DVB Logo
Home
Lead Story
ပဋိပက္ခကြားထဲက ဓားစာခံ သတင်းသမားတွေ
DVB
·
April 3, 2020
ပဋိပက္ခကြားထဲက ဓားစာခံ သတင်းသမားတွေ
Donate to DVB

အခုတလော စိတ်မချမ်းသာစရာ သတင်းတွေပဲ ကြားနေရတယ်။ ကိုဗစ်-၁၉ ကလည်း တနေ့ထက်တနေ့ ဦးရေ တိုးလာနေသလို နိုင်ငံရပ်ခြားကနေ ပြန်လာသူတွေကလည်း စည်းကမ်း မလိုက်နာကြဘူးတဲ့။ ရခိုင်ဘက်မှာလည်း စစ်ပွဲတွေ ပြင်းထန်နေတယ်။ အဆိုးဆုံးက အချိန်နဲ့အမျှ သတင်းတွေ အရေးကြီးနေချိန် သတင်းသမားတွေ သတင်းရေးလို့ ဖမ်းပြန်သတဲ့။ တချို့လည်း ထွက်ပြေးတိမ်းရှောင်လို့ သတင်းတောင် မတင်နိုင်ရှာတော့ဘူး။

သတင်းသမားတိုင်းကတော့ ‘တကမ္ဘာလုံး လူ့အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း’ မှာ ပါတဲ့ ‘အာတီကယ် ၁၉’ ကို ယုံယုံကြည်ကြည် လက်ခံ ကျင့်သုံးခဲ့ကြတာ။ အာတီကယ် ၁၉ ကတော့ “လူတိုင်း လွတ်လပ်စွာ တွေးခေါ်ကြံဆခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့်ရှိသည်။ ၎င်းအခွင့်အရေးထဲတွင် ထင်မြင်ယူဆချက်များကို ကြားဝင်နှောင့်ယှက်ခြင်း မခံစေရဘဲ လွတ်လပ်စွာ စွဲကိုင်ထားနိုင်ပြီး သတင်းအချက်အလက်နှင့် အတွေးအခေါ်များကို နယ်မြေကန့်သတ်ခြားနားခြင်း မရှိစေဘဲ မည်သည့်မီဒီယာအမျိုးအစားမဆို သုံး၍ ရှာဖွေ၊ လက်ခံ၊ ဖြန့်ဝေရန် အခွင့်အရေးများ ပါဝင်သည်။”လို့ ဖော်ပြထားပါတယ်။

ဒါက တကမ္ဘာလုံးက အသိအမှတ်ပြုထားပြီး လက်မှတ်ထိုးထားတဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်း”ပါပဲ။  လူတိုင်းဟာ သတင်းအချက်အလက်တွေ သိရှိပိုင်ခွင့်ရှိသလို ရှာဖွေလက်ခံ ဖြန့်ချိပိုင်ခွင့်လည်း ရှိပါတယ်။ သတင်းအချက်အလက် ရှာဖွေရာမှာလည်း နယ်မြေအကအန့်သတ် မရှိဘူး။ သတင်းသမားက သူ့အလုပ် သူလုပ်တာ။ သတင်းသမားအတွက် သူနဲ့ဆိုင်တဲ့ မီဒီယာကျင့်ဝတ်ကို မချိုးဖောက်ရင် အရေးယူခွင့်မရှိဘူး။ အရေးယူရင်လည်း မီဒီယာဥပဒေနဲ့သာ အရေးယူသင့်တယ်။

ပြည်သူတယောက်အနေနဲ့လည်း သတင်းအချက်အလက် သိပိုင်ခွင့် ရှိတယ်။ ပြည်သူ သိပိုင်ခွင့်ရှိတဲ့ သတင်းအချက်အလက်ကို သတင်းသမားက ဖြည့်ဆည်းပေးတာ။ အဲဒီအတွက် သတင်းသမားမှာလည်း သတင်းအချက်အလက် ရရှိပိုင်ခွင့် ရှိတယ်။ ရရှိထားတဲ့ သတင်းအချက်လက်တွေကို ပြည်သူသိအောင် ဖြန့်ဖြူးခွင့်လည်း ရှိတယ်။ သတင်းအချက်အလက် ရှာဖွေတင်ပြရာမှာ ဘက်လိုက်မှုမရှိရအောင် နှစ်ဖက်လုံးကို ကြားနာမေးမြန်း တင်ပြကြရတာ။

မြန်မာနိုင်ငံလို ပြည်တွင်းစစ် ရှည်ကြာစွာဖြစ်နေတဲ့ နိုင်ငံမှာ အစိုးရ ထုတ်ပြန်တဲ့ တဖက်တည်းကို တင်ပြရင် အဲဒီသတင်းဟာ မျှတတဲ့သတင်း မဖြစ်နိုင်ဘူး။ သတင်းသမား ဘက်လိုက်မှုလို့ အစွပ်အစွဲခံရမှာပဲ။ ဒီတော့ သတင်းသမား ဘက်လိုက်မှု မရှိရအောင် အစိုးရ တရားဝင်ထုတ်ပြန်တဲ့ သတင်းကိုလည်း ရေးသားတင်ပြရသလို သူပုန်သကန်တွေရဲ့ သတင်းလည်း မေးမြန်းတင်ပြရမှာပဲ။

သတင်းသမားဆိုတာ နားတဖက်တည်းရှိလို့ မရဘူး။ သတင်းရင်းမြစ် စုံလေလေ သူ့သတင်းဟာ ပိုခိုင်လေလေ ဖြစ်တာကြောင့် အရင်းအမြစ် စုံစေ့အောင်နဲ့ ထောင့်စုံအောင် လုပ်ကြရမြဲပဲ။ သတင်းသမားဟာ စစ်အာဏာရှင်အတွက် အလုပ်လုပ်နေတာ မဟုတ်ဘူး။ အစိုးရအတွက် လုပ်နေတာ မဟုတ်ဘူး။ သူ့သတင်းကို စောင့်မျှော်နေတဲ့ သတင်းအချက်အလက် သိပိုင်ခွင့်ရှိတဲ့ ပြည်သူအတွက် လုပ်နေရတာပဲဖြစ်တယ်။ အဓိကက သူ့သတင်း ခိုင်မာဖို့ မှန်ကန်နေဖို့နဲ့ ဘက်လိုက်မှုကင်းပြီး မျှတမှုရှိဖို့ပဲ ဖြစ်တယ်။

သတင်းသမားလည်း လူပဲလေ။ ကိုယ်ပိုင်ခံစားချက်တော့ ရှိမှာပေါ့။ ဒါပေမဲ့ သတင်းတပုဒ်ကို တင်ပြရင်တော့ ဘက်လိုက်မှုမရှိအောင် တင်ပြရတာပဲ။ သူဟာ စစ်အာဏာရှင်ကို မုန်းချင်မုန်းမယ်။ ချစ်ရင်ချစ်မယ်။ ဒါပေမဲ့ သူ့ သတင်းတင်ပြချက်မှာတော့ သူ့ခံစားချက်ကို ဘေးဖယ်ထားပြီ မျှတမှုရှိအောင် ထောင့်စုံရင်းမြစ်အစုံကနေ တင်ပြကြရတာပါ။ သာဓကအနေနဲ့ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ ပဋိပက္ခတွေကိုကြည့်၊ ပဋိပက္ခဖြစ်ရာ နေရာတိုင်းမှာ ဘယ်ဖွဲ့အဖွဲ့က ပစ်မှန်းမသိရတဲ့ ပိုင်ရှင်မဲ့ အမြောက်ဆန်ထိမှန်ပြီး သေကြရတာရှိသလို ဒဏ်ရာအနာတရဖြစ်သူတွေ ရှိနေတယ်။ ဒီတော့ ပြည်သူ ချင့်ချိန်နိုင်အောင် ပိုင်ရှင်မဲ့ အမြောက်ဆန်အကြောင်း နှစ်ဖက်လုံးကို မေးကြရတာ။

နှစ်ဖက်စလုံးက ကိုယ် လုပ်တာမဟုတ်ဘူးဆိုပြီး ငြင်းကြတယ်။ တာဝန်ယူမှုမရှိ တာဝန်ခံမှု မရှိဘူး။ တကယ် ခံစားရတာက ပြည်သူတွေပါ။ မ.ဆ.လ လက်ထက်နဲ့ စစ်အာဏာရှင် ကာလတွေမှာတော့ တဖက်ပိတ်မီဒီယာတွေပဲ ရှိတဲ့အတွက် အစိုးရဝါဒဖြန့်တဲ့အတိုင်း ပြည်သူတွေ ယုံကြည်ခဲ့ကြရတယ်။ ဒီနေ့ခေတ်မှာတော့ အတန်ငယ် ပွင့်လင်းလာတဲ့အတွက် တဖက်ပိတ် ဝါဒဖြန့်ချိလို့ မရနိုင်ဘူး။ အမှန်တရား လိုလားတဲ့ ပြည်သူတွေရဲ့ သတင်းအချက်အလက် သိပိုင်ခွင့်ကို လေးစားတန်ဖိုးထားပြီး စနစ်တကျ သင်ယူလေ့ကျင့်ထားတဲ့ သတင်းသမားတွေ ရှိနေပြီ။

အဲဒီလို သတင်းသမားတွေနဲ့ အတိတ်က တဖက်ပိတ် သတင်းဝါဒဖြန့်ချိရေး အစွဲကြီးသူတွေနဲ့ ထိပ်တိုက်တိုးတဲ့အခါ ‘ကြွက်မနိုင် ကျီတိုင်မီးရှို့’တတ်တာလည်း ရှိတတ်တယ်။ ဒီတော့လည်း လက်နက်မဲ့ သတင်းသမားတွေဟာ ဓားစာခံဖြစ်လို့ “ပဲလှော်ကြား ဆားညပ်” တော့တာပေါ့။ 

ဒါတွေဟာ တချိန်မှာ “သတင်းသမားပြောတဲ့ မြန်မာပြည်”အဖြစ် ထွက်ပေါ်လာမှာကတော့ မလွဲပေဘူး။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်လိုပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ သတင်းသမားကတော့ ဘက်လိုက်မှုကင်းပြီး မျှတတဲ့ သတင်းတပုဒ်ရဖို့အတွက် တဖက်ပိတ် ဝါဒဖြန့်ချိရေး လိုလားသူတွေနဲ့ ဆက်လက် တိုက်ပွဲဝင်နေကြရဦးမှာ ဖြစ်ကြောင်းပါ။   

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013