DVB Logo
Home
မေးမြန်းခန်း
ပဋိပက္ခနောက်ကွယ်က လက်သည်ကို ဖော်ထုတ်ပေးဖို့ ဘာသာပေါင်းစုံက တောင်းဆို
DVB
·
March 31, 2013
ပဋိပက္ခနောက်ကွယ်က လက်သည်ကို  ဖော်ထုတ်ပေးဖို့ ဘာသာပေါင်းစုံက တောင်းဆို
Donate to DVB

လက်ရှိပေါ်ပေါက်နေတဲ့ ပဋိပက္ခနောက်ကွယ်က တရားခံကို ဖော်ထုတ်ပေးဖို့ ရန်ကုန်မှာ မတ်လ ၃၀ ရက်နေ့က ပြုလုပ်တဲ့ ဘာသာပေါင်းစုံ ခေါင်းဆောင်တွေ တက်ရောက်တဲ့ ဆွေးနွေးပွဲကနေ တောင်းဆိုလိုက် ပါတယ်။

ဆွေးနွေးပွဲကို ဘာသာကြီး ၄ ခုက ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ စိတ်ဝင်စားသူတွေ တက်ရောက်ကြပြီး ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ အခုလို တောင်းဆိုလိုက်တာပါ။

ဆွေးနွေးပွဲတက်ရောက်သူတယောက်ဖြစ်တဲ့ အစ္စလာမ်သာသနာ ကောင်စီဌာနချုပ်က ဦးဝဏ္ဏရွှေကို မေးမြန်းထားပါတယ်။

“ဒီဆွေးနွေးပွဲရဲ့ ဘုံအားလုံးရဲ့ ရပ်တည်ချက်ဟာ မိတ္ထီလာအဖြစ်အပျက်ရဲ့ နောက်ဆက်တွဲအဖြစ်အပျက် အားလုံးကို ကျနော်တို့တက်လာကြသူအားလုံးက မလိုလားဘူး။ ထုဒါတူညီချက် ၁ ချက်။ နောက် ဒါကို နောက်ကွယ်ကကြိုးကိုင်တဲ့သူတွေကို အမြန်ဆုံးဖော်ထုတ် အရေးယူပေးစေချင်တာ အားလုံးရဲ့ဆန္ဒဖြစ်နေတယ်။ နောက်နောင် ဒါမျိုးတွေ ကျနော်တို့နိုင်ငံမှာမပေါ်ဖို့အတွက် ဘာသာပေါင်းစုံချစ်ကြည်ရင်းနှီးမှုတွေ တိုးမြှင့်လုပ်ဖို့။ ဘယ်လောက်ထိပါလဲဆိုရင် ကလေးငယ်တွေရဲ့ ကျောင်းသင်ရိုးညွှန်းတမ်းတွေမှာ နိုင်ငံတော်ကနေ ဘာသာပေါင်းစုံ ချစ်ကြည်ဖို့အတွက် ပြဋ္ဌာန်းဖို့ပါ ကြေညာချက်မှာပါတယ်။ ရှုထောင့်အသီးသီးကနေ ဘုံတူညီချက်က နောက်ကွယ်ကနေ မတည်မငြိမ်ဖြစ်အောင်၊ ဘာသာတခုနဲ့တခုကြား နားလည်မှုပျက်အောင်၊ အဓိကရုဏ်းဖြစ်အောင် ဖန်တီးနေသူတွေကို အရေးယူပေးဖို့ နိုင်ငံတော်အစိုးရကနေ အလျင်အမြန်ဆောင်ရွက်ပေးဖို့ဆိုတာကို အားလုံးတောင်းဆိုကြတယ်။ နိုင်ငံတော်သမ္မတ နောက်ဆုံးပြောသွားတဲ့ မိန့်ခွန်းကို အားလုံးထောက်ခံပါတယ်။ အဲဒီ မိန့်ခွန်းနဲ့အညီ အောက်ခြေအထိပျံ့နှံ့ပြီး ဆောင်ရွက်ဖို့ အားလုံးက လိုလားပါတယ်။

“ဒီအထဲ ထူးခြားတာတခုက ဆရာတော် အရှင်ဆေကိန္ဒက ပြောတာပါ။ ဆရာတော်ပြောတာလည်း အားလုံးလက်ခံနိုင်စရာ၊ စဉ်းစားစရာဖြစ်လာပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုတွေ့ဆုံဆွေးနွေးမှုမျိုး ဘာသာအသီးသီး၊ လူထုလူတန်းစားအသီးသီး ဆွေးနွေးမှုမျိုးတွေ အရင်က မရှိခဲ့တဲ့အပေါ် ဒီလိုဖြစ်စဉ်ဖြစ်ခဲ့တာကို ဆရာတော် မီးမောင်းထိုးပြသွားပါတယ်။”

အောက်ခြေလူ့အဖွဲ့အစည်းတွေနဲ့ပတ်သက်လို့ရော ရှေ့ဆက် ဘယ်လိုနေထိုင်သွားကြမလဲ ဆိုတာရော ရှေရှည်စီမံကိန်းတွေ ဘယ်လိုချထားပါလဲ။

“ရှေရှည်စီမံကိန်းက အခုလက်ရှိတော့ ကြေညာချက်ထုတ်တဲ့အဆင့်ပေါ့နော်။ ကျနော်တို့က အပေါ်ပိုင်းက တွေ့ကြတယ်၊ ဆုံကြတယ်၊ ကြေညာချက်ထုတ်ရုံလောက်နဲ့တော့ မပြီးနိုင်ဘူး။ ကျနော်တို့ အောက်ခြေ ရပ်ကျေးအဆင့် ကျေးရွာတွေအထိ ဘာသာပေါင်းစုံ၊ နိုင်ငံထဲမှာရှိနေတဲ့ နိုင်ငံသားအားလုံး အသိရှိရှိ နေမှ နိုင်ငံ တိုးတက်မယ်၊ နိုင်ငံတည်တံ့မယ်၊ နိုင်ငံဂုဏ်သိက္ခာရှိမယ်ဆိုတဲ့ အသိကို အောက်ခြေအထိ သိအောင် လုပ်ငန်းစဉ်အဆင့်ဆင့် လုပ်သွားဖို့ လိုပါတယ်။ အဲလိုလုပ်နိုင်ဖို့၊ နိုင်ငံတော်အပိုင်းက ဆောင်ရွက်ရမှဖြစ်သလို လူထူလူတန်းစား အဖွဲ့အစည်းအသီးသီးကလည်း ၀ိုင်းဝန်းပါဝင်ဆောင်ရွက်သွားကြမယ်ဆိုတဲ့ သန္နိဋ္ဌာန်ပြု ကတိပြုကြပါ။”

ဒီနေ့ဆွေးနွေးပွဲ တစုံလုံးအနေနဲ့ ဘယ်လိုများ သုံးသပ်ချင်ပါသလဲ။

ဒီနေ့ဆွေးနွေးပွဲကတော့ ဆရာတော် မိန့်ကြားသွားတာကို ထောက်ခံလိုပါတယ်။ ဒါမျိုးတွေ ကျနော်တို့နိုင်ငံမှာ ပျက်ကွက်ခဲ့တဲ့အတွက် ဒါတွေဖြစ်တာပါ။ နဂိုကတည်းကိုက ကျနော်ဘာသာတခုနဲ့တခုကြားမှာ အပြန်အလှန်နားလည်မှုတွေ ရှိနေကြမယ်ဆိုရင် တော်ရုံတန်ရုံ သွေးထိုးတာတွေလည်း ကျနော်တို့ နားယောင်ကြမှာ မဟုတ်ပါဘူး။ အဲတော့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးလုပ်ငန်းစဉ်တွေကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်သွားမယ်ဆိုတဲ့ ကျနော်တို့ချထားတဲ့ သံန္နိဋ္ဌာန်တွေ ပိုခိုင်မာလာတာပေါ့။

ငြိမ်းချမ်းရေးစင်တာမှာ ကျင်းပတဲ့ အစည်းအဝေးကို  လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ လွှတ်တော်အမတ်တွေ၊ သမ္မတ ဦးသိန်းစိန်ရဲ့ အမျိုးသားလူမှုစီးပွား အကြံပေးကောင်စီက ပုဂ္ဂိုလ်နဲ့ ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးအသိုင်းအ၀ိုင်း၊ အနုပညာအသိုင်းအ၀ိုင်းက စိတ်ဝင်စားသူတွေလည်း တက်ရောက်ပါတယ်၊

မြန်မာပြည်မှာ ပေါ်ပေါက်နေတဲ့ ဘာသာရေးဆန်ဆန် အဓိကရုဏ်းတချို့ရဲ့ နောက်ကွယ်မှာ အစိုးရက ပါဝင်နေတယ်ဆိုတဲ့ သတင်းအချက်အလက်တွေကို ရရှိထားတယ်လို့ ကုလသမဂ္ဂ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေးကင်တာနားက ထုတ်ဖော်ပြောဆိုထားပါတယ်။

သူရရှိထားတဲ့ သတင်းတွေအရ အစိုးရ အဖွဲ့အစည်းတွေဟာ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်တဲ့နည်းနဲ့ ပြသနာတွေကို ဖန်တီးတာကို ပြနေတယ်လို့ ဆိုပါတယ်။ အစိုးရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကတော့ မစ္စတာ ကင်တားနားရဲ့ ဒီကြေညာချက်တွေကို ငြင်းပယ်ပါတယ်။

မစ္စတာ ကင်တားနားအနေနဲ့ မြေပြင်အခြေအနေများကို မှန်မှန်ကန်ကန် လေ့လာမှု မရှိဘဲ တစ်ဆင့်ကြားသတင်းများကိုသာ အခြေပြုပြောကြားနေခြင်းဖြစ်တယ်လို့ ချေပပါတယ်။ ဒီလို ပြောဆိုတဲ့အတွက် အခြေအနေကို ထိန်းသိမ်းနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆာင်ရွက်နေတဲ့ အစိုးရ၊ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများ၊ သာသာရေးခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများရဲ့ လုပ်ဆောင်ချက်များကို မျက်ကွယ်ပြုရာ ရောက်တဲ့အကြောင်း သူ့ရဲ့ ကိုယ်ပိုင် ဖေ့ဘုတ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မတ်လ ၂၀ ရက်နေ့က မိတ္ထီလာက စခဲ့တဲ့ ပဋိပက္ခဟာ မြို့နယ် ၁၅ မြို့နယ်ကို ကူးစက်ခဲ့ပြီး အကြမ်းဖက်မှု ၁၆၃ ကြိမ်၊ သေဆုံးသူ ၄၃ ဦး၊ ဒဏ်ရာရသူ ၈၆ ဦးရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

လူဦးရေ ၁ သောင်းတထောင်ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး ကယ်ဆယ်ရေးစခန်း ၆ ခုမှာ လူဦးရေ ၉၀၆၅ ဦးကို စောင့်ရှောက်ထားကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ပြစ်မှု ကျူးလွန်သူ ၆၈ ဦးကို ဖမ်းဆီးရမိပြီး ဥပဒေနဲ့အညီ အရေးယူရန်ဆောင်ရွက်နေကြောင်းလည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013