှိပ်ဖြန့်ချိနိုင်တဲ့ အနေအထားထိ ရှိနေပါပြီ။ မြို့နယ်တိုင်းမှာလည်း ပြည်သူတွေ ပေးတဲ့ အခွန်ငွေ အသုံးပြုပြီး အစိုးရလစာနဲ့ သတင်းထောက်တွေ ခန့်ထားနိုင်ပါတယ်။ ဒါတင်မက အစိုးရနဲ့ ဆက်စပ် ပတ်သက်တဲ့သတင်းကို ပြန်ကြားရေးကပဲ ရနိုင်ပြီး အခု အဲဒီသတင်းတွေ ပုဂ္ဂလိကတွေကို ပြန်ရောင်းစားမယ်လို့ သမ္မတ အကြံပေးလည်းဖြစ်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က ပြောနေပြန်ပါပြီ။ ပုဂ္ဂလိကသတင်းစာတွေဘက်က လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့ အခြေအနေအောက်မှာ ဖြန့်ချိရေးကလည်း အခက်အခဲတခု ဖြစ်လာမှာပါ။ ဒါတင်မက အစိုးရ ဌာနဆိုင်ရာသတင်းတွေ ရယူရမယ့် အခက်အခဲတွေလည်း ကြုံကြရပါဦးမယ်။ ဘယ်လိုပဲဖြစ်ဖြစ် သမ္မတဦးသိန်းစိန် အစိုးရသစ် သက်တမ်း ၂ နှစ်အကြာမှာ ဆင်ဆာမရှိတဲ့ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေလာနိုင်တာကတော့ ကျေနပ်စရာ အတော်ကောင်းပါတယ်။
ဒါပေမယ့် လက်ရှိ အချိန်ထိ အစိုးရနဲ့ ခရိုနီတွေပဲ လက်ဝါးကြီးအုပ် လုပ်ကိုင်နေသေးတဲ့ ရေဒီယို ထုတ်လွှင့်ခွင့်နဲ့ ရုပ်သံ ထုတ်လွှင့်ခွင့် ပုဂ္ဂလိကတွေကို လုပ်ကိုင်ခွင့်ပေးဖို့ အရိပ်အယောင်တောင် မမြင်ရသေးပါဘူး။ အထူးသဖြင့် တိုင်းရင်းသားတွေဟာ သူတို့ ဘာသာစကားနဲ့ သူတို့ဒေသမှာ လွှင့်နိုင်မယ့် အက်ဖ်အမ် ရေဒီယို ထုတ်လွှင့်ခွင့် အများကြီး ရဖို့ လိုအပ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပုဂ္ဂလိကပိုင်းကနေ ရေဒီယိုထုတ်လွှင့်ခွင့်၊ ရုပ်သံ ထုတ်လွှင့်ခွင့်တွေ မရသေးသ၍တော့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် ရပြီလို့ မပြောနိုင်သေးပါကြောင်း တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013