Homeမြန်မာသတင်း
ပြည်သူအများစုပူးပေါင်းပါဝင်မှ COVID-19 ထိန်းချုပ်နိုင်မည်ဟု မန္တလေးတိုင်းအစိုးရ ထုတ်ပြန်
ပြည်သူအများစုပူးပေါင်းပါဝင်မှ COVID-19 ထိန်းချုပ်နိုင်မည်ဟု မန္တလေးတိုင်းအစိုးရ ထုတ်ပြန်
DVB
·
April 3, 2020

မန္တလေးတိုင်းအတွင်း COVID-19 ရောဂါထိန်းချုပ်နိုင်ဖို့အတွက် ပြည်သူလူထု ၉ဝ ရာခိုင်နှုန်း ပူးပေါင်းပါဝင်မှ ရောဂါပျံ့နှံ့မှု လျှော့ချထိန်းချုပ်နိုင်မယ်လို့ တိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ရောဂါကူးစက်ပျံ့နှံ့နိုင်မှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်း Home Stay (မိမိအိမ်အတွင်း၌ နေထိုင်ခြင်း) ၊Home Quarantine နှင့် Facility Quarantine (အိမ်တွင် ၁၄ရက် စောင့်ကြည့်နေထိုင်ခြင်းနှင့် သတ်မှတ်နေရာများတွင် ၁၄ရက် စောင့်ကြည့်နေထိုင်ခြင်း) ၊ Social Distancing (သို့မဟုတ်) Physical Distancing (လူတစ်ဦးနှင့်တစ်ဦး ထိတွေ့မှုနည်းအောင် ပြုလုပ်ခြင်း)အပြင်၊ လူအများ ဝင် ထွက်သွားလာမှုကို ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကုန်စည်စီးဆင်းမှုအဆင်ပြေဖို့နဲ့ လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးအတွက် အစီအမံထားရှိတာတွေ လုပ်ဆောင်နေပြီး ပြည်သူတွေအနေနဲ့ လိုက်နာကြဖို့ လိုအပ်တယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ပန်ကြားထားတာပါ။
ဗိုင်းရပ်စ်ပိုးနဲ့ ထိတွေ့မှုမရှိစေဖို့ ပြည်သူတွေအနေနဲ့ မိမိရဲ့ အိမ်အတွင်းမှာသာ နေထိုင်ဖို့နဲ့ အထူးသဖြင့် အသက်(၆ဝ)ကျော် အရွယ်တွေနဲ့ ကလေးငယ်တွေ အပြင်မထွက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
မထွက်မဖြစ် အခြေအနေကလွဲပြီး အစားအသောက်တွေ၊ စားသောက်ဖွယ်ရာ အခြောက်အခြမ်းဝယ်ယူတာတွေကို အိမ်ထောင်ဦးစီး တဦးသာ အပြင်ထွက်ဈေးဝယ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ပြည်ပက ပြန်လာသူတွေကို Home Quarantine ပြုလုပ်တာနဲ့ သတ်မှတ် နေရာတွေမှာ စောင့်ကြပ်ကြည့်ရှုတာတွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ထားပြီး နိုင်ငံရပ်ခြားက ပြန်လာကြသူတိုင်း Quarantine လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်နေထိုင်ကြဖို့လည်း မေတ္တာရပ်ခံထားတာပါ။
ရောဂါပိုးနဲ့ ထိတွေ့မှု တတ်နိုင်သမျှ နည်းသွားစေဖို့အတွက် လူစုလူဝေး ဖြစ်စေနိုင်တဲ့ မင်္ဂလာဆောင်တွေ၊ အလှူတွေ၊ ဘုရားပွဲနဲ့ စတိတ်ရှိုးပွဲတွေသာမက အခြားပွဲလမ်းတွေ မကျင်းပဖို့ ကန့်သတ်ထားပါတယ်။
ဒါ့အပြင် တက္ကသိုလ်တွေ၊ ကျောင်းတွေ၊ ဈေးတွေ၊ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ လူထုအပန်းဖြေနေရာတွေ၊ ရုပ်ရှင်ရုံတွေ၊ ကာရာအိုကေတွေကို ကန့်သတ်ပိတ်ပင်ထားတဲ့အပြင် ဘုရားတွေ၊ Church ကျောင်းတွေ၊ ဗလီတွေမှာလည်း စုဝေးဝတ်ပြုဆုတောင်းတာတွေ မပြုလုပ်ကြဖို့လိုတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အဝေးပြေးယာဉ်လိုင်းတွေမှာ ခရီးသည်တွေကို ထက်ဝက်လျှော့ချတင်ဆောင်ဖို့ ညွှန်ကြားထားသလို ပြည်သူလူထုအနေနဲ့လည်း ခရီးထွက်တာတွေ ရှောင်ကြဉ်ကြဖို့ တိုက်တွန်းထားပါတယ်။
တိုင်းဒေသကြီးအတွင်း အရေးကြီးပြီး မရှိမဖြစ်လိုအပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကလွဲလို့ အခြားအရေးမကြီးတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ပင်ဖို့ ညွှန်ကြားထားကာ စတိုးဆိုင်တွေ၊ စားသောက်ကုန်လုပ်ငန်းတွေ၊ ဆေးဆိုင်တွေ၊ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းတွေ၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေကိုတော့ ဆက်လက်ဖွင့်ထားဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
အခြေခံစားကုန်များတွေဖြစ်တဲ့ ဆန်၊ ဆီ၊ ပဲ စတာတွေကို လုံလောက်စွာ ရရှိဖို့ ဆွေးနွေးထားပြီး ဘဏ်တွေ အနေနဲ့လည်း လုပ်ငန်းဆောင်ရွက်ဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ကန့်သတ်ပိတ်ပင်မှုမပြုထားတဲ့ လုပ်ငန်းတွေနဲ့ ပြည်သူလူထုရဲ့ လုံခြုံရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ရှိရေးအတွက်ကိုလည်း ဆောင်ရွက်ဖို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ဧပြီလ ၂ ရက်နေ့ ညနေ လေးနာရီအချိန်အထိ မန္တလေးတိုင်းအတွင်း Facility Quarantine ၁၄ ရက် ဆောင်ရွက်ဆဲ ဦးရေကတော့ မန္တလေးခရိုင်မှာ ၁၈၃ ဦး၊ ပြင်ဦးလွင်ခရိုင်မှာ ၅၃၈ ဦး ၊ကျောက်ဆည် ခရိုင်မှာ ၁၃၂ ဦး ၊မြင်းခြံခရိုင်မှာ ၄၈၀ ဦး၊ မိတ္ထီလာခရိုင်မှာ ၁၄၃၈ ဦး၊ ရမည်းသင်းခရိုင်မှာ ၁၄၉၅ ဦး၊ ညောင်ဦးခရိုင်မှာ ၃၄၄ ဦး စုစုပေါင်း ၄၆၁၀ ဦးရှိတယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Facility Quarantine ၁၄ ရက် ပြည့်ပြီးသူတွေကတော့ ပြင်ဦးလွင်ခရိုင်မှာ ၁၂ ဦး၊ မိတ္ထီလာခရိုင်မှာ ၅၂ ဦး၊ရမည်းသင်းခရိုင်မှာ ၄ ဦး ရှိတယ်လို့ သိရပါတယ်။
ထိန်ထိန်လင်း