DVB Logo
Home
မြန်မာသတင်း
နေ့အပူချိန် မြင့်တက်လာနိုင်ဟု မိုးဇလ ခန့်မှန်း
DVB
·
April 2, 2013
Donate to DVB

မုတ်သုံမ၀င်ခင် လာမယ့် ရက်ပိုင်းတွေမှာ မြန်မာနိုင်ငံမှာ နေ့အပူချိန်တွေ အနည်းငယ် တိုးလာနိုင်တယ်လို့  မိုးလေ၀သနဲ့ ဇလဗေဒ ဦးစီးဌာနက ခန့်မှန်းထားပါတယ်။

လာမယ့်ရက်ပိုင်းတွေမှာ ရန်ကုန်၊ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတွေမှာ အပူချိန် အနည်းငယ် မြင့်တက်လာနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။

“ဧပြီကနေ မေလ ၁၅၊ ၁ လခွဲ အတွင်းမှာတော့ အပူချိန် extreme ဖြစ်အောင် ပူမယ့်အခြေအနေတော့ မရှိပါဘူး။ သို့ပေမယ့် အလယ်ပိုင်းဒေသ ဒီနေ့ ချောက်မှာဆိုရင် ၄၄ ဒီဂရီ စင်တီဂရိတ်ရှိတယ်။ ကျနော်တို့ရဲ့ အမြင့်ဆုံးအပူချိန်ရောက်ခဲ့တာ ပြီးခဲ့တဲ့ ၄-၅၊ ၁၀ နှစ်အတွင်း ပြန်ကြည့်ရင် ၂၀၁၀ တုန်းက မြင်းမူမှာ ၄၇ ဒဿမ ၂ ဒီဂရီ စင်တီဂရိတ်အထိ တက်ခဲ့ပါတယ်။ မြင်းမူလို ၄၇.၂ လိုတော့ ဒီနှစ်မှာ မရောက်နိုင်ဘူး။ အလယ်ပိုင်းဒေသတွေမှာ ၄၄/၄၅ ၀န်းကျင်တော့ ရောက်နိုင်တယ်။ မန္တလေးတိုင်း၊ မကွေးတိုင်းတို့မှာတော့ ၄၄/၄၅ ရောက်နိုင်တယ်။ မုတ်သုံဝင်ရင်တော့ အပူချိန်တွေ ပြန်ကျမယ်။ ပြီးခဲ့တဲ့ ရက်ကတော့ ရန်ကုန် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေမှာ နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်သည်လို့ ကျနော်တို့ ထုတ်ထားတယ်။ တကယ်ကျတော့ ပူတယ်ဆိုတာ ဒီကနေ့ ရန်ကုန်မှာ ၃၈ ပဲရှိတယ်။ မေန့က ၃၇ ဒဿမ ၈။ အပူချိန်က ၄၀-၄၁လောက်ထိ သွားနိုင်တယ်။”

ခရမ်းလွန်ရောင်ခြည်တွေ UVအညွှန်းကိန်းနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ခရမ်းလွန်ရောင်ခြည်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ တိုင်းတာနိုင်ခြင်း မရှိသေးဘူးလို့ ပြောပါတယ်။

ဒါ့အပြင် ဗြိတိန်၊ ဂျပန်၊ အမေရိကန်၊ ဩစတြေးလျနဲ့ အိန္ဒိယနိုင်ငံက ခရမ်းလွန်ရောင်ခြည်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ အင်တာနက်စာမျက်နှာမှာ တွေ့ရတဲ့  မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တိုင်းတာချက်တွေကလည်း တနိုင်ငံနဲ့ တနိုင်ငံ ကွဲလွဲမှုတွေ ရှိနေတဲ့အတွက် ထုတ်ပြန်ကြေညာခြင်း မရှိတာဖြစ်ကြောင်း ဦးချစ်ကျော်က ရှင်းပြပါတယ်။

“တကယ်တော့ ခရမ်းလွန်ရောင်ခြည် ဘယ်သူမှမတိုင်းဘူး။ ကျနော်တို့ဆီမှာလည်း မတိုင်းနိုင်သေးဘူး။ မတိုင်းနိုင်သော်လည်း ဗြိတိန်၊ ဂျပန်၊ အမေရိကန်တို့က တိုင်းတာတွေကို သူတို့ ၀က်ဘ်ဆိုဒ်တွေမှာ ဖော်ပြပေးပါတယ်။ မြန်မာနိုင်ငံဆိုလည်း မြစ်ကြီးနားကနေ ကော့သောင်းအထိ။ တိုင်းရာမှာ ဗြိတိန်ကပေးတဲ့ UV Index၊ အိန္ဒိယကပေးတဲ့ UV Index၊ အမေရိကန်ကပေးတဲ့ UV Index၊ ဩစတြေးလျကပေးတဲ့ UV Index တခုနဲ့တခု မြန်မာနိုင်ငံကိုပေးတာ မြို့တူပေမယ့်.၊ ဥပမာ ဒီနေ့ဆိုရင် ရန်ကုန်က UV Index ၁၂ လို့ အမေရိကန်ကပေးတယ်။ ဒါပေမယ့် အိန္ဒိယက ၁၁ ပေးတယ်။ အဲတော့ ဒါနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ပေးတာ မရှိပါဘူး။ တိုင်းတဲ့စက်က ကိုယ့်နိုင်ငံကမဟုတ်တဲ့အတွက် ပြည်သူလူထုကို သတင်းမထုတ်ပြန်ဘူး။”

ခရမ်းလွန်ရောင်ခြည်တိုင်းတာတဲ့ ယူဗွီအညွှန်းကိန်း ၁၁ ရှိပါက စိုးရိမ်ရသလို ၁၆ ဆိုရင်တော့ မဖြစ်မနေ အကာအကွယ်ယူရမှာ ဖြစ်ပြီးတော့ ဒီရောင်ခြည်ရဲ့ အကျိုးသက်ရောက်မှုက ချက်ချင်း အကျိုးသက်ရောက်မှာ မဟုတ်ပေမယ့် အရေပြားကင်ဆာနဲ့ မျက်စိတိမ်တွေဖြစ်လာနိုင်တာစတဲ့ ရေရှည် အကျိုးသက်ရောက်တာတွေ ရှိတယ်လို့လည်း သူက ရှင်းပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013