DVB Logo
Home
မြန်မာသတင်း
ပုဂ္ဂလိက သတင်းစာများ အရောင်းသွက်
DVB
·
April 1, 2013
ပုဂ္ဂလိက သတင်းစာများ အရောင်းသွက်
Donate to DVB

ပုဂ္ဂလိကသတင်းစာ ၄ စောင် စတင်ထုတ်ဝေရောင်းချရာမှာ ရန်ကုန်မြို့မှာတော့ ရောင်းကောင်းတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒီနေ့ စတင်ထုတ်ဝေတဲ့ ပြည်ထောင်စုနေ့စဉ်၊ သည်ဗွိုင့်စ်ဒေးလီး၊ ရွှေနိုင်ငံသစ်နဲ့ စံတော်ချိန်သတင်းစာ ၄ စောင်လုံး နာရီပိုင်းအတွင်း ရောင်းကုန်သွားတယ်လို့ လှည်းတန်းလမ်းဆုံနား သတင်းစာဗန်းနဲ့ ခင်းရောင်းသူတဦးက ပြောပါတယ်။

“အခုလောလောဆယ် ဆိုင်တိုင်းဆိုင်တိုင်းက ၁၀ စောင်စီ ယူကြတော့ ချက်ချင်းပြတ်သွားတယ်။ ကျနော်တို့ဆီ ကုန်သွားပြီဆိုတော့ ထပ်ပြီးတော့ မှာတာပေါ့။ ကျနော်တို့ဝယ်ရတာ ၁၁၀ နဲ့ ယူပြီးတော့ ၂၀၀ နဲ့ ရောင်းတယ်။ ၁၅၀ နဲ့ ရောင်းတဲ့အခါကျတော့ ၅၀ က ပြဿနာတက်မယ်။ အခုလောလောဆယ်တော့ average က မျှနေတာပဲ။”

မန္တလေးမြို့မှာတော့ ရန်ကုန်လောက် ၀ယ်မဖတ်ကြဘူးလို့ ထွန်းဦးစာပေဖြန့်ချိရေးပိုင်ရှင် ဦးထွန်းဦးက ပြောပါတယ်။

“မန္တလေးက နဂိုကတည်းက လက်လီဝယ်ဖတ်တဲ့အကျင့် နည်းတယ်။ လပေးယူတာ များတယ်။ လက်လီဝယ်ဖတ်တယ်ဆိုတာ လက်ဖက်ရည်ဆိုင်တွေမှာ ခင်းထားတဲ့ဟာကို ဖတ်တာမျိုး၊ ကိုယ်တိုင် ၀ယ်ဖတ်တာ နည်းတယ်။ လောလောဆယ်တော့ မရသေးဘူး၊ အနည်းဆုံး ၄-၅ လလောက်မှ အဖြေထွက်မှာပဲ။”

မွန်းတည့် ၁၂ နာရီလောက်ထိ သူ့ဖြန့်ချိရေးကို ပြည်ထောင်စုနေ့စဉ်နဲ့ သည်ဗွိုင့်နေ့စဉ်တို့ပဲ ရောက်သေးကြောင်း၊ ပြည်ထောင်စုနေ့စဉ်က စောင်ရေ ၃၅၀ အခမဲ့ဖြန့်ချိဖို့ ရောက်နေပြီး သည်ဗွိုင့်ကတော့ စောင်ရေ ၁၃၀၀ ဖြန့်ထားတယ်လို့ ဆိုပါတယ်။

ရန်ကုန်၊ စမ်းချောင်းက စာဖတ်ပရိသတ်တဦးဖြစ်တဲ့ ကိုအောင်မျိုးထွန်းကလည်း ဒီနေ့ထွက်လာတဲ့ သတင်းစာတွေကို မြည်းစမ်းကြည့်ကြတဲ့သဘောနဲ့ ၀ယ်ကြတာတွေ့ရတယ်လို့ ပြောပါတယ်။ ဈေးနှုန်းကလည်း တစောင် ကျပ် ၂၀၀ ဆိုတော့ ဂျာနယ်တွေထက် သက်သာပြီး ဂျာနယ်ရောင်းသူတွေ ရောင်းရတယ်လို့ ဆိုပါတယ်။

သူ့အနေနဲ့တော့ ဒီနေ့ထွက်လာတဲ့ သတင်းစာ ၄ စောင်ကို သိပ်အားမရသေးဘဲ စောင့်ကြည့်ဦးမယ်လို့ ပြောပါတယ်။

“သတင်းစာပိုင်ရှင်တွေဆိုတာလည်း ဂျာနယ်ထုတ်လာခဲ့တဲ့သူတွေပဲလေ။ သူတို့နဂိုထွက်တဲ့ သူတို့ရဲ့လမ်းကြောင်းကို ကြိုတင် ခန့်မှန်းလို့ရသလို ဖြစ်တာပေါ့။ သို့သော် တကယ်ထွက်လာတဲ့အချိန်၊ ရေးလာတဲ့အချိန်မှာ သူတို့လည်း အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း၊ မှားရင် မှားနေတယ်ဆိုတာ ရဲရဲတင်းတင်း ဝေဖန်ထောက်ပြ ရေးလာနိုင်လား၊ မရေးလာနိုင်ဘူးလား ဆိုတာ ရှေ့ဆက်စောင့်ကြည့်ရမှာပေါ့။”

သည်ဗွိုင့်စ်နေ့စဉ်သတင်းအယ်ဒီတာချုပ် ဦးကျော်မင်းဆွေကတော့ သူတို့မှာ အခက်အခဲတွေနဲ့ စွန့်စားရတာတွေ အများကြီး ရှိတယ်လို့ ပြောပါတယ်။

“မြန်မာပြည်မှာက အခက်အခဲတွေအများကြီး။ နိုင်ငံတကာနဲ့မတူဘူး။ နိုင်ငံတကာက ခင်ဗျားမှာ လုပ်ငန်းခိုင်ခိုင်မာမာရှိတယ်။ ပိုင်ဆိုင်မှုလည်း ရှိတယ်။ လုပ်ငန်းလည်း ပုံမှန်ရှိတယ်ဆိုရင် ဘဏ်တွေကနေ ငွေချေးပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေကို ၁၀၀ ရာခိုင်နှုန်းလုပ်စရာမလိုဘူး။  ဒီနိုင်ငံမှာတော့ အစစအရာရာ ၁၀၀ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံရတယ်။ ကျနော်တို့အခုလုပ်တယ်ဆိုလည်း စက်ဝယ်ဖို့၊ လုပ်ငန်းလုပ်ဖို့ သတင်းစာတိုက်ကြီးတခုဆိုတာ လွယ်တာမဟုတ်ဘူးလေ။ ကျနော်တို့က ရတဲ့အနေအထားနဲ့ ကြုံသလို သွားကြရတာ။ ဥပမာ ပုံနှိပ်စက်ဝယ်မယ်ဆိုရင် ကျနော်တို့ ပိုက်ဆံနဲ့အကုန်ဝယ်ရမှာ။ နိုင်ငံတကာမှာတော့ ချေးငွေနဲ့ဝယ်ရတာ။ ဥပမာ မြေယာပေါ့။ မြေယာဆိုရင် ကျနော်တို့မှာ မရှိဘူး။ ငှားရတယ်။ တခြားနေရာတွေမှာ အဲလိုမဟုတ်ဘူး။ သတင်းစာစတည်ထောင်ကတည်းက အင်အားကြီးကြီးမားမားနဲ့ ရှယ်ယာတွေခေါ်ပြီးလုပ်ကြတယ်။ ဒီမှာတော့ လူတွေက ချက်ချင်းမယုံဘဲနဲ့ စောင့်ကြည့်မယ်ဆိုတာတွေက ရှိသေးတယ်။ အရင်အောင်မြင်အောင် လုပ်ပြရတဲ့ အနေအထားရှိတယ် ဒီမှာရှိတဲ့ လုပ်ငန်းတွေက။ အောင်မြင်လာမှ ရှယ်ယာဝင်ချင်တာတို့၊ ကူညီချင်တာတို့လာတာလေ။ ကျနော်တို့မှာ အဲဒါ ကွာခြားချက် ရှိတယ်။ နောက်တခုက တိုင်းပြည်ရဲ့ နိမ့်ကျနေသေးတဲ့ သယ်ယူပို့ဆောင်ရေးစနစ်၊ အခြေခံအဆောက်အဦအရ တနိုင်ငံလုံးအနှံ့ကို အချိန်နဲ့တပြေးညီဖြန့်ဖို့ဆိုတာ အင်မတန် အခက်အခဲရှိတယ်။”

သည်ဗွိုင့်စ်နေ့စဉ်သတင်းစာကို လောလောဆယ် စာမျက်နှာ ၂၀ ပါ ၁ စောင်ကို ၁၃၀ ကျပ်နဲ့ စောင်ရေ ၂ သောင်းခွဲ ထုတ်ဝေ ဖြန့်ချိ ရောင်းချနေတယ်လို့ ဆိုပါတယ်။

ဒီနေ့ထွက်လာတဲ့ သတင်းစာ ၄ စောင်ထဲ ပြည်ထောင်စုနေ့စဉ် သတင်းစာ ၁ စောင်ပဲ စာမျက်နှာ ၁၂ မျက်နှာနဲ့ ဆိုဒ်ကြီး ထုတ်ဝေလာတာဖြစ်ပြီး ကျန် ၃ စောင်ကတော့ ပုံမှန်ဂျာနယ်ဆိုဒ်နဲ့ စာမျက်နှာ ၂၀ ထုတ်ဝေ ဖြန့်ချိလာကြတာ ဖြစ်ပါတယ်။

ပုဂ္ဂလိကသတင်းစာ ၁၆ စောင် ထုတ်ဝေခွင့်ကျထားတာဖြစ်ပြီး ၄ စောင်ပဲ ဒီနေ့ ထုတ်ဝေလာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ပုဂ္ဂလိက သတင်းစာများ အရောင်းသွက်