DVB Logo
Home
မေးမြန်းခန်း
ရှေ့တန်းတိုက်ပွဲ ပိုလျော့သွားအောင် ညှိနှိုင်းရမယ် – ဦးလနန်
DVB
·
April 3, 2013
ရှေ့တန်းတိုက်ပွဲ ပိုလျော့သွားအောင် ညှိနှိုင်းရမယ် – ဦးလနန်
Donate to DVB

ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရတို့ သင်္ကြန်မတိုင်ခင်မှာ နောက်ထပ်တွေ့ဆုံဖို့ စီစဉ်နေပါတယ်။

ဒီတွေ့ဆုံပွဲမှာ ကေအိုင်အိုက ဘာတွေဆွေးနွေးမလဲ။ ကချင်လွတ်မြောက်ရေးအဖွဲ့က တောင်းဆိုထားတဲ့ ကုလသမဂ္ဂနဲ့ ဗြိတိန်၊ အမေရိကန်နဲ့ တရုတ် ကိုယ်စားလှယ်တွေရော တက်ခွင့်ပေးမှာလား။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ကချင်လွတ်မြောက်ရေးအဖွဲ့က ပြောခွင့်ရ ဦးလနန်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထား ပါတယ်။

[caption id="attachment_36402" align="alignright" width="150" caption=" ဦးလနန်"][/caption]

“ဧပြီ ၁၀ ရက်မတိုင်ခင် တွေ့ဖို သဘောတူညီချက်ရှိပြီးသားပါ။ ဧပြီ ၁၀ ရက်မတိုင်ခင် တွေ့ဖို့ အစီအစဉ်လုပ်နေကြပြီ။”

ကေအိုင်အိုဘက်က ဘယ်သူတွေ သွားတက်မှာပါလဲ။

“ပုံမှန်ပါပဲ။ ဆွေးနွေးရေးကိုယ်စားလှယ်တွေရှိတယ်။ သူတို့ပဲ တာဝန်ယူပြီး ဆွေးနွေးပွဲ တက်ဖြစ်မယ်။”

ဆွေးနွေးပွဲက ဘယ်မှာလုပ်မလဲ။ အခု သတင်းတွေထွက်နေတယ် ကေအိုင်အိုနယ်မြေမှာ လုပ်မယ်ဆိုပြီး။

“ကေအိုင်အို ဗဟိုကော်မတီက ဆုံးဖြတ်ချထားတာကတော့ ဒီတခေါက်တွေ့ဆုံမှုမှာ ကုလသမဂ္ဂက ဦးစီးဦးဆောင်ပြီး အမေရိကန်၊ ဗြိတိန်တို့က ကိုယ်စားလှယ်တွေပါ တက်နိုင်မယ်ဆိုရင်တော့ ပြည်တွင်းမှာလုပ်ဖို့ အစီအစဉ်လုပ်ထားကြတယ်။ ဒါပေမယ့် အဲကိုယ်စားလှယ်တွေ တက်နိုင်မယ် မတက်နိုင်ဘူးဆိုတဲ့ အဖြေက မထွက်သေးဘူး။ အဲကိစ္စတွေကြောင့် ဆွေးနွေးမယ့်နေရာ၊ ဆွေးနွေးမယ့် ရက်ကို ဆုံးဖြတ်ချက်မချနိုင်သေးဘူး။”

ဆွေးနွေးပွဲဖြစ်လာမယ်ဆိုရင် ကေအိုင်အိုအနေနဲ့ ဘာတွေအဓိကထား ဆွေးနွေးသွားမလဲ။

“မတ်လ ၁၁-၁၂ မှာ ဆွေးနွေးသွားတဲ့ သဘောထားထုတ်ပြန်ချက်မှာ လုပ်ရမယ့် လုပ်ငန်းစဉ်တွေပါတယ်။ အဲဒါတွေကိုပဲ အဓိက ဆွေးနွေးသွားရမယ်လို့ မျှော်လင့်တယ်။”

ကေအိုင်အို/ကေအိုင်အေနဲ့ အစိုးရဆွေးနွေးပွဲကဖြစ်နေပေမယ့်လည်း တဖက်မှာ တိုက်ပွဲတွေ ကြိုကြားဖြစ်နေတာအပေါ်ရော ဘာပြောလိုပါလဲ။

“အခုဖြစ်နေတဲ့ တိုက်ပွဲတွေက အစိုးရစစ်ကြောင်းတွေကနေ ကေအိုင်အေတပ်စခန်းတွေဘက်ကို လာချဉ်းကပ်တာမျိုး၊ လာပိတ်ဆို့တာမျိုး လုပ်တာကြောင့်ဖြစ်တဲ့ တိုက်ပွဲများပါတယ်။ အခု ဒီနေ့မနက်လည်း ၁၀ နာရီခွဲကနေ တပ်မဟာ ၄ ပတ်ဝန်းကျင်မှာ ရှမ်းပြည်မြောက်ပိုင်းဘက်မှာဆိုရင် အစိုးရစစ်ကြောင်း ၃ ကြောင်းကနေ တပ်ရင်း ၉ ကို လာထိုးစစ်ဆင်နေကြတယ်။ ဒါကြောင့် တိုက်ပွဲတွေဖြစ်တာ။ အစိုးရစစ်ကြောင်းတွေကနေ နယ်မြေရှင်းလင်းရေးဆိုတဲ့ခေါင်းစဉ်နဲ့ ကျနော်တို့တပ်စခန်း အနီးကပ်ဆုံးနေရာကို ယူပြီးချဉ်းကပ်ထားဖို့ ရည်ရွယ်ထားပုံရတယ်။  အဲဒါကြောင့် တိုက်ပွဲတွေက ရှောင်လွှဲလို့မရဘဲ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတာပါ။”

တဖက်ကလည်း ဆွေးနွေးပွဲတွေလုပ်နေတယ်၊ တဖက်ကလည်း တိုက်ပွဲတွေဖြစ်နေတော့ ဆွေးနွေးပွဲအပေါ် ထိခိုက်မှုတွေ ရှိလာနိုင်လား။

“နှစ်ဖက်စလုံးမှာ ဆက်ဆွေးနွေးလိုတဲ့ဆန္ဒရှိရင် တိုက်ပွဲတွေကြောင့် ဆွေးနွေးမှုရပ်တန့်ဖို့တော့ မဖြစ်နိုင်ဘူး။ အခုတွေ့ဆုံတဲ့အခါမှာလည်း မြေပြင်မှာဖြစ်နေတဲ့ ရှေ့တန်းတိုက်ပွဲကိစ္စကို ဒီထက်ပိုလျော့သွားအောင် ညှိနှိုင်းစရာတွေလုပ်ရမယ်လို့ ယုံကြည်တယ်။ ဒီကိစ္စဟာ မတ်လ အားလုံးကသိထားတဲ့ သဘောတူညီချက်မှာလည်း အဲကိစ္စတွေပါတယ်။ ရှေ့တန်းစစ်မြေပြင်မှာ စောင့်ကြပ်ရေးရုံးတွေ ဘယ်လိုထားကြမလဲဆိုတဲ့ကိစ္စတွေပါတယ်။ ဒီတခေါက်တွေ့ဖြစ်ရင် ဒီကိစ္စတွေ ဆွေးနွေးကြမယ်။ ဆွေးနွေးရင် နောက်ပိုင်းဖြစ်လာတဲ့တိုက်ပွဲဟာ ဘယ်ဘက်ကနေ မှားယွင်းမှုရှိလဲ၊ မှန်ကန်မှုရှိသလဲဆိုတာတွေ အသေးစိတ်လေ့လာပြီးမှ အမှား၊ အမှန်ကို ဆုံးဖြတ်နိုင်ဖို့ ဆက်လုပ်ရမယ့် ကိစ္စတွေပါ။ ဒါကြောင့် တိုက်ပွဲဖြစ်နေပေမယ့် ဒီကိစ္စတွေ ဆွေးနွေးရမယ့် ခေါင်းစဉ်တွေပေါ်လာမှာပါ။”

ရှေ့လာမယ့် ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဦးလနန် တခြား ဘာများပြောချင်တာရှိပါလဲ။

“ဧပြီ ၁၀ ရက်လည်း တဖြည်းဖြည်း နီးကပ်လာပြီ။ ကျနော်တို့က သင်္ကြန်မတိုင်ခင်မှာ ၁၀ ရက် ပတ်ဝန်းကျင် တခေါက်တွေ့ဖို့ပြောဖြစ်ကြတယ်။ အဲကိစ္စဟာ ခုနက ကျနော်တို့ပြောသလို တွေ့တာတော်တော်များများဟာ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့မှာ။ အခုတခေါက်တော့ ပြည်တွင်းမှာတွေ့ဖို့ စီစဉ်နေကြတယ်။ တွေ့ဖို့ကိစ္စမှာ နိုင်ငံတကာကနေ သက်သေအဖြစ်နဲ့ စောင့်ကြပ်လေ့လာ ပါဝင်နိုင်တဲ့ အဆင့်ရှိတဲ့အခါ ပြည်တွင်းမှာတွေ့ဖို့ ဗဟိုကော်မတီက သဘောထားရှိတယ်။ အခုထိ ကုလသမဂ္ဂရော၊ အမေရိကန်ရော၊ ဗြိတိန်နဲ့ တရုတ်အစိုးရကိုပါ ကမ်းလှမ်းထားတာရှိတယ်။ ကုလသမဂ္ဂကတော့ တက်ဖြစ်မယ်လို့ အကြောင်းပြန်တယ်။ အမေရိကန်၊ ဗြိတိန်နဲ့ တရုတ် အစိုးရကိုယ်စားလှယ်တွေကတော့ အကြောင်းပြန်လာတာမရှိသေးဘူး။ အဲတော့ ဘယ်ရက်၊ ဘယ်နေရာမှာ တွေ့ဆုံကြမယ်ဆိုတဲ့ကိစ္စတော့ ခုထိ အဖြေမထွက်သေးဘူး။ တကယ်လို့ အမေရိကန်၊ ဗြိတိန်နဲ့ တရုတ်အစိုးရတို့က တက်နိုင်မယ်ဆိုရင် ဆွေးနွေးပွဲကို အတိအကျသတ်မှတ်နိုင်မယ်။ အခုထိတော့ အဲကိစ္စအဖြေမထွက်သေးတော့ ညှိနေဆဲပါ။”

အမေရိကန်၊ ဗြိတိန်နဲ့ တရုတ် အစိုးရကိုယ်စားလှယ်တွေ တက်ရောက်ဖို့ ကိစ္စက အရင်ကလည်း ဦးအောင်မင်းတို့က တရုတ်အရာရှိတဦးက ဆွေးနွေးပွဲတက်မယ်ဆိုတော့ ပယ်ချခဲ့ဖူးတော့ အမေရိကန်၊ ဗြိတိန်နဲ့ ကုလသမဂ္ဂ အစိုးရကိုယ်စားလှယ်တွေ တက်မယ်ဆိုရင်ရော အစိုးရဘက်က လက်မခံရင် ဘာဆက်လုပ် စဉ်းစားထားလဲ။

“လက်မခံနိုင်ဘူးဆိုရင် ဒီဆွေးနွေးပွဲက ရက်၊ နေရာတွေ ပြန်ဆွေးနွေးဖွယ်ရှိတယ်။ ဘယ်တော့ ပြန်လုပ်ကြမလဲ။ ဒီကိစ္စကတော့ တွေ့ဆုံမှုက နှစ်ဦးနှစ်ဖက်ညှိနှိုင်းလုပ်ရမှာ။ တကယ်လို့ မြန်မာအစိုးရက ကန့်ကွက်လာရင် ဆွေးနွေးပွဲရက် ရွှေ့ကောင်းရွှေ့ရပါလိမ့်မယ်။ အစကနေ ပြန်ညှိနှိုင်းစရာတွေပေါ်လာနိုင်တယ်။ ဒါပေမယ့် အစိုးရကနေ ဖိတ်ကြားဖို့မသင့်ဘူး၊ ဒါပေမယ့် ကေအိုင်အိုဘက်ကဖိတ်မယ်ဆိုရင်တော့ သူတို့နားလည်ပေးနိုင်တယ်ဆိုတဲ့ အဆင့်တော့ သတင်းရထားတယ်။ အခု နောက်ဆုံးအခြေအနေ သူတို့ဘယ်လိုတုံ့ပြန်မလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013