
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စုထဲက ကျေးရွာ နှစ်ခု မီးလောင်ခဲ့တဲ့အတွက် အိမ်ထောင်စု ၃၆ စု လူဦးရေ ၁၅၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
ဧပြီ ၂ ရက်နေ့က တောမီးကနေတဆင့် လောင်ကျွမ်းခဲ့တာဖြစ်ပြီး နေ့လယ် ၂ နာရီကနေ ညနေ ၅ နာရီခွဲအချိန်ထိ လောင်ကျွမ်းခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မိုင်းတွမ်းတောင်ပေါ် အုပ်စုထဲက ပုံတပ် (၁) ကျေးရွာက နေအိမ် ၃၂ လုံးနဲ့ စာသင်ကျောင်း ၁ ကျောင်း၊ ခတ်ကြားဒေကျေးရွာက နေအိမ် ၄ လုံး မီးလောင်ဆုံးရှုံးခဲ့ကာ စုစုပေါင်း ၄၂ သိန်းဖိုးလောက် ဆုံးရှုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
လတ်တလော မီးဘေးသင့်ပြည်သူတွေအတွက် ဆွေမျိုးတွေအိမ်မှာ ဖြန့်ခွဲ နေရာချထားပေးပြီး နေအိမ်တွေ ပြန်လည်ဆောက်လုပ်ဖို့ အိမ်ထောင်စုတစုကို ငွေကျပ် ၂ သိန်းစီ ထောက်ပံ့နိုင်အောင် စီစဉ်နေတယ်လို့ မိုင်းဆတ်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။











