သမီးရည်းစား အယောင်ဆောင်ပြီး တပ်သတင်း စုဆောင်းခဲ့သည့် အေအေနှင့်ဆက်နွှယ်သူကို ဖမ်းမိ

တပ်မတော်စစ်ကြောင်းတခုက စစ်သည်တဦးကို သမီးရည်းစားအဖြစ် အယောင်ဆောင်ပြီး သတင်းကြိုရရေးနဲ့ စည်းရုံးရေးလုပ်ခဲ့တဲ့ အေအေတပ်ဖွဲ့နဲ့ ဆက်နွှယ်သူကို ပလက်ဝမြို့နယ် ထရွန်အိုင်ကျေးရွာမှာ ဖမ်းမိခဲ့တယ်လို့ တပ်မတော်ဘက်ကသတင်းထုတ်ပြန်ပါတယ်။
အဲဒီသတင်းကို ရခိုင်ပြည်နယ်က တပ်မတော်စစ်ကြောင်းအသီးသီးကို ဖြန့်ဝေခဲ့ပြီး စည်းရုံးခံရတဲ့ စစ်သည်ရဲ့ အဖြစ်မှန်တင်ပြခဲ့မှုကြောင့် မိုးစန္ဒာခေါ် ဗိုလ်မချေကို ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
သူနဲ့အတူ ၂၀၁၄ ခုနှစ်ကတည်းက စတင်ပြီး အေအေအဖွဲ့အတွက် ရိက္ခာတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့တဲ့ အောင်သိန်းမင်းကိုလည်း သက်သေအထောက်အထားတွေနဲ့အတူ ဖမ်းမိခဲ့ပြီး သူတို့နှစ်ယောက်စလုံးကို သက်ဆိုင်ရာနယ်မြေရဲစခန်းကို လွှဲပြောင်းအပ်နှံပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်မယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်ပါတယ်။
ဧပြီလ ၃ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ကျောက်တော်မြို့ သရက်အုပ်ကျေးရွာမှာ အေအေအဖွဲ့နဲ့ ဆက်နွှယ်သူ ၃ ဦးဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။











