DVB Logo
Home
မြန်မာသတင်း
လယ်သမားကာကွယ်ရေးဥပဒေ ဆွေးနွေးပွဲ တောင်သူ ၂ ဦး တက်ခွင့်ရ
DVB
·
April 2, 2013
လယ်သမားကာကွယ်ရေးဥပဒေ ဆွေးနွေးပွဲ တောင်သူ ၂ ဦး တက်ခွင့်ရ
Donate to DVB

တောင်သူလယ်သမားကာကွယ်စောင့်ရှောက်ရေး ဥပဒေရေးဆွဲဖို့ ကြိုတင်ညှိနှိုင်း ဆွေးနွေးပွဲကို တောင်သူလယ်သမား ၂ ဦး တက်ရောက်ဆွေးနွေးခွင့် ရခဲ့ပါတယ်။

ဧရာဝတီတိုင်း ဓနုဖြူက လယ်သမား ဦးသိန်းအောင်နဲ့ ဒေးဒရဲက ဦးကျော်ထက်တို့ ၂ ဦး တက်ရောက် ဆွေးနွေးနိုင်ခဲ့ကြတာဖြစ်ပြီး ဒီလိုတက်ရောက်နိုင်အောင် မြန်မာနိုင်ငံတောင်သူ လယ်သမားအသင်းက စီစဉ်ပေးခဲ့တာလို့ အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

[caption id="attachment_38054" align="alignleft" width="300" caption="ဧပြီလ ၁ ရက်နေ့က ဆွေးနွေးပွဲပြုလုပ်ခဲ့"][/caption]

တက်ရောက်ဆွေးနွေးခဲ့တဲ့ ဓနုဖြူလယ်သမား ဦးသိန်းအောင်က “ကျနော်လိုလားတာက ရေရှည်အကျိုးအတွက်ရော၊ စိတ်ဓာတ်အကျိုးအအတွက်ပါ ထိုက်ထိုက်တန်တန် ထုတ်လုပ်သူ ထုတ်လုပ်ရင်ထုတ်လုပ်သလောက် အကျိုးခံစားခွင့်ရရှိချင်တယ်။ ကျနော်တို့လိုအပ်တဲ့ အရင်းအနှီးကို အစိုးရဘဏ်အတိုးနှုန်းနဲ့ အတိုးနှုန်းသက်သောင့်သက်သာနဲ့ရမယ်ဆိုရင် ကျနော်တို့ ဘ၀အနာဂတ်ရှိတယ်။ စိတ်ဓာတ်လည်း ကြိုးစားရိုးသားချင်တယ်။ နိုးနိုးကြားကြားနဲ့လုပ်ချင်တယ်။ ရေရှည်အကျိုးအတွက်ရော၊ ဖြစ်ရပ်မှန်အခြေအနေအရရော ထိုက်တန်တဲ့ သီးနှံဈေးနှုန်းရဖို့ရယ်၊ ကျနော်တို့အတွက် လုံလောက်တဲ့ ချေးငွေဘဏ်တိုးနဲ့ရမယ်ဆိုရင် ထုတ်လုပ်မှုရော၊ စိတ်ဓာတ်အရရော နိုးကြားကြိုးစားမှုတွေဖြစ်လာမယ်။ အဲအတွက် ရည်ရွယ်ပြောတာပါ။”

ဆွေးနွေးပွဲကို ဧပြီ ၁ ရက်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်ပြီး နေပြည်တော်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ဆွေးနွေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးခဲ့တဲ့ အချက်ကို ဦးသိန်းအောင်က ခုလို ပြောပါတယ်။

“အမေမနေ့ကတင်ပြတာက စပ်မျိုးစပါးတွေက နောက်ပိုင်းမှာ အန္တရာယ်ရှိပြီး မူလဗီဇမျိုးရိုးတွေ ဒေသမျိုးရိုးတွေ မပျောက်ပျက်ဖို့ ကမ္ဘာမှာလည်း ထိန်းသိမ်းနေပြီ။ ဒီတော့ ၂၁ ရာစုအတွက် ကြိုစဉ်းစားပြီး ရာသီဥတု၊ ပိုးမွှားတွေကို ခံနိုင်ရည်ရှိတဲ့ ဒေသမျိုးတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းဖို့။ လယ်သမားတွေအတွက် အကျိုးမဖြစ်ထွန်းဘဲ အဟန့်အတားဖြစ်မယ့် ဥပဒေများကို အကုန်ပယ်ရှားဖို့လည်း ထောက်ပြသွားပါတယ်။”

တောင်သူလယ်သမား ကာကွယ်ရေးဥပဒေကို လွှတ်တော်ရေးရာ ကော်မတီတရပ်ကနေ ရေးဆွဲဖို့ရှိပြီး ဥပဒေမှာ ပါဝင်သင့်တဲ့ အချက်တွေ ဆွေးနွေးခဲ့ကြပုံကို အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ခုလို ပြောပါတယ်။

“အဓိက အချက်ကတော့ တောင်သူလယ်သမားတွေ မိမိစိုက်ပျိုးတဲ့မြေကို မိမိလွတ်လွတ်လပ်လပ် စိုက်ပျိုးခွင့်ရဖို့၊ စိုက်တဲ့ သီးနှံလွတ်လပ်စွာစိုက်ခွင့်၊ စိုက်ပျိုးမြေကို လွတ်လပ်စွာစီမံပိုင်ခွင့်၊ ထွက်လာတာတွေကို လွတ်လပ်စွာ ရောင်းဝယ်ခွင့်၊ စိုက်ပျိုးစရိတ်ချေးငွေကိုလည်း နှစ်ရှည်ချေးငွေအနေနဲ့ အတိုးသက်သာစွာချေးရအောင်ပေါ့။ နောက်တခုက အစိုးရအနေနဲ့ ထွက်လာတဲ့ သီးနှံတွေကို အာမခံဈေးတခုသတ်မှတ်ပြီး ဘုတ်အဖွဲ့ဖွဲ့၊ ကော်ပိုရေးရှင်းတခုဖွဲ့ပြီး အာမခံဈေးအောက်ရင် ၀ယ်ယူပေးဖို့။ နောက် သီးနှံတွေစိုက်ပျိုးတဲ့အခါ ရာသီဥတုဖောက်ပြန်တာကြောင့် ပျက်စီးရင် အစိုးရကနေ အာမခံစနစ်တရပ်နဲ့ သီးနှံအာမခံပေါ့။ စိုက်ပျိုးရေးမှာသုံးနေတဲ့ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးတွေနဲ့ ပတ်သက်လို့လည်း အာမခံတခုရရှိဖို့ပေါ့။”

ဒါ့အပြင် လယ်ယာထွက်ကုန် ကုန်ထုတ်လမ်းတွေ ဖောက်လုပ်ဖို့ အစိုးရဘတ်ဂျက်ထဲ ထည့်သွင်းရေးဆွဲပေးရေး စတဲ့အချက်တွေ ပါဝင်ပြီး တောင်သူလယ်သမား ကာကွယ်ရေးဥပဒေကို လာမယ့်လွှတ်တော်တွင်း အသစ်ရေးဆွဲပြဋ္ဌာန်းသွားမယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်းကတော့ တောင်သူလယ်သမားကာကွယ်ရေး ဥပဒေရေးဆွဲတဲ့နေရာမှာ တောင်သူလယ်သမားတွေ ဒီထက်ပို ပါဝင်သင့်တယ်လို့ ပြောပါတယ်။

“ဥပဒေကတော့ အစိုးရချည်းပဲ၊ အစိုးရအာဏာနဲ့ ဆက်သွယ်နေတဲ့ ပုဂ္ဂိုလ်တွေချည်းပဲ ရေးဆွဲတာ မလုံလောက်ဘူးလို့ ကျနော်ထင်တယ်။ လွှတ်တော်ကိုယ်စားလှယ်လည်း ပါရင်ပါပေါ့။ တကယ် ဒေသဆိုင်ရာ တောင်သူလယ်သမားတွေထဲကလည်း တကယ်နှံ့နှံ့စပ်စပ် နားလည်တဲ့ တောင်သူလယ်သမားတွေလည်း ရှိပါတယ်။ သူတို့ရဲ့ လက်တွေ့ဖြစ်ပေါ်နေတဲ့ ပြဿနာတွေပေါ်မှာလည်း အခြေပြုတဲ့ အတွက်ကြောင့် တောင်သူလယ်သမား သမဂ္ဂတွေ ပေါ်စေချင်တယ်။ သမဂ္ဂတွေ၊ အစည်းအရုံးတွေက တောင်သူလယ်သမားတွေကနေ ဥပဒေရေးဆွဲရေးကို ဘယ်သူ့ကို ပါသင့်တယ်ဆိုတာ ရွေးချယ်ပြီးတော့ အဲလူတွေကိုပါ ထည့်သွင်းပြီး ရေးဆွဲရင် ပိုပြီးတော့ ပြီးပြည့်စုံမယ်လို့ မှတ်ယူပါတယ်။ ”

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က တောင်သူလယ်သမား ကာကွယ်ရေးဥပဒေ ဆိုတာ ရှိခဲ့ပြီး အဲဒီဥပဒေကို ဖျက်သိမ်းပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013