DVB Logo
Home
မြန်မာသတင်း
ဦးအောင်မင်းနှင့် ရှမ်းပြည်တပ်မတော် တိုက်ပွဲကိစ္စ ဆွေးနွေးမည်
DVB
·
April 1, 2013
Donate to DVB

အပစ်အခတ်ရပ် သဘောတူပြီးနောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာနဲ့ ပတ်သက်ပြီး အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ တို့ဟာ လာမယ့် ရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။

လာမယ့် ဧပြီ ၃ ရက်နေ့မှာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ရှမ်းပြည်နယ် လားရှိုးမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းရဲ့ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

“လောလောဆယ်ဖြစ်နေတဲ့ တန့်ယန်းမြို့နယ်တည်းမှာဖြစ်နေတဲ့ လွိုင်လမ်းဒေသ ပြဿနာတွေ ညှိနှိုင်းဆောင်ရွက်ဖို့ပါ။ ၂၉ ရက်နေ့က ဦးသိန်းဇော်က ဖုန်းနဲ့ဆက်ပြောတယ်။ ဧပြီ ၃ ရက်နေ့ကို လားရှိုးမှာ တွေ့ဖို့ပေါ့။”

နှစ်ဘက်အကြား ၂၀၁၂ ဇန်န၀ါရီလကတည်းက အပစ်အခတ်ရပ်ပြီးဖြစ်ပေမယ့် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အကြိမ်ပေါင်း ၁၀၀ ကျော် ဖြစ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။ ဒီလို အကြိမ်ကြိမ် ပစ်ခတ်ကြပေမယ့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကတော့ မပျက်သေးပါဘူး။

ဒီတွေ့ဆုံမယ့်ကိစ္စနဲ့ပတ်သက်ပြီး အစိုးရဘက်က ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တဦးကို မေးမြန်းတဲ့အခါ ဒီတွေ့ဆုံပွဲဟာ အလွတ်သဘောသာ   တွေ့ဆုံမှာဖြစ်ပြီး ဆွေးနွေးမယ့် ခေါင်းစဉ်အကြောင်းအရာ မသိရကြောင်း၊ လတ်တလော တန့်ယန်းမြို့နယ်ထဲက ပဋိပက္ခတွေ လျှော့ချရေးတွေနဲ့ ပတ်သက်နိုင်တယ်လို့ ပြောပါတယ်။ အပစ်အခတ်ရပ်ပြီးကာမှ တိုက်ပွဲဆက်ဖြစ်နေတဲ့ကိစ္စကို သူထင်မြင်ချက်မပေးလိုဘူးလို့ ပြောပါတယ်။

နှစ်ဘက် ပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ မနက်ကလည်း  ရှမ်းပြည်တပ်မတော် မြောကိပိုင်းဘက်က ဗိုလ်မှူးကြီး စိုင်းထူး၊ ဗိုလ်မှူး  ခေးမောဝ်းနဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ၃ ဦးဟာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်စိုးနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ထိတွေ့မှုဖြစ်ပွားနေတဲ့ တန့်ယန်းမြို့နယ် လွိုင်စေးနဲ့ လွိုင်လန်း တောင်ကြောတလျှောက် ဟာ ရှမ်းပြည်တပ်မတော်ဘက်က ၁၉၈၉ ခုနှစ် ပထမအကြိမ်   ငြိမ်းချမ်းရေးမယူခင်ကတည်းက လှုပ်ရှားတဲ့နေရာဖြစ်ကြောင်း ပြောဆိုခဲ့ပေမယ့် တိုင်းမှူးကတော့ အစိုးရတပ် နယ်မြေရှင်းလင်းရေးလုပ်ဖို့ အဲဒီနေရာကနေ ဆုတ်ပေးဖို့ ပြောခဲ့တယ်လို့ ဗိုလ်မှူး စိုင်းလက ဆက်ပြောပါတယ်။

စစ်တိုင်းမှူးနဲ့ သွားတွေ့တဲ့ ညနေပိုင်းနဲ့ ၂၆၊ ၂၈ ရက်နေ့တွေမှာလည်း ပစ်ခတ်မှုတွေ ဆက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013